News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်မြောက်ပိုင်း အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် လူမှုဘဝလိုအပ်ချက်များ ဖြည့်ဆည်းရေးအဆို ရှုံးနိမ့်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ လူမှုဘဝတိုးတက်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 

အဆိုမှာ “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် လည်းကောင်း၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုဖြစ်ပြီး ဘူးသီးတောင် မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေက ဖေဖော်ဝါရီ ၇ ရက်နေ့က တင်သွင်းထားခြင်းဖြစ်သည်။ 

ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပြီး မဲခွဲရာတွင် ထောက်ခံမဲ ၆၇ မဲ ကန့်ကွက်မဲ ၃၀၄ မဲဖြစ်သောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ 

ထောက်ခံမဲမှာ ၆၇ မဲသာ ရှိနေသောကြောင့် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့်လည်း ကန့်ကွက်သည်ဟု ယူဆနိုင်ကြောင်း ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက The Voice Daily သို့ မှတ်ချက်ပြုပြောကြားသည်။ 

ယင်းအဆိုပါ အချက်အလက်များသည် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေဖြင့်လည်း သုံးစွဲလုပ်ကိုင်နေသည့်အပြင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ ပြည်ထဲရေး၊ နယ်ကြားစောင့်တပ်များဖြင့် ထိန်းသိမ်းလုပ်ဆောင်နေကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် UEHRD အဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က စဉ်ဆက်မပြတ် လုပ်ဆောင်နေသောကြောင်း၊ အစိုးရလုပ်ဆောင်ချက်သည် ဒေသခံပြည်သူ၏ဆန္ဒနှင့် တစ်ထပ်တည်းကျနေကြောင်း၊ ယင်းကိစ္စကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးက လွှတ်တော်သို့ တင်ပြပြောကြားခဲ့သည်။ 

“ဝန်ကြီးကတော့ လုပ်နေပါတယ်ပြောတာပဲ။ ဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့ တထပ်ထဲကြတယ်ပြောတယ်။ ဆိုတော့ တစ်ထပ်တည်းကျနေတယ်ဆိုရင် ကျွန်တော်တို့က ဒီအဆိုကို အတည်ပြုဖို့အတွက်တင်တာ။ ဘာလို့အတည်မပြုတာလဲ။ သူတို့က ဒီလိုလုပ်နေပါတယ် ဆောင်ရွက်နေပါတယ်ဆိုလို့ မပြီးဘူးလေ။ တကယ်ကို မှန်မှန်ကန်ကန် လုပ်ချင်တယ်ဆိုလို့ရှိရင် အတည်ပြုလုပ်ရုံပဲပေါ့”ဟု အဆိုတင်သွင်းသူ ဦးအောင်သောင်းရွှေက The Voice Daily သို့ ပြောဆိုသည်။ 

တည်ပြုလိုက်ပါက နိုင်ငံ့ဘဏ္ဍာငွေအား စနစ်တကျဖြင့် မည်သို့သောစီမံကိန်းနှင့် ဆောင်ရွက်နေသည်ကို လွှတ်တော်မှလည်း သိရှိနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ ၎င်းတို့၏ သဘောဖြင့် မဲခွဲ၍ မှတ်တမ်း တင်လိုက်ခြင်းသည် ဒေသခံပြည်သူက ပြည်သူ့အစိုးရကို ယုံကြည်မှု နည်းပါးစေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ 

ယင်းအဆိုကို မဲခွဲရာတွင် ဦးအောင်သောင်းရွှေ တင်ပြသည့်အတိုင်း USDP ပါတီဝင်ကိုယ်စားလှယ်အနည်းစုနှင့် အင်အားနည်းပါတီဝင်များက ထောက်ခံခဲ့သော်လည်း အဆိုအတည်ပြုရန် ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် မိထ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း က The Voice Daily သို့ ပြောကြားသည်။

“အစိုးရက လုပ်နေတယ်ဆိုပေမယ့် နယ်မြေမတည်ငြိမ်မှုက မြို့အုပ်ချုပ်ရေးမှူး (ပြီးခဲ့သည့်လက အသတ်ခံရပြီးဖြစ်သူ) က သက်သေပြနေတာပဲမလား၊ ကျွန်တော်တို့တစ်ဖွဲ့လုံး ထောက်ခံမဲပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးတွင် အစိုးရအနေနှင့် အထူးဦးစားပေးဆောင်ရွက်နေပြီး လုပ်ဆောင်မှုအင်အားသည် ပြည့်စုံနေသည်ဟု ယူဆသောကြောင့် မှတ်တမ်းအဖြစ်သာထားရှိရန် မဲပေးခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီဝင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက The Voice Daily သို့ ပြောကြားခဲ့သည်။

မဲခွဲဆုံးဖြတ်သည့် ကိစ္စကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို မေးမြန်းခဲ့သော်လည်း မှတ်ချက်ပြု ပြောကြားခြင်းမရှိပေ။ 

S-01



FOLLOW US