POST TAGGED AS

ရခိုင်အရေး

30-Dec-2016

ရခိုင်အရေး
ရခိုင်အရေး ကုလကြားဝင် ဖြေရှင်းရန် နိုဘယ်လ်ဆုရှင် ၁၃ ဦး တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် ပြဿနာများမှာ ရ၀မ်ဒါ၊ ကိုဆိုဗို စသည့် ကမ္ဘာ့လူမျိုးတုံး သတ်ဖြတ်မှုများအတိုင်း ထပ်တူ ဖြစ်လာနိုင်သည်ဟုဆိုကာ ရခိုင်အရေးတွင် ကုလသမဂ္ဂက ကြားဝင် ဖြေရှင်းပေးရန် နိုဘယ်လ်ဆုရှင် ၁၃ ဦးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အိတ်ဖွင့်စာပေးပို့ တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌနှင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ နိုင်ငံများသို့ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ လူသား ပဋိပက္ခ အဆုံးသတ်ပေးရန် အိတ်ဖွင့်ပေးစာဟု ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိုဟာမက်ယူနွတ်၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ပါကစ္စတန် အမျိုးသမီးငယ် မာလာလာစသည့် နိုဘယ်လ်ဆုရှင် ၁၃ ဦး၊ အီတလီဝန်ကြီးချုပ်ဟောင်း ပရိုဒီ အပါအ၀င် နိုင်ငံတကာတွင် လူသိများ ထင်ရှားသူ ပုဂ္ဂိုလ် ၂၃ ဦးက စာပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယူနွတ်စင်တာတွင် ဖော်ပြထားသော အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရခိုင်ပြဿနာတွင် မြန်မာ့ တပ်မတော်က လွန်လွန်ကျူးကျူး အင်အားသုံး ဖြေရှင်းနေသည့်ပုံစံ ပုံဖော် ရေးသားထားပြီး မုဒိမ်းမှု၊ ကလေးငယ်များကို အကြမ်းဖက် သတ်ဖြတ်မှုများလည်း ဖြစ်ပွားနေကြောင်း စွပ်စွဲ ရေးသားထားသည်။

ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပြဿနာကို လျစ်လျူရှုထားလျှင် ကမ္ဘာတွင် နာမည်ဆိုးဖြင့် မှတ်တမ်း တင်ခံရသည့် လူမျိုးတုံး သတ်ဖြတ်မှုကြီးများ ဖြစ်သော ရ၀မ်ဒါ၊ ဒါဖာ၊ ဘော့စနီးယားနှင့် ကိုဆိုဗို ဖြစ်စဉ်များကဲ့သို့ နောက်ထပ်ဖြစ်ရပ် တစ်ခု ကြုံတွေ့ လာနိုင်ကြောင်း စွပ်စွဲ ရေးသားထားပြီး ရခိုင်အရေးကို လုံခြုံရေး ကောင်စီတွင် အရေးကြီး ကိစ္စရပ်အဖြစ် ထည့်သွင်း ဆွေးနွေးရန် တိုက်တွန်းထားသည်။

နိုဘယ်လ်ဆုရှင် ၁၃ ဦး အပါအ၀င် နိုင်ငံတကာတွင် ထင်ရှား ကျော်ကြားသူ ပုဂ္ဂိုလ် ၂၃ ဦး၏ ကုလသမဂ္ဂသို့ အိတ်ဖွင့် ပေးစာနှင့် ယင်းအိတ်ဖွင့်ပေးစာပါ စွပ်စွဲ ပြောဆိုချက်များအပေါ် အစိုးရအဖွဲ့နှင့် ပြောရေး ဆိုင်ခွင့်ရှိသူများက တစ်စုံတစ်ရာ  တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

လုံခြုံရေးကောင်စီသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာမှာ ပြင်ပမှ ရရှိသည့်  သတင်း အချက်အလက် အမှားအများအပေါ် အခြေခံ ပြောဆိုနေခြင်းဖြစ်ကြောင်း၊ အစိုးရ အနေနှင့် ရခိုင်ပြဿနာကို ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ပြီး ယင်းသို့ ကိုင်တွယ်နေသည်ဟုလည်း ယုံကြည်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ဦးက မှတ်ချက်ပြုသည်။

“ဒါက နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ၀င်စွက်တာ၊ အစိုးရ အနေနဲ့ လုံးဝ လက်မခံဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုင်ငံတကာတွင် ထင်ရှားသည့် ပုဂ္ဂိုလ်များက ယခုကဲ့သို့ စွပ်စွဲ ပြောဆိုခြင်း၊ စွက်ဖက်ရန် ကြိုးစားလာခြင်းတို့ကို ချေဖျက်ရန် နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းတွင် ရခိုင်ပြဿနာကို အသေအချာ ရှင်းလင်း ပြောဆိုနိုင်ရန် လိုအပ်ကြောင်း ဦးကျော်ဇော်ဦးက ထပ်လောင်းပြောဆိုသည်။



FOLLOW US