News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် ကျောင်းအုပ်ကြီးများပါ စာသင်ရမည်
ရန်ကုန်၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ် ပညာရေးမြင့်မားရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ၏ အတန်းချိန်မှန်ရေးအတွက် ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများ အနေနှင့် တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် စာဝင်ရောက်သင်ကြားရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများ စာသင်ရန် ပြည်နယ် ပညာရေးမှူး၏ လက်မှတ်ဖြင့် ဇူလိုင်လ ၂၆ ရက်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းညွှန်ကြားချက်တွင် ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေး၊ တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ အခြေခံ ပညာကျောင်းများရှိ ကျောင်းသား/သူများ၏ အကျင့်စာရိတ္တ တိုးတက်ကောင်းမွန်စေရေး၊ ကျောင်းတက်ချိန် မှန်ကန်မှု ရှိစေရေးအတွက် ကျောင်းအုပ်များက မိမိ၏ကျောင်းတွင် ကျွမ်းကျင်ရာ ဘာသာရပ်တစ်ခုကို တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် ဝင်ရောက် သင်ကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်တစ်ပြည်နယ် တစ်ခုလုံးတွင် စာသင်ကျောင်းပေါင်း ၃၀ဝ၀ ကျော်ရှိပြီး ဆရာဦးရေ နည်းပါးခြင်းကြောင့် ယင်းစာသင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများက စာသင်ကြားမည်ဆိုပါက ဆရာဦးရေ တိုးပွားလာပြီး ပညာရေးမြှင့်တင်ရေးအတွက် အထောက်အပံ့ ဖြစ်နိုင်ကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

“အောင်ချက်မြင့်မားရေး အတွက်ကတော့ စီမံချက်တွေ ဘာတွေ ဆွဲပြီးတော့ တစ်နိုင်တစ်ပိုင်တော့ လုပ်မှာပါ။ ကျွန်တော်တို့မှာ ဆရာဦးရေ နည်းတယ်။ ကျောင်းအုပ်ကြီးတွေ စာသင်လိုက်ရင် ဆရာ သုံးထောင်ကျော် တိုးလာတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းညွှန်ကြားချက်တွင် ကျောင်းအုပ်ကြီးများအနေနှင့် ၎င်းတို့၏ သင်ကြားမှု မှတ်တမ်းများကို စနစ်တကျ ထားရှိကာ သက်ဆိုင်ရာ ကြီးကြပ်အကဲဖြတ်အဖွဲ့များ လာရောက် စစ်ဆေးပါက တင်ပြရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက အရေးယူခံရမည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် သတိပေးထားသည်။

လက်ရှိ ရခိုင်တစ်ပြည်နယ်လုံးတွင် အမှုထမ်းနေသည့် ဆရာ၊ ဆရာမပေါင်း သုံးသောင်းကျော်ရှိပြီး ယခင်ကလည်း ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက မိမိတို့သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာသင်ကြားပေးမှုများ ရှိကြောင်း ပြည်နယ် ပညာရေးမှူးထံမှ သိရသည်။

J-09



FOLLOW US