News

POST TAGGED AS

ရခိုင်အရေး

01-Jul-2017

ရခိုင်အရေး
ရခိုင်မြောက်ပိုင်း အရပ်သားအသတ်ခံရနှင့် ပျောက်ဆုံးမှု စိုးရိမ်ဖွယ် မြင့်တက်၊ လုံခြုံရေး လိုအပ်ချက်အရ သင့်လျော်သော ဆောင်ရွက်ချက်များ လုပ်ဆောင်မည်
ရန်ကုန်၊ ဇူလိုင် ၁

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရပ်သားများ သတ်ဖြတ်ခံရမှုများနှင့် ပျောက်ဆုံးမှု အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အစွန်းရောက် အကြမ်းဖက်အဖွဲ့များအပေါ် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က လုပ်ဆောင်သွားမည့် အခြေအနေများကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် နောက်ဆက်တွဲ၌ ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း အပြစ်မဲ့ အရပ်သား ခြောက်ဦး အသတ်ခံရခြင်းနှင့် ၂ ဦးမှာ ပျောက်ဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သတင်းပတ်များအတွင်း မောင်တောဒေသတွင် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများ တိုးမြှင့်လာသည့် အထောက်အထားများကို မြန်မာ့တပ်မတော်က ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အထူး အစည်းအဝေး တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအစိုးရမှ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး တပ်မတော်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံတော်အစိုးရ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းလည်း ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဇွန်လ ၂၀ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တွေ့ရှိခဲ့သည့် လူလုပ် ဥမင်လှိုဏ်ခေါင်းများနှင့် လက်နက်များ ရှာဖွေတွေ့ရှိများ၊ ရခိုင် တိုင်းရင်းသားများနှင့် ငါးဖမ်းသမားများကို အကြမ်းဖက်သမားများက တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ် အခြေအနေ မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားစေရန် လုပ်ဆောင်မှုများဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းလက်တလော အကြမ်းဖက်မှုများသည် ၂၀၁၆ အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့်မှအစပြု၍ ပြည်ပမှ လက်နက်နှင့် ငွေကြေး အထောက်အပံ့များ ရယူပြီး အကြမ်းဖက်သင်တန်းများ ပေးနေသည့် အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ယင်းအကြမ်းဖက် အဖွဲ့များကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ အရေးယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေနှင့် ဖြစ်ပေါ်နေသည့် အခြေခံအကြောင်းတရားများ မူတည်ကာ လုံခြုံရေး အခြေအနေ သုံးသပ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်ပါက သင့်လျော်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် လက်ရှိ အခြေအနေ၌ အစွန်းရောက် အကြမ်းဖက်မှုများကို ဖော်ထုတ်ရှင်းလင်းလျက် ရှိသော်လည်း အစိုးရအနေနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပြီး ဒေသတွင်း ရေရှည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၂၀ ရက်က ဘူးသီးတောင်- မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက် သင်တန်းများ ဆောင်ရွက်နေသည့် လှိုဏ်ဂူများကို တွေ့ရှိခဲ့ပြီး ယင်းဒေသအနီးရှိ ကျေးရွာသားများကို ညအချိန်တွင် စစ်သင်တန်း လေ့ကျင့်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ် မောင်တောတွင် အရပ်သား ၃၈ ဦး အသတ်ခံခဲ့ရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး အပါအဝင် အရပ်သား ၂၂ ဦး ပျောက်ဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

J-08



FOLLOW US