News

POST TAGGED AS

ရခိုင်ပြည်နယ်

ဒေါက်တာအေးမောင်ကို ANP ပါတီ ဥပဒေဘောင်အတွင်းက ကူညီမည်

စစ်တွေ၊ ဇန်နဝါရီ ၂၀ 

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ဥပဒေဘောင်အတွင်းမှနေ၍ ကူညီပေးသွားမည်ဖြစ်ကြောင်း ယင်းပါတီ ဒုဥက္ကဋ္ဌ - ၂ ဒေါ်အေးနုစိန်က ပြောကြားသည်။

“ပါတီကနေ နုတ်ထွက်ခွင့် မပေးသေးတဲ့ ဥက္ကဋ္ဌတစ်ယောက်ကို ကိုယ်တို့ပါတီက စဉ်းစားခွင့် ပေးထားတဲ့အချိန်လည်းဖြစ်တယ်။ အဲဒီအတွက် ဥပဒေဘောင်ထဲက ကူညီဆောင်ရွက်လို့ရတာကို ကူညီဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်သည် ပါတီဝင်အဖြစ်မှလည်းကောင်း၊ တာဝန်မှလည်းကောင်း နုတ်ထွက်ခွင့် တင်ထားသော်လည်း ပါတီ ကနုတ်ထွက်ခွင့် မပြုသေးဘဲ ရပ်ဆိုင်းထားကြောင်း၊ ၎င်းကိုဖမ်းဆီး အမှုဖွင့်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက ရခိုင်အမျိုးသားပါတီကို တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိကြောင်းလည်း ဒေါ်အေးနုစိန်က ထပ်မံ ပြောဆိုသည်။

ဒေါက်တာအေးမောင်သည် အမျိုးသား နိုင်ငံရေးနှင့်ပတ်သက်၍ အသိအမှတ်ပြုခြင်းခံထားသူ တစ်ဦးအနေဖြင့် စိတ်လိုက် မာန်ပါ ပြောဆိုခြင်းများရှိနိုင်ကြောင်း စာပေဟောပြောပွဲတွင် သာမက လွှတ်တော်၌လည်း ပြောဆိုမှုများရှိကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ၎င်းက ရှင်းပြသည်။ 

“အဲဒီဟောပြောပွဲကြောင့် ဥပဒေအရ အရေးယူတယ်ဆိုတာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပြောရဲဆိုရဲသတ္တိတွေ ပြောလာဆိုလာမဲ့စကားတွေကို ရိုက်ချိုးလိုတယ်လို့ မြင်တယ်။ အကြောက်တရားတွေအောက်မှာ ပြားပြားဝပ်နေအောင် အညွန့်ချိုးလိုက်တာလို့မြင်တယ်”ဟု ဒေါ်အေးနုစိန်က ထပ်လောင်း ပြောကြားသည်။

ယခုလ ၁၅ ရက်နေ့ ညနေပိုင်အချိန် ရသေ့တောင်မြို့တွင်ပြုလုပ်သည့် “လလည်း ကွယ်၊ ပြည်လည်း ဆုံး”ခေါင်းစဉ်ဖြင့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ နိုင်ငံတော်အစိုးရကို ဆန့်ကျင်သော အသုံးနှုန်း၊ မတရားအသင်းအဖြစ် ကြေညာထားသောအဖွဲ့ကို အားပေးသော အသုံးအနှုန်းများ ဟောပြောခဲ့သောကြောင့် ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ စစ်တွေမြို့ရှိနေအိမ်တွင်ပင် ဒေါက်တာအေးမောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားကာ ရာဇတ်သတ်ကြီး ဥပေဒပုဒ်မ ၁၇ (၁)၊ (၂) တို့ဖြင့် သီတင်းပတ် နှစ်ပတ်အထိ ချုပ်ရမန်ယူထားသည်။

ထို့အပြင် ဒေါက်တာအေးမောင်နှင့်အတူ ဟောပြောခဲ့သော လူငယ်စာရေးဆရာ ဦးဝေဟင်အောင်ကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ ၁၇(၁) တို့ဖြင့် ဖမ်းဆီးကာ အမှုဖွင့်ထားသည်။ 

R-22



FOLLOW US