News

POST TAGGED AS

ရခိုင်ပြည်နယ်

နေရပ်စွန့်ခွာသူတွေအတွက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်

ဇန်နဝါရီလ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ဒုက္ခသည်စခန်းသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် ပြန်လည်လက်ခံကြတော့မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခင်နှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသွားကြသူများ၏ အရေးသည်လည်း ယခုဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် ငါးလတာကာလ ပြည့်မြောက်တော့မည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် အစိုးရအတွက် ၂၀၁၈ နှစ်ဦးပိုင်းတွင် ကနဦးရင်ဆိုင်ဖြေရှင်းကာ အောင်မြင်အောင်ကျော်လွှားရမည့် စိန်ခေါ်မှုကြီးဖြစ်သကဲ့သို့ နိုင်ငံတကာ၏ ဝေဖန်ထိုးနှက်ချက်များကိုလည်း အလုပ်နှင့်သက်သေပြကာ ပြန်လည်တုံ့ပြန်သွားကြရတော့မည့် ကာလတစ်ခုကိုလည်း ကျရောက်နေချိန်ဖြစ်သည်။

ဘာကိုအခြေခံပြီး လုပ်ကြသလဲ

ထိုသို့ ပြန်လည်လက်ခံရေးကိစ္စများကို ဆောင်ရွက်ကြရခြင်းမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် သဘောတူညီချက်ပါ စာချုပ်ချုပ်ပြီးသည့် ရက်နေ့မှ နှစ်လအကြာတွင် လွှဲပြောင်းလက်ခံရေးကိစ္စများ စတင်ကြရန် သဘောတူညီချက်အရ စတင်ဆောင်ရွက်ကြရခြင်းဖြစ်သည်။ ထိုသူများကို ပြန်လည်လက်ခံရေးအတွက် ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတစ်ခုကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးတွင် ပြန်လည်လက်ခံသည့်အခါတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း Term of Reference ကို နှစ်နိုင်ငံအကြား နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်း၊ ပြန်လည်လက်ခံဖို့လုပ်ငန်းစဉ် Repatriation Process စတင်နိုင်ဖို့အတွက် Physical Arrangement ဟုခေါ်သည့် လက်တွေ့လက်ခံသည့်အခါ လိုက်နာဆောင်ရွက်ရမည့်အချက်တွေကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းခြင်း၊ အလားတူ ပြန်လည်လက်ခံသည့်အခါတွင် ထည့်သွင်းအသုံးပြုရမည့် Verification Form များကို နှစ်ဖက်အကြံပြုချက်များနှင့် အပြန်အလှန် ပေးအပ်ကြခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

ဘယ်လိုလူတွေကို ဦးစားပေးလက်ခံမှာလဲ

ထို့အပြင် နှစ်နိုင်ငံအကြား ညှိနှိုင်းလက်ခံလွှဲပြောင်းရေး ဆောင်ရွက်ရာတွင် ပထမအဆင့်အနေနှင့် တစ်ဖက်နိုင်ငံကို ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ခဲ့သည့် အထောက်အထား အခိုင်အလုံရှိသည့်ပုဂ္ဂိုလ် ၇၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးအပ်ထားကြောင်းလည်း သိရသည်။

ဘယ်လိုလမ်းကြောင်းတွေခွဲပြီး အဆင့်လိုက် ဘယ်လိုနေရာချကြမလဲ

လွှဲပြောင်းလက်ခံရေးလုပ်ငန်းများ စတင်သည်နှင့်တစ်ပြိုင်နက် ကုန်းလမ်းဘက်မှ ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲစခန်းတွင် စိစစ်လက်ခံသွားမည်ဖြစ်ကာ ရေကြောင်းကနေ လာရောက်မည့်သူများကိုမူ ငါးခူရစခန်းတွင် လက်ခံသွားမည်ဟုလည်း သိရသည်။ ထိုသို့ စိစစ်ပြီးသည့်သူများကို လှဖိုးခေါင်စခန်းတွင် ခေတ္တနေရာချထားပေးမည်ဖြစ်ပြီး ထိုစခန်းတွင် ၎င်းတို့အတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ၊ နေထိုင်ရေးအတွက်ပစ္စည်းများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထိုစိစစ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးရုံးအပါအဝင် အခြားဝန်ကြီးဌာနများမှ တာဝန်ရှိဝန်ထမ်းတွေကိုပါ အဆိုပါစခန်းများတွင် တာဝန်ချထားဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဒုက္ခသည်ဦးရေ ဘယ်လောက်အထိရှိပြီး လူတွေကို ဘယ်လိုခွဲခြမ်း စိတ်ဖြာစိစစ်ကြမှာလဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ၏ အရေအတွက်မှာ တစ်သန်းခန့်ပင်ရှိနေကြောင်း သတင်းဌာနများ၏ ဖော်ပြချက်တွင် တွေ့ရသည်။ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် Voluntary Return Process ကို လေ့လာကြည့်ရာတွင် ၎င်းတို့၏ စိတ်ဆန္ဒအရ ပြန်လာလိုသည့်သူများကိုသာ လက်ခံဆောင်ရွက်သွားမှာဖြစ်ပြီး စိစစ်လက်ခံရေးကိစ္စများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သည့် အထောက်အထားများ၊ ပုံစံ ၁၀ လို အထောက်အထားစာရွက်များ၊ ယခင်က ထုတ်ပေးထားသည့် White Card များ၊ NVC ဟုခေါ်သည့် စိစစ်ရေးကတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်များကို ခိုင်ခိုင်လုံလုံ ပြနိုင်မည်ဆိုပါက ပြန်လည်လက်ခံကြမည်ဖြစ်ပြီး မိသားစုနဲ့ကွဲပြီး ဘင်္ဂလားဒေ့ရှ်ဘက်ရောက်သွားသူများ၊ ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇား ဒုက္ခသည်စခန်းတွင်နေစဉ် မွေးဖွားလာသည့်ကလေးများအတွက်မူ ဘင်္ဂလားဒေ့ရှ်တရားရုံးကနေ ထောက်ခံတင်ပြပါက ပြန်လည်လက်ခံဖို့ စဉ်းစားသွားမည်ဖြစ်သည်ဟုဆိုသည်။

အဖွဲ့တွေ ဘယ်လိုဖွဲ့ထားသလဲ

ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ Joint Working Group ဟုခေါ်သည့် နှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ကြီး၏အောက်တွင် ရခိုင်ပြည်နယ်အစိုးရ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပုဂ္ဂိုလ်များပါဝင်သည့် Technical Working Group လုပ်ငန်းအဖွဲ့ကို ထပ်မံဖွဲ့စည်းထားကြောင်း တွေ့ရသည်။

တစ်ရက်ကို ဘယ်လောက်လက်ခံကြမလဲ

စိစစ်လက်ခံရေး ဆောင်ရွက်ကြရာတွင် ရက်ကန့်သတ်ချက်မထားရှိဘဲ တစ်ပတ်ကို ငါးရက် ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး တစ်ရက်လျှင် စခန်းတစ်ခုတွင် ၁၅၀ ဦးဖြင့် စခန်းနှစ်ခုဖြစ်၍ ၃၀၀ ဦးကို စတင်လက်ခံသွားကြမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားတွေရဲ့ အဖျက်အမှောင့်လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ဘယ်လိုစီမံထားသလဲ

ARSA အကြမ်းဖက်သမားများမှ ထိုလွှဲပြောင်းလက်ခံရေးကိစ္စများကို နှောင့်ယှက်ဖျက်ဆီးမည်ဟု သတင်းရထားမှုများ ရှိနေသဖြင့် ပြီးခဲ့သည့်လတွင် Border Guard Police အဆင့် ဗဟိုကော်မတီအဆင့် အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အကြမ်းဖက်သမား ၁၀၀၀ ကျော်၏ အမည်စာရင်းနှင့် အချက်အလက်ဓာတ်ပုံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားရှိခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ဇန်နဝါရီလ ၁၈ ရက်နေ့မှစကာ နိုင်ငံပိုင်သတင်းစာများတွင်လည်း အဆိုပါ ARSA အကြမ်းဖက်သောင်းကျန်းသူများ၏ ဓာတ်ပုံများကို တစ်ရက်လျှင် ၂၄၀ ဦးနှုန်းဖြင့် နေ့စဉ် ဆက်လက်ဖော်ပြကြော်ငြာနေသည်ကိုလည်း တွေ့ရပါသည်။ ထိုအစွန်းရောက် အကြမ်းဖက်သောင်းကျန်းသူများကို ဖမ်းဆီးရမိရေးအတွက် လိုအပ်သည့်အရေးယူဆောင်ရွက်မှု များပြုလုပ်ပေးရန်၊ ဖမ်းဆီးရမိပါကလည်း ပြန်လည်လွှဲပြောင်းပေးရန် နှစ်နိုင်ငံ ညှိနှိုင်းထားကြောင်းသိရပြီး နယ်စပ်ဒေသတစ်လျှောက်တွင်လည်း Coordinate Patrol နှစ်ဖက်ပူးပေါင်းပြီး ကင်းလှည့်ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဟုလည်း ကြားသိရသည်။

နိုင်ငံတကာက ဘယ်လိုဖိအားတွေ ပေးနေတုံးလဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံရာတွင် ၎င်းတို့၏ဆန္ဒအတိုင်း လိုက်လျောပေးဖို့၊ နေရပ်ပြန်မပို့ခင် ရခိုင်ပြည်နယ်ထဲက သူတို့နေထိုင်ခဲ့တဲ့ဒေသတွေရဲ့ အခြေအနေတွေကို သူတို့သိအောင်ပြောပြပေးဖို့နဲ့ ကုလသမဂ္ဂက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ပြောခွင့်ရသူ “အန်ဒရေ မဟက်ဆစ်ခ်” (Andrej Mahecic) က ဂျနီဗာမှာပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်ကိုလည်း ကြားမိခဲ့ရသည်။

အချိန်ကာလ ဘယ်လိုသတ်မှတ်ထားသလဲ

မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းစိစစ်လက်ခံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် ၂ နှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံကြမည့် လုပ်ငန်းစဉ်ကြီးသည် အထက်တွင် တင်ပြခဲ့သည့်အဆင့်များ၊ ကြိုတင်စီမံထားသည့် ဆောင်ရွက်ချက်များကိုကြည့်လျှင် လွယ်မည်ဟု ထင်ရကောင်းထင်ရနိုင်သော်လည်း အမှန်တကယ်လက်တွေ့တွင်မူ အစိုးရအတွက် မမျှော်လင့်နိုင်သည့် စိန်ခေါ်မှုအများအပြားလည်း ကြုံတွေ့ကြရမည်မှာ မလွဲပေ။ တစ်ဖက်နိုင်ငံအနေနှင့်လည်း မြန်မာနိုင်ငံမှ ပေးပို့ထားသည့်ပုံစံများကို နေရပ်စွန့်ခွာသူများထံမှ စာရင်းကောက်ကာ အထောက်အထားခိုင်လုံစွာဖြင့် ဖြည့်စွက်ပေးပို့ရမည့်တာဝန်၊ အသုတ်လိုက် လွှဲပြောင်းပေးရမည့် လူအုပ်စုဦးစားပေးအစီအစဉ်များ၊ ပို့ဆောင်ပေးရမည့် သယ်ယူပို့ဆောင်ရေး ခရီးစဉ်များအားလုံးအတွက်ပါ အသေအချာ စိစစ်ကြရတော့မည်ဖြစ်သည်။

ထို့ပြင် အရေးအကြီးဆုံးအချက်တစ်ချက်မှာ မြန်မာနိုင်ငံက အချက်အလက် ဓာတ်ပုံအထောက်အထားခိုင်လုံစွာဖြင့် ပေးပို့ထားပြီးသားဖြစ်သည့် ARSA အစွန်းရောက်အကြမ်းဖက်သမားများကို စုံစမ်းထောက်လှမ်းဖမ်းဆီးကာ ပြန်လည်လွှဲပြောင်းပေးရေးကိစ္စဖြစ်ရာ ထိုအရေးအတွက် အမှန်တကယ် လက်တွေ့မြေပြင်တွင် ဆောင်ရွက်ကြရာတွင် မည်သို့မည်ပုံ အခက်အခဲများ ကြုံလာနိုင်မည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ သို့အတွက် ကျွန်ုပ်တို့ နိုင်ငံသားများအနေနှင့်လည်း ထိုနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စအရေးအပေါ် အထူးအာရုံစိုက်ကာ စိတ်ဝင်တစား လေ့လာထားကြရမှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ 

အောင်ဇေယျ



FOLLOW US