News

POST TAGGED AS

ရခိုင်အရေး

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၇)
ငါးခူရ ရွာသားများနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကြိမ်ချောင်းမှာ နေ့လယ်စာစားရန် စီစဉ်ကြသည်။ နံနက် ၁၀ နာရီ ကျော်ကျော်မျှသာရှိသေးသဖြင့် ငါးခူရစခန်းသို့ ဆက်သွားမည်လား စဉ်းစားကြသေးသည်။ သို့သော် မသွားဖြစ်ပါ။ နေ့လယ်စာစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့ ကြိမ်ချောင်းရွာထဲ ဟိုနားဒီနား လှည့်ကြည့်ဖြစ်ကြသည်။ ဓာတ်ပုံရိုက်သူ ရိုက်၊ အင်တာဗျူးလုပ်သူ လုပ်ကြ။ ကြိမ်ချောင်းက မောင်တောနှင့် တောင်ပြို လက်ဝဲလမ်းပေါ်မှာ အဓိကကျသော ရွာကြီးဖြစ်သည်။ မောင်တော - တောင်ပြို လက်ဝဲလမ်းမှာ ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ဖောက်လုပ်ထားခဲ့သောလမ်း ဖြစ်ဟန်တူသည်။ ကတ္တရာလမ်းဟောင်းဖြစ်သည်။ နှစ်များစွာ ပြုပြင်ခြင်းမရှိခဲ့သည့်လမ်းဟောင်းကို ယခုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ဖို့ လုပ်နေတာတွေ့ရသည်။ မေယုတောင်ပေါ်ဖြတ်လမ်းတစ်ခုလည်း ဖောက်လုပ်လျက်ရှိရာ ပြီးသွားလျှင် ကြိမ်ချောင်းနှင့် ဘူးသီးတောင်အကြား ပို၍နီးသွားမည်။ ကြိမ်ချောင်းမှာ ရခိုင်နှင့် ဟိန္ဒူလူမျိုးအချို့သာကျန်ခဲ့ပြီး ဘင်္ဂါလီ မွတ်ဆလင်တွေတော့ မရှိတော့။

ကြိမ်ချောင်းရွာ ထမင်းဆိုင်မှာ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့ဝင် အားလုံး နေ့လယ်စာစားကြသည်။ လူပေါင်းသုံးဆယ်ကျော်အတွက် သီးသန့် ချက်ပြုတ်ပြင်ဆင်ပေးသော ထမင်းဝိုင်းမှာ ဖွယ်ဖွယ်ရာရာရှိလှသည်။ ငါးဟင်း၊ ကြက်သားဟင်း၊ ငါးခြောက်အာလူး ရခိုင်ချက်၊ မပါမဖြစ် ရခိုင်ငါးပိထောင်း၊ ကြက်ဥဟင်း စသည်ဖြင့်စုံလှသည်။ ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားကြသည်နှင့်မတူဘဲ အလှူအိမ်တစ်ခုမှာ ထမင်းစားရသလိုပင် စားလို့ကောင်းလှသည်။

တောင်ပြိုလက်ဝဲဘက်သို့ ခရီးမဆက်ဖြစ်တော့ဘဲ မောင်တောဘက်သို့ ပြန်ဆင်းခဲ့ကြရာ လမ်းတွင် ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ဝင်ကြည့်ကြမည်။ ကျီးကန်းပြင်လွန်တော့ လယ်ကွင်းပြင်ကိုဖြတ်သော မြေသားလမ်းအတိုင်း အနောက်ဘက်သို့ ခရီးဆက်ခဲ့သည်။ ရွာထိပ်မှာ အသစ်ကျပ်ချွတ်နီးပါး စပါးရိတ်စက်တွေ တန်းစီပြီးရပ်ထားတာတွေ့ရသည်။ ဘာအတွက်မှန်း ပထမ သဘောမပေါက်မိသော်လည်း လယ်ကွင်းပြင်လမ်းအတိုင်း ထွက်လာခဲ့ကြစဉ် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ရိတ်သိမ်းပြီးစ လယ်ကွင်းပြင်ကြီးကိုမြင်မှ သဘောပေါက်တော့သည်။ ဘင်္ဂါလီတို့ ထွက်ပြေးသွားကြစဉ် မရိတ်မသိမ်းရသေးသည့် စပါးခင်းများကို သည်အတိုင်း ထားရစ်ခဲ့ရသည်။ ထိုစပါးခင်းများကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက နိုင်ငံတော်အကူအညီဖြင့် ရိတ်သိမ်းပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် စပါးရိတ်စက် အသစ်စက်စက်တွေကို ရွာထိပ်မှာ တွေ့ရခြင်းဖြစ်သည်။ ရိတ်သိမ်းပြီးခဲ့သည်မှာ ရက်အတန်ကြာသွားခဲ့ပြီထင်သည်။ လမ်းဘေးလယ် ကွင်းပြင်ထဲမှာ စုပုံထားသော စပါးအိတ်တွေ၊ စပါးပုံတွေ အများအပြား တွေ့ခဲ့ရပြီး ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိ။ လာရောက်သယ်ယူမည့် သူလည်းမရှိသဖြင့် စပါးပုံအချို့မှာ စပါးပင်ပေါက် အညှောက်စိမ်းစိမ်းနုနုတွေပင် ထွက်နေပြီ။ နှမြောစရာကောင်းလှသည်။

ငါးခူရသို့ဝင်သောမြေသားလမ်းက အတော့်ကိုဆိုးပါသည်။ ဖုန်တသောသော၊ ချိုင့်ခွက်ကြီးငယ်တို့ကို တဖြည်းဖြည်းချင်း မောင်းနှင်ဖြတ်ကျော်ပြီး ဝင်ခဲ့ရသည်။ “ဒီတစ်ခေါက်ပြီးတာနဲ့ အောက်ပိုင်းပြန်စစ်ရမယ်”ဟု ကားသမားက ဆိုသည်။ ယခု ကျွန်တော်တို့စီးလာကြသည့်ကားများကို မောင်တောမြို့က ပုတ်ပြတ်ငှားလာခြင်းဖြစ်သည်။ ဒီလို လမ်းကြမ်းမျိုးမှာ သူတို့မောင်းနေကျ ဖြစ်ပုံရသည်။ မောင်တော - တောင်ပြိုလမ်းမှ အနောက်ဘက်သို့ တစ်နာရီနီးပါး မောင်းနှင်ပြီးမှ ငါးခူရရွာသို့ ရောက်ကြသည်။ ငါးခူရက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းနှင့် ထိစပ်နေသည့်ရွာကြီးဖြစ်သည်။ အနောက်ဘက်မှာ ချောင်းရှိသည်။ ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်သို့ သွားရောက်မကြည့်ရှုကြမီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမှာ အသင့်ခေါ်ထားသည့် ရွာသားအချို့နှင့် ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့ တွေ့ဆုံမေးမြန်းခွင့်ရကြသည်။

မူလထင်ထားသည်က ဒီနေရာမှာ ပြန်လည်လက်ခံရေးအစီအစဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကို ရှင်းပြလိမ့်မည်ဟု ထင်ခဲ့သည်။ ထိုသို့မဟုတ်ပါ။ ဒေသခံရွာသား နှစ်ဆယ်ခန့်ကို ရုံးခန်းကျဉ်းကျဉ်းလေးထဲမှာ စုပေးထားခြင်းဖြစ်ပြီး သတင်းမီဒီယာအဖွဲ့က လွတ်လွတ်လပ်လပ် စိတ်ကြိုက်မေးမြန်းရန်ဖြစ်သည်။ တန်းစီထိုင်နေကြသော ငါးခူရရွာသား မွတ်ဆလင်နှင့် ဟိန္ဒူလူကြီးတွေကို တွေ့ရသည်။ ဒီနေရာကို ယခုလို မီဒီယာအဖွဲ့တွေ လာလေ့မရှိသဖြင့် သူတို့တစ်တွေ အထူးအဆန်းဖြစ်နေသည်။ ဗလီဦးထုပ်ဖြူဆောင်းထားပြီး မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးထူလပျစ်တွေနှင့် သူတို့မျက်နှာမှာ စိုးရိမ်ထိတ်လန့်မှုတွေကို မြင်နေရသည်။ နောက်တန်းက ခုံတွေမှာ ထိုင်နေကြသည့် ဘင်္ဂါလီလူကြီးများက မြန်မာစကားမတတ်သည်လား၊ စိုးရိမ်ထိတ်လန့်နေသည်လား မပြောတတ်။ ဘာတစ်ခွန်းမျှ မဖြေ။ ရှေ့ဆုံးတန်းတွင်ထိုင်နေသော ဘင်္ဂါလီ မွတ်ဆလင်ဦးအီဆွတ် (မြန်မာအမည် - ဦးအောင်မြင့်) တစ်ဦးတည်းကသာ သတင်းထောက်တွေမေးသမျှ ဒိုင်ခံဖြေသည်။

“ကျွန်တော့်ကို ဒီရွာမှာပဲ မွေးပါတယ်။ ကျွန်တော့်မိဘ၊ ဘိုးဘွားတွေ အားလုံးလည်း ဒီမှာပဲ ကြီးပါတယ်။ ဒီရွာကလွဲပြီး ဘယ်ကိုမှ ကျွန်တော် ထွက်မသွားနိုင်ဘူး။ အစိုးရက ကျွန်တော်တို့ကို လာပြီးဒုက္ခပေးတာလည်း မရှိဘူး။ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲရှိတယ်။ အခု ထွက်ပြေးသွားတဲ့လူတွေက များသောအားဖြင့် အာဆာအဖွဲ့ရဲ့ခြိမ်းခြောက်မှု...။ မထွက်ပြေးရင် ထွက်ပြေးအောင် သူတို့ပြန်ပြန်ပြီးလုပ်တယ်။ ဒီမှာရှိတဲ့လူတွေက သူတို့အာဘော်ကိုသိတယ်။ ကိုယ့်နေရာကနေ ဘယ်သူမှ ထွက်မသွားချင်ကြဘူး။ ကျွန်တော်က ဒီနိုင်ငံသား၊ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာပဲ သေမယ်။ ကျွန်တော့်လိုပဲ နောက်က ထိုင်နေကြသူတွေလည်း ဒီသဘောပဲ။ ကျွန်တော်တို့လိုချင်တာ တိုင်းရင်းသားအခွင့်အရေးမဟုတ်ဘူး။ နိုင်ငံသားအခွင့်အရေးပဲ။ ဒီနိုင်ငံမှာမွေးတယ်။ ဒီနိုင်ငံရဲ့ကျေးဇူးကို သိရမယ်။ ကျွန်တော်တို့ကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်ပေးရင် ကျေနပ်တယ်”

ဦးအီဆွတ်ခေါ် ဦးအောင်မြင့်က သူ၏ခံစားမှုများကို သတင်းမီဒီယာသမားများရှေ့မှာ ဖွင့်ဟနေသည်။ သူက မကြာသေးမီက မှတ်ပုံတင်ရရှိပြီး ဖြစ်နေသော်လည်း သူ၏မိသားစုဝင်တွေကတော့ ယနေ့အထိ မှတ်ပုံတင်မရသေးပါဟု ဆိုသည်။ ဒီဒေသ၏ အဓိကအခက်အခဲတစ်ခုမှာ လမ်းပန်းဆက်သွယ်ရေးဟု သူက ဆိုသည်။

နောက်တွင် ထိုင်နေကြသည့် မွတ်ဆလင်လူကြီးများအားလုံး ငြိမ်နေကြသည်။ သူတို့ပြောချင်တာတွေ ရှိကောင်းရှိနေနိုင်သည်။ ဦးအီဆွတ်၏ စကားအရ သူတို့တစ်တွေ ကြောက်နေရသည်မှာ အာဆာအဖွဲ့ဟုဆိုသည်။ “သက်သက် ကိုယ့်ဒုက္ခကိုယ်ရှာတာ”ဆိုသော စကား၏ အနက်အဓိပ္ပာယ်က ကျယ်ဝန်းလှသည်။ သူတို့တစ်တွေ ဒီမှာ အေးအေးဆေးဆေး နေနေကြတာ အာဆာအဖွဲ့ပေါ်လာမှ အကြီးအကျယ် ဒုက္ခရောက်ရသည့်သဘော ဖြစ်ဟန်တူသည်။

ငါးခူရရွာမှာ ရခိုင်တိုင်းရင်းသားတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေနှင့် ဟိန္ဒူတွေ စုပေါင်းနေထိုင်သော ရွာကြီးဖြစ်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ထုတ်ပြလာသောစာရင်းအရ ရခိုင်တိုင်းရင်းသားများနေထိုင်သော အိမ်ခြေ ၆၀၊ ဟိန္ဒူ အိမ်ခြေ ၉၀၊ မွတ်ဆလင် အိမ်ခြေ ၁၁၃၉ ရှိသည်။ လူဦးရေက ရခိုင် ၂၈၃ ဦး။ ဟိန္ဒူ ၇၃၃ ဦး။ မွတ်ဆလင် ၈၉၈၂ ဦး။ မွတ်ဆလင် လူဦးရေက ကျန်လူဦးရေထက် အဆမတန်များလွန်းလှသည်။ ယခုချိန်ထိ တစ်ဖက်နိုင်ငံသို့ထွက်မပြေးဘဲ ရွာတွင်နေထိုင်နေသေးသည့် မွတ်ဆလင်တွေ ရှိသေးသည်။ ချောင်းရိုးလှေဆိပ်အနီးမှာ ကျေးရွာဈေးတန်းကလေး တစ်ခုရှိသည်။ ထူးထူးခြားခြား စာကြည့်တိုက်တစ်ခုကို ငါးခူရမှာ တွေ့ရသည်။ ဆိုင်းဘုတ်သာချိတ်ထားပြီး တံခါးပိတ်ထားသည်။ အထက်တန်းကျောင်းရှိသည်။ အခြားသောကျောင်းတွေလိုပင် ကျောင်းတံခါးပိတ်ပြီး တိတ်ဆိတ်နေသည်။ ငါးခူရမှာ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲရေးစခန်းရှိသည်။

လာမည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာမည့်သူများကို ဤနေရာက လက်ခံမည်ဖြစ်သည်။ လက်ခံရေးစခန်းအတွက် ခြံစည်းရိုးကာခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းများ အဆောတလျင် ပြုလုပ်နေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ ဘာမျှအချောမသတ်နိုင်သေး။ လာမည့်တစ်ပတ်အတွင်း ဒီနေရာတွင် ရေလမ်းမှ ပြန်လာကြမည့်သူများကို လက်ခံမည်ဖြစ်ရာ အချိန်မီအသင့်ဖြစ်ပါ့မလား တွေးနေမိသည်။ ဆောက်လုပ်ရေးအလုပ်ကြမ်းသမား အုပ်စုတစ်စုကို ထိုနေရာမှာ တွေ့လိုက်ရသဖြင့် ဘယ်ကလာပြီး အလုပ်လုပ်ကြတာလဲဟု မေးကြည့်မိသည်။ “မကွေးက လာကြတာပါ” အဆောက်အအုံကန်ထရိုက်ရသော ကုမ္ပဏီသည် မြန်မာပြည်အလယ်ပိုင်း မကွေးဒေသမှ အလုပ်သမများကို ခေါ်လာပြီး အလုပ်ပေးထားခြင်းဖြစ်သည်။ အလုပ်အကိုင်ရှားပါးခြင်းသည် ရခိုင်ဒေသတစ်ခုတည်းမဟုတ်။ မြန်မာပြည်အရပ်ရပ်မှာလည်း ရှိနေသည်ကို ပြောပြနေသလိုပင်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဘင်္ဂါလီမွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စမှာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်သလို အလွန်မလွယ်ကူလှသည့် ကိစ္စဖြစ်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တောင်ပြိုလက်ဝဲစခန်းနှင့် ငါးခူရစခန်းတို့တွင် တစ်ပြိုင်နက်တည်း လက်ခံသွားရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား သဘောတူညီထားကြပြီးဖြစ်သော်လည်း မြေပြင်အခြေအနေက ထင်သလို လွယ်ကူမည်မထင်။ ထိုစခန်းများတွင် တစ်ပတ်လျှင် ပြန်ဝင်လာမည့်သူ လူဦးရေ ၃၀၀ အား စစ်ဆေးလက်ခံသွားမည်ဖြစ်ရာ နှစ်ချီအချိန်ယူရမည့် အနေအထားမှာရှိသည်။ ထိုစခန်းများတွင် မြန်မာနိုင်ငံ၌ နေထိုင်ဖူးသူဖြစ်ကြောင်း အထောက်အထားပြည့်စုံပါက လတ်တလော ယာယီတည်ဆောက်နေသည့် လှဖိုးခေါင်စခန်းမှာ ဆက်လက်နေရာချပေးမည်ဟု သိရသည်။ လှဖိုးခေါင်စခန်းမှာ ကျီးကန်းပြင်၏ အရှေ့ဘက်မှာရှိသည်ဟု ကြားသိရသည်။ ထိုနေရာတွင် ပြန်လည်ရောက်ရှိလာမည့် ဘင်္ဂါလီ မွတ်ဆလင်တွေနေထိုင်ဖို့ ယာယီနေအိမ် ခြောက်ရာကျော် ဆောက်လုပ်ထားပြီး လူဦးရေ သုံးသောင်းနေနိုင်မည်ဆို၏။ အခြေအနေအရ တစ်ဖက်ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီများ လှဖိုးခေါင်စခန်းမှာ ဆက်ပြီးနေရမည့်သဘောဖြစ်သည်။ ဒုက္ခသည်ပြဿနာမှာ အလွန်ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။ ထိုသူများအတွက် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တာဝန်ယူကြရဦးမည်။

လက်ခံရေးကိစ္စသာ ပြောဆိုနေကြသော်လည်း တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီတွေကတော့ ပြန်လာ မလာ မသေချာပါ။ သူတို့မှာ တောင်းဆိုချက်တွေရှိနေသည်။ ပထမဦးဆုံး ဟိန္ဒူဘာသာဝင်များနှင့် မွတ်ဆလင်အချို့ကို စတင်လက်ခံရန် သဘောတူထားကြသည်။ ရေလမ်းမှ ရောက်လာကြမည့်သူများကို ငါးခူရစခန်းတွင် စိစစ်မည်ဟု သိရသည်။ ကျွန်တော်တို့ ရောက်ရှိခဲ့သည့် ဇန်နဝါရီ ပထမပတ်အထိတော့ ဘာမျှ အဆင်သင့်အနေအထားတွင် မတွေ့ရပါ။

“သူတို့ပြန်လာမယ်လို့ ကျွန်တော် မထင်ဘူး”

ငါးခူရဒေသခံ ရွာသားတစ်ဦး ပြောလိုက်သည့် မှတ်ချက်စကားပင်။

ချစ်ဝင်းမောင်



FOLLOW US