News

POST TAGGED AS

ရခိုင်ပြည်နယ်လွှတ်တော်

မေယုအက်ဖ်အမ်ကိစ္စ ရခိုင်လွှတ်တော်တွင် အရေးကြီးအဆိုတင်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနီးတစ်ဝိုက်၌ မေယုအက်ဖ်အမ် ထုတ်လွှင့်ရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိစ္စရပ်များကို လူထုဆန္ဒနှင့်အညီ ရပ်ဆိုင်းရန် ပြည်နယ်လွှတ်တော်၌ ရခိုင်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က အရေးကြီးအဆို တင်သွားမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

မေယုအက်ဖ်အမ် အမည်ဖြင့် အဆိုပါ ဒေသများတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ မြန်မာဘာသာစကား၊ ရခိုင်ဘာသာစကားနှင့် ဘင်္ဂါလီ ဘာသာစကားကို စမ်းသပ်ထုတ်လွှင့်လျက် ရှိပြီး ထိုသို့ စမ်းသပ်ထုတ်လွှင့်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းကို ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့များ စုပေါင်း၍ ပြည်နယ်တစ်ခုလုံး ဆန္ဒထုတ်ဖော်ရန် စီစဉ်လျက်ရှိကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။ အလားတူ ရပ်နားထားသော ရခိုင်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်လည်စတင်မည် ဖြစ်သည်။

“ကျွန်တော်တို့က လွှတ်တော်မှာ မေးမြန်းမည့်ကိစ္စကို ထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ ပြည်နယ်လွှတ်တော်မှာ မေးသွားဖို့ ရှိတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ နေထိုင်သော ဒေသများကို ဘင်္ဂါလီ ဘာသာစကား အသံလွှင့်ရန် ဆောင်ရွက်နေခြင်းသည် အခြားသော တိုင်းရင်းသားများအပေါ် စော်ကားရာ ရောက်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဘာသာ ထုတ်လွှင့်ရန် ဆောင်ရွက်နေခြင်းကို ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ သဘောထားကို ရယူရန် လိုအပ်ကြောင်း မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက ပြောသည်။
“တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားကို အစိုးရက ရယူသင့်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ အစိုးရဆန္ဒ တစ်ခုတည်းနဲ့ ဆောင်ရွက်ခွင့် မရှိပါဘူး” ဟု ဦးနိုင်ငွေသိမ်းက ပြောသည်။
                   
J-07



FOLLOW US