News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်တွေ့ဆုံခြင်း
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက် သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်အစိုးရက လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန်နှင့် UN လက်အောက်ခံအဖွဲ့များ၏ လုပ်ဆောင်ချက်များ စိစစ်ရန်တို့ကို စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ အကြမ်းဖက် သတ်ဖြတ်ခံနေရသည့် အခြေအနေများကြောင့် ဒေသခံ ပြည်သူများကလည်း ပြည်သူစစ် ဖွဲ့စည်းပေးရန် တောင်းဆိုထားသည်။ ယင်းကြောင့် အဆိုပါကိစ္စများကို သိရှိနိုင်စေရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို The Voice က ဆက်သွယ်မေးမြန်း၍ ဖော်ပြအပ်ပါသည်။

Voice : လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေမှာရှိတဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအပေါ် အစိုးရက ဆောင်ရွက်နေတဲ့ အခြေအနေ သိလိုပါတယ်ခင်ဗျ။
UTMS : လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အတိအကျ ဘယ်နေရာမှာ ဘယ်လိုလုပ်တယ် ဆိုပြီးတော့ လုံခြုံရေးကိစ္စဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြောလို့မရဘူး။ မောင်တောနယ်မြေနဲ့ ပတ်သက်ပြီးတော့ လတ်တလော စိုးရိမ်ပူပန်မှုတွေကို ဝန်ကြီးချုပ်ကြီး ခရီးစဉ်မှာ ပြောတဲ့ကိစ္စတွေအပေါ် ယနေ့ ကြေညာချက်လည်း ထုတ်ထားတယ်။ အဲဒီမှာ အပြည့်အစုံ ပါဝင်ပါတယ်။ ဒေသခံ ရွာသားတွေအတွက် လုံခြုံရေး လိုအပ်တဲ့ ရွာသုံးရွာကို ရဲစခန်းတွေကို ချက်ချင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ တပ်မတော်ကလည်း လုံခြုံရေး အစောင့်အရှောက်တွေအတွက် စီမံဆောင်ရွက်နေပါပြီ။

Voice : ပြီးခဲ့တဲ့ရက်ပိုင်းက ကိုင်းကြီးကျေးရွာမှာ အကြမ်းဖက်တွေရဲ့ လက်ချက်ကြောင့် ဒေသခံရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးခဲ့တယ်။ အဲဒီဒေသမှာ ပြည်နယ်အစိုးရက လက်ရှိရဲစခန်းတွေ တည်ဆောက်ပေးထားပြီးဖြစ်တော့ လုံခြုံရေးက လုံလောက်တဲ့ အခြေအနေမှာ ရှိနေလားခင်ဗျ။
UTMS : လုံခြုံရေးကိစ္စဖြစ်တယ်။ လုံခြုံရေးကြောင့် ကျွန်တော် ဖြေလို့မရဘူး ခင်ဗျ။

Voice : လက်ရှိ အကြမ်းဖက် နယ်မြေ ဖြစ်ပေါ်နေတဲ့ နေရာတွေကို အစိုးရက လုံခြုံရေး အပြည့်အဝ ပေးနိုင်ပြီလို့ ပြောနိုင်လားခင်ဗျ။
UTMS : ရွာသားတွေက အဲဒီနေရာမှာ လုံခြုံရေး ထားပေးပါ။ သူတို့ကနေရဲတယ်။ စားပင် သီးပင်တွေလည်း ရှိနေတယ်။ သူတို့က လုံခြုံရေးပဲပေးပါ ပြောတဲ့အခါ ကျွန်တော်တို့က လုံခြုံရေး ရဲစခန်းတွေထားဖို့အတွက် ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပြီးပြီ။ စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ လုံခြုံရေး အဖွဲ့ဝင်တွေ အကုန် နေရာအနှံ့အပြားမှာ ရှိနေတယ်လို့ ပြောလို့ရပါပြီ။

Voice : ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ရခိုင်တိုင်းရင်းသားဒေသခံတွေက ကာကွယ်ဖို့ ပြည်ထောင်စု အစိုးရထံ ပြည်သူ့စစ် ဖွဲ့စည်းပေးဖို့ တင်ပြထားတာ ရှိတယ်။ အဲဒီအခြေအနေက ဖြစ်လာနိုင်တဲ့ အခြေအနေရှိလား။ ဆရာတို့ကကော ဘယ်လို စဉ်းစားထားလဲ။
UTMS : ဒီနေရာမှာ ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတာက တော်တော်လေးကို ဘယ်လိုခေါ်မလဲ လူထုတွေကတော့ သူ့တို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ ပြည်သူ့စစ် ဖွဲ့စည်းပေးဖို့ တောင်းဆိုကြတယ်။ ဒီအချိန်မှာ အခုဖြစ်နေတဲ့ ပြဿနာက နှစ်ဖက် အဖွဲ့အစည်းကြားထဲမှာ ဖြစ်နေတဲ့ကိစ္စ။ သူတို့ကို လက်နက်တပ်ဆင် ဖွဲ့စည်းလိုက်မယ်ဆိုရင် တစ်ဖက်က ဘင်္ဂါလီတွေဘက်ကလည်း သူတို့ နိုင်ငံတကာအမြင်မှာ လူမျိုးတုံး သတ်ဖြတ်မှုပေါ့၊ တစ်ဖက်က လုံခြုံရေးတွေဘက်ကလည်း ဖိနှိပ်ထားပါတယ်။ ဒေသခံတွေကိုလည်း လက်နက်တွေ တပ်ဆင်ပေးထားပါတယ်ဆိုရင် တိုင်းရင်းသား ဒေသခံတွေကလည်း ပူးပေါင်း ပါဝင်လာတယ်ဆိုရင် သူတို့ စွပ်စွဲချက်တွေရဲ့ ကျော့ကွင်းထဲကို ကျွန်တော်တို့ ဝင်သွားမှာ။ အဓိကတော့ လုံခြုံရေးရှိအောင် ဆောင်ရွက်ပေးဖို့ပဲ။ လုံခြုံရေးကို ပြည်သူတွေရဲ့ လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပြီးတော့ ပြည်နယ် အစိုးရအဖွဲ့ အားလုံးက အလေးအနက် ထားပြီးတော့ ဆောင်ရွက်နေပါတယ်။ ပြည်နယ်အဆင့် သာမက နိုင်ငံတော်အဆင့်ကပါ ဒီကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေပါတယ်။

Voice : ရခိုင်တိုင်းရင်းသားတွေက နိုင်ငံတကာ အဖွဲ့တွေ ထွက်ခွာဖို့ ပြည်ထောင်စု အစိုးရထံ တောင်းဆိုထားတယ်။ ပြီးတော့ အဲဒီအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေက ပြည်နယ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ရမယ်ဆိုပြီး ထုတ်ပြန်ထားတော့ မြေပြင်မှာ ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်နေလဲခင်ဗျ။
UTMS : ဒီကိစ္စက စည်းကမ်းမှာ ယခင်ကတည်းက ရှိပါတယ်။ နိုင်ငံတကာအဖွဲ့တွေက ပြည်နယ်တစ်ခုကို ဝင်ရောက် လုပ်ကိုင်ခွင့်ရနိုင်ဖို့ အရမ်း ဝင်လာလို့မရဘူး။ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ MoU ရေးထိုရတယ်။ အဲဒီမှာ နိုင်ငံတကာအဖွဲ့တွေက ဘယ်လုပ်ငန်းတွေကို လုပ်ကိုင်မယ်၊ ဘယ်နေရာမှာလုပ်မယ် အတိအကျ ဖော်ပြရတာပေါ့။ MoU တွေ ရေးထိုးပြီးမှ ပြည်နယ်တွေကို ရောက်လာကြတာ ဖြစ်တယ်။ အခုဖြစ်တာက သူတို့က ဒီနယ်မြေတွေကို ရောက်လာတဲ့အခါ MoU လုပ်ငန်းတွေပါ အပြင် အပိုလုပ်ငန်းတွေ လုပ်ကြတယ်။ မဆိုင်တဲ့နေရာတွေကို သွားတယ်။ MoU မှာမပါတဲ့ အလုပ်တွေကို လုပ်တယ်။ ပြီးတော့ ဆန်းစစ်ချက် ကောက်နုတ်ချက်တွေ လုပ်တယ်။ ပြီးတော့ ကမ္ဘာကိုဖြန့်တယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို ခွင့်ပြုမယ်။ သို့သော် MoU ပါ ကိစ္စရပ်တွေအတိုင်း ဆောင်ရွက်ရမှယ်။ MoU အတိုင်း ကျွန်တော်တို့ စစ်ဆေးမယ်။ နောက်ပြီး ဒီကို လာမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ အကြောင်းကြားစာ ပေးတာပေါ့။ ဘယ်အဖွဲ့အစည်းကို ဘယ်လိုလုပ်ငန်း ဆောင်ရွက်ဖို့အတွက် စေလွှတ်လိုက်တယ် စသဖြင့် အကြောင်းကြားစာပေါ့။ ဒါတွေကို စိစစ်ပြီးတော့မှ ကျွန်တော်တို့က ခွင့်ပြုပေးမှာဖြစ်တယ်။

Voice : နိုင်ငံတကာအဖွဲ့တွေက MoU အတိုင်း ဆောင်ရွက်ခြင်း မရှိတာကို ဘယ်လိုကိစ္စတွေမှာ ဆရာတို့အနေနဲ့ တွေ့မြင်ရလဲခင်ဗျ။
UTMS : အခုဆိုရင် UN လက်အောက်ခံအဖွဲ့ကနေ ရေးလိုက်တဲ့ အစီရင်ခံစာတစ်စောင်မှာ မောင်တောဒေသမှာ ကလေးသူငယ် ရှစ်သောင်းလောက်က အာဟာရချို့တဲ့သော ရောဂါ ဖြစ်နေတယ်။ လူဦးရေ သိန်းနဲ့ချီပြီး အာဟာရ ပြတ်တောက်တဲ့ အခြေအနေ ရှိနေတယ်ဆိုပြီး အစီရင်ခံစာတွေက တစ်ကမ္ဘာလုံးမှာ ပျံ့နှံနေတယ်။ ပြီးတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အထိ အစီရင်ခံစာတွေ တင်သွင်းတယ်။ ကုလသမဂ္ဂအထိ ဒီအစီရင်ခံစာတွေ သွင်းတယ်ဆိုရင် ဒီကိစ္စတွေက ကျွန်တော်တို့က ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါတွေက လျစ်လျူရှုထားလို့ မရဘူး။ UN အဖွဲ့အစည်းတွေက တင်သွင်းတဲ့ဟာတွေက ဖြေရှင်းရမည့်ကိစ္စတွေ ဖြစ်လာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မြေပြင်မှာ တကယ်ဖြစ်သလားဆိုရင် လုံးဝ မဖြစ်ဘူး။ လုံးဝကို လွဲနေတယ်။ သူတို့လည်း ရောက်ခဲ့ပြီးပြီ။ သူတို့တွေ သွားရောက် စစ်ဆေးတဲ့အခါမှာလည်း ဆန်းစစ်ချက်တွေ ကောက်မယ်ဆိုရင်လည်း ဗဟိုကို တင်ပြရမယ်။ ဘယ်လို အချက်အလက်တွေ ကောက်မယ်ဆိုတာ အဆင့်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ် ညှိနှိုင်းရတယ်။ ပြီးတော့မှ ဒီလို ထုတ်ပြန်ချက်တွေ လုပ်ရတာ။ ဒီလို ကျင့်ဝတ်တွေကိုလည်း သူတို့ မလိုက်နာဘူး။ မြေပြင်မှာ သူတို့ တကယ်သွားရောက် တိုင်းတာခဲ့လား။ ခုနက ပြောခဲ့တဲ့ အာဟာရချို့တဲ့မှု ကိစ္စဆို ရင် တစ်ယောက်ချင်းကို ကိုယ်အလေးအချိန်တွေ တိုင်းတာရမယ်။ ဒါတွေကို တိုင်းတာချင်းမရှိဘဲ အာဟာရ ချို့တဲ့နေပါတယ်ဆိုပြီး ထုတ်ပြန်တဲ့အခါ ဒီလိုပြရုပ် တွေက နိုင်ငံတကာမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် တော်တော်ဆိုးရွားနေတဲ့ တိုင်းပြည်တစ်ခု လူ့အခွင့် အရေး အလွန်ဆိုးရွားတဲ့ တိုင်းပြည် မျိုးတုံးသတ်ဖြတ်မှု တွေ ရှိတဲ့ တိုင်းပြည်ဆိုပြီး နိုင်ငံတကာမြင်ကွင်းမှာ ဒီလိုပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်ပေါ် နေတဲ့အတွက် ဒီလိုအဖွဲ့အစည်းတွေကို စည်းကမ်း တကျဖြစ်ဖို့ တစ်ဖက်က ထိန်းချုပ်သလို အခုလိုပဲ စိစစ်ချက်မရှိဘဲ ရေးသားဖော်ပြတဲ့ အရာတွေကိုလည်း ရေးသားတဲ့အဖွဲ့က တာဝန်ယူရမှာဖြစ်တယ်။ သူတို့ တာဝန်ခံပြီး ဖြေရှင်းရမှာဖြစ်တယ်။

Voice : ထပ်ပြီးမေးခွင့်ပြုပါ။ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်ရေးလက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတော့ သူတို့က လက်ခံပါမလား။ ယခင်ကလည်း ဒီလို စီမံချက် လုပ်ခဲ့တယ်။ သူတို့က လက်မခံတော့ စီမံကိန်း ပျက်သွားတဲ့ သာဓကလည်းရှိခဲ့တယ်။ ဘယ်လို ပြင်ဆင်ထားလဲ။
UTMS : ဥပဒေဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ ဒီနိုင်ငံမှာနေတယ်ဆိုရင် ဒီနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေလိုက်နာရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာနေသည်ဖြစ်စေ အခြားသော နိုင်ငံမှာနေသည်ဖြစ်စေ နိုင်ငံတစ်ခုရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေကို အဲ့ဒီနိုင်ငံမှာ နေထိုင်သူ အားလုံးက လိုက်နာရမှာ ဖြစ်တယ်။ သူတို့ လိုက်နာတာတွေ မလိုက်နာတာတွေ ဒါတွေက သူတို့အပိုင်းပါ။ ဒီနိုင်ငံမှာနေမယ်ဆိုရင် ဒီဥပဒေကို လိုက်နာမယ်ဆိုရင် နေလို့ရမယ်။ ဥပဒေတွေကို မလိုက်နာဘူးဆိုရင် ဥပဒေမှာ ပြဋ္ဌာန်းချက်အတိုင်း အရေးယူခြင်း ခံရမှာ ဖြစ်တယ်။

Voice : ဆရာတို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေအတွက် ရခိုင်ပြည်နယ် လူထုကို ဘယ်လိုပြောချင်လဲခင်ဗျ။
UTMS : လုံခြုံရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ မှန်ပါတယ် ကိုယ်ချင်းလည်းစာပါတယ်။ ဒါပေမဲ့ မလွန်ကဲဖို့ လိုပါတယ်။ သူတို့ရဲ့ ရည်ရွက်ချက်က ဘင်္ဂါလီတွေရဲ့ ရည်ရွယ်ချက်က ကြောက်လန့်အောင် လုပ်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နယ်မြေက ဆုတ်ခွာသွားအောင် လုပ်နေတာ။ ဒါက သူတို့ရဲ့ ရည်ရွယ်ချက်ပါ။ တိုင်းရင်းသားတွေက ကြောက်လန့်ပြီး နယ်မြေကနေ စွန့်ခွာသွားပြီဆိုရင် ကျွန်တော်တို့ နယ်မြေတွေ သူတို့လက်ထဲကို ရောက်သွားပြီဆိုရင် ဆုံးရှုံးမှုတွေကများမှာ ဖြစ်ပါတယ်။ အဲဒါမို့ စိုးရိမ်မှု နယ်မြေစွန့်ခွာမှုတွေကို မလုပ်ကြဖို့ လိုပါတယ်။ နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်နယ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အားလုံးက ဆောင်ရွက်နေပါတယ်။ အခုဆိုရင် အရင်ကထက် ပိုလုံခြုံရေးတိုးမြှင့်ပြီး ဆောင်ရွက်နေတယ်။ အဓိက လိုအပ်တာက ပေါင်းစပ်ညှိနှိုင်းဖို့လိုတယ်။ တပ်မတော်မှာလည်း တပ်မတော်အင်အား ရှိတယ်။ ရဲမှာလည်း ရဲအင်အား ရှိတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာလည်း အင်အားရှိတယ်။ သို့သော် ကျွန်တော်တို့တွေ ပေါင်းစပ်ညှိနှိုင်းဖို့ လိုတယ်။ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ သတင်းလိုတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကနေပြီးတော့ ပူးပေါင်းပါဝင်ပြီး သတင်းပေးကြပါ။ ပူးပေါင်းကြပါ။ လုံခြုံရေး အဖွဲ့ဝင်တွေကို သတင်းပေးမယ်ဆိုရင် အားလုံးက ချိတ်ဆက်မိ ဟန်ချက်ညီပြီး ပြည်နယ်တစ်ခုလုံးအတွက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်။

ကျော်စိုးဦး



FOLLOW US