News

POST TAGGED AS

ရခိုင်အရေး

မမှန်သတင်းများကို မှန်ကန်စွာ တုံ့ပြန်ရေး သမ္မတနှင့် ကိုဖီအာနန် ဆွေးနွေး
နေပြည်တော်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခံရမှုများ အပေါ် မမှန်မကန်သည့် သတင်းများအတွက် မှန်မှန်ကန်ကန် တုံ့ပြန်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တွေ့ဆုံပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ကိုဖီအာနန်သည် ကော်မရှင် အဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ် ခရီးစဉ်အပြီး ယနေ့ (ဒီဇင်ဘာ ၅ ရက်) မွန်းလွဲပိုင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နှစ်ဖက်အသိုင်းအဝိုင်းများ လူသားချင်း စာနာထောက်ထားခြင်း အရေးပါမှုနှင့် နှစ်ဖက်အသိုင်းအဝိုင်းကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများမှ တစ်ဆင့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် လိုအပ်သည်ကို အမြင်ချင်းဖလှယ် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဒေသရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ်ရမည့် အလားအလာများ ဖော်ထုတ်သွားရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိနိုင်မည့် ကိစ္စများ အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို သြဂုတ် ၂၄ ရက်တွင် ဖွဲ့စည်းပြီးနောက် အောက်တိုဘာလဆန်းပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက အင်အားသုံးပြီး မောင်တောမြို့နယ်ရှိ လုံခြုံရေး ရဲကင်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ လက်နက်များ ယူဆောင်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားထားသည်။



FOLLOW US