News

POST TAGGED AS

ရခိုင်ပြည်နယ်လွှတ်တော်

လစ်လပ်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ဝင်ရွေးခဲ့သော ဦးမြသန်းကို ရခိုင်အမျိုးသားပါတီ အရေးယူမည်

ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်အမျိုးသား ပါတီ၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သော ဦးမြသန်းကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ် လစ်လပ် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ တာဝန်အပ်နှင်းရန် ရွေးချယ်ပွဲကို ဇူလိုင်လ ၁၄ ရက်တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ကျင်းပခဲ့သည်။

ယင်းရွေးချယ်ပွဲတွင် ရခိုင်အမျိုးသားပါတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် ရွေးချယ်ခံခဲ့သော မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းသည် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

“ဦးမြသန်းကို စစ်ဆေးမေးမြန်းမယ်။ ထင်ရှားရင် ပါတီပုံရိပ် ထိခိုက်မှု ပါတီစည်းကမ်း ကျူးလွန်မှုတွေအတွက် ပြင်းထန်စွာ အရေးယူသွားမှာပါ”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီသည် လစ်လပ် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအတွက် ပါတီတွင်း ရွေးချယ်မှုကို ပြုလုပ်ရာ မြေပုံမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဦးအောင်ဝင်းအား ရွေးချယ်ခဲ့သည်။

ထိုနောက် ဇူလိုင်လ ၁၄ ရက်၌ ပြည်နယ်လွှတ်တော်၌ ရွေးချယ်မှုပြုလုပ်ရာတွင် မြေပုံမြို့အမှတ် (၁)ကိုယ်စားလှယ် ဦးအောင်ဝင်း (ရခိုင်အမျိုးသားပါတီမှ (၁၇) မဲ၊ မြေပုံမြို့ အမှတ် (၂) ကိုယ်စားလှယ်ဦးမြသန်း (ရခိုင်အမျိုးသားပါတီ) မှ (၁၉) မဲ၊ မန်အောင်မြို့ အမှတ် (၂) ကိုယ်စားလှယ် ဦးဖိုးနွဲ့ (NLD) မှ (၆) မဲအသီးသီးရရှိခဲ့ပြီး မဲ အများဆုံး ရရှိခဲ့သော ဦးမြသန်းကို ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီသည် ဒုလွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံမည့်သူသည် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဖြစ်မှသာ ရွေးချယ်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်ကြောင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီတွင်း ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။

“ရွေးချယ်ပွဲနေ့မှာ ဝန်ကြီးဦးကျော်လွင်က အဆိုတင်တယ်။ လွှတ်တော်ဥက္ကဋ္ဌက ကြေညာမှ ကျွန်တော် သိလိုက်ရတာပါ။ ကိုယ်စားလှယ် အရည်အချင်းနဲ့ ကိုက်ညီတော့ လွှတ်တော်မှာ ရွေးချယ်ခွင့် ရသွားတယ်။ အဲ့လိုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်တော့ ဒု-လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သွားတယ်”ဟု ဦးမြသန်းက ပြောသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်နယ်လွှတ်တော်၌ ဒုဥက္ကဋ္ဌ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် ပါတီစည်းကမ်း ကျူးလွန်ဖောက်ဖျက်ခြင်း မရှိကြောင်း ဦးမြသန်းက ထပ်မံပြောဆိုသည်။

J-07



FOLLOW US