News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာ အဖွဲ့များကို ပြည်နယ်အစိုးရ ကြီးကြပ်မည်
ရန်ကုန်၊ ဩဂုတ် ၈

ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရခိုင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ ဩဂုတ်လ ၈ ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ အရေးပေါ် အစည်းအဝေးကို ဩဂုတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်ကို ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးသည် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်ကို ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ စိစစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု ဖြစ်တာက သူတို့က ဒီနယ်မြေတွေကို ရောက်လာတဲ့အခါ MoU ပါ လုပ်ငန်းတွေအပြင် အပိုလုပ်ငန်းတွေ လုပ်ကြတယ်။ မဆိုင်တဲ့နေရာတွေကို သွားတယ်။ MoU မှာ မပါတဲ့ အလုပ်တွေကို လုပ်တယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

ထို့အပြင် ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်သူများကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ နိုင်ငံသား စိစစ်ရေးလက်မှတ် ပြုလုပ်ရန် အကောင်ထည်ဖော် ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

အလားတူ မောင်တောတောင်ပိုင်း၌ ကိုင်းကြီး ကျေးရွာသားများကို အကြမ်းဖက် အဖွဲ့များမှ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအပေါ် ပြည်နယ် အစိုးရမှ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပြီး ယင်းဒေသ၌ ရဲကင်း ဖွင့်လှစ်ထားနိုင်ရန် ဆောင်ရွက်ထားပြီး၊ ထပ်မံ၍ ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာ၊ ပိထောက်မြိုင်ရွာ၊ ပြည်ရှည်ရွာ၊ ပေါက်ပင်ရင်းရွာ စသည့် ဒေသများကို ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များ ဝင်ရောက်လာခြင်းကြောင့် လက်ရှိအချိန်၌ ယင်းဒေသကို တပ်မတော်၊ နယ်ခြားစောင့်ရဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားများကို တိုးမြှင့်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ယင်းနယ်မြေများတွင် သတင်းထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လျှင် ပြည်သူလူထုအနေနှင့် လုံခြုံရေး တပ်ဖွဲ့များထံ ဆက်သွယ် သတင်းပေးရန် ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်က ပြုလုပ်ခဲ့သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင်လည်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ 

J-07



FOLLOW US