News

POST TAGGED AS

ရခိုင်အရေး

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၅)
နေဝင်မီးငြိမ်း မောင်တောည။

ကညင်ချောင်းစီးပွားရေးဇုန်က ပြန်ထွက်လာတော့ နေအတော်စောင်းနေပြီ ဖြစ်သည်။ ယနေ့ည မောင်တောတွင် ညအိပ်ရပ်နားမည်။ အစီအစဉ်က မပြီးသေးပါ။ မောင်တောရှိ P.O.E စခန်းကို သွားကြည့်ကြဦးမည်။ ကညင်ချောင်းမှ မောင်တောမြို့ထဲသို့ လာရာလမ်းတစ်လျှောက် ဘင်္ဂါလီမွတ်ဆလင်တွေ နေထိုင်သောရွာများကို ဖြတ်ခဲ့ရသည်။ လမ်းဘေး တစ်ဖက်တစ်ချက်ကို ခြံစည်းရိုးတွေ စေ့နေအောင်ကာထားပြီး သူတို့နေအိမ် ခေါင်မိုးပြားတွေပဲမြင်ရသည်။ လမ်းတစ်လျှောက် မမြင်တွေ့ခဲ့ရသော သူတို့ရွာများ၏ ပုံသဏ္ဌာန်ကို ခုကျမှတွေ့ရသည်။ အပြင်ဘက်ကကြည့်လျှင် အိမ်ခေါင်မိုးနှင့် အုန်းပင်၊ ကွမ်းပင်တွေသာ မြင်ရပြီး အတွင်းပိုင်းကို မမြင်ရ။ ခြံတံခါးပေါက်တွေရှိသော်လည်း ခြံတွေကိုဆက်ပြီး ဝါးထရံတွေနှင့် တောက်လျှောက် ကာထားသဖြင့် အထဲတွင် လူနေအိမ်ဘယ်နှလုံးရှိသည်ကို မခန့်မှန်းနိုင်။

မောင်တောမြို့ထဲဝင်လာတော့ ဝဲယာနှစ်ဖက်မှာ ဘုန်းကြီးကျောင်းတွေ၊ စေတီတွေ၊ စာသင်တိုက်တွေ တွေ့ရသဖြင့် ဪ... မြန်မာလက္ခဏာတွေ ရှိနေသေးသော မြို့ပါလားဟု ကျေနပ်ရသည်။ မောင်တောက ခရိုင်မြို့ကြီးဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးကြောင့် ယခင်က အရောင်းအဝယ် စည်ပင်ခဲ့ပြီး တိုက်တာအဆောက်အအုံ အတော်များများ တွေ့ရသည်။ မြို့လယ်ဈေးလမ်းမကြီးကို ဖြတ်လာခဲ့ကြရာ ယာဉ်အသွားအလာမရှိ၊ လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေတာ တွေ့ရသည်။ ညနေစောင်းပြီမို့ ဈေးပိတ်သွားပြီဖြစ်သည်။ ဈေးတိုက်တန်းတစ်လျှောက် ဆိုင်ခန်းတွေအားလုံး ပိတ်ထားကြသည်။ ဒီဆိုင်အများစုကို ဘင်္ဂါလီမွတ်ဆလင်တွေက ပိုင်သည်ဟု သိရသည်။ မောင်တောတွင် ယခုချိန်ထိ ညနေ ၆ နာရီမှ မနက် ၄:၀၀ နာရီအထိ ညမထွက်ရ ကာဖျူးထုတ်ထားသဖြင့် စောစောစီးစီး တိတ်ဆိတ်နေခြင်း ဖြစ်ပုံရသည်။ ရုတ်တရက်ကြည့်လျှင် Ghost Town မြို့ပျက်ကြီးတစ်ခုကို ရောက်နေရသလိုပင်။ မောင်တော POE စခန်းရောက်တော့ နေဝင်လုပြီ။ အချိန်သိပ်မရသဖြင့် အပြေးအလွှားကြည့်ကြရသည်။ ဒီနေရာမှာ ရဲစခန်းရှိသည်။ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်စခန်းတွေရှိသည့် ချောင်းရိုး ဆိပ်ခံတံတားဖြစ်သည်။ ချောင်းငယ်ထဲမှာ ရေတပ်ကင်းလှည့် မော်တော်အချို့ ရပ်နားထားသည်။ တစ်ချိန်တုန်းကတော့ ဒီနေရာသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား အဝင်အထွက် အကူးအသန်းပြုရာ စခန်းဖြစ်သည်။ ယခုတော့ ကုန်ပစ္စည်းတင်ပို့သည့် ကိစ္စမှတစ်ပါး တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား လူများ ဝင်ထွက်သွားလာခြင်းမရှိတော့ဟု ဆိုသည်။ Port of Entry and Exit တစ်နည်းအားဖြင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ် ဖြစ်သည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းကစပြီး လူအများ ကူးသန်းမှုမရှိတော့ပါ။ ဆိပ်ခံတံတားအနီးမှာ ကွန်ကရစ်မျှော်စင်တစ်ခု တည်ဆောက်ထားသဖြင့် တက်ကြည့်ကြသေးသည်။ ချောင်းရိုး၏ တစ်ဖက်ခြမ်း လယ်ကွင်းများကို နေဝင်ဆည်းဆာတွင် မြင်ရသည်။ ဒီဘက်ခြမ်းမှာတော့ မောင်တောမြို့ဆိပ်ကမ်း၊ ဈေးနှင့် ရုံးအဆောက်အအုံများ။

ထိုနေရာတွင် ခဏလှည့်လည် ကြည့်ရှုကြပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကာရံထားသည့် နယ်စပ်ခြံစည်းရိုးကို သွားကြည့်ကြသည်။ လူနှစ်ရပ်ကျော်မြင့်သည့် သံဆန်ခါကာ ခြံစည်းရိုးတန်းကြီးကို နေဝင်ဆည်းဆာနောက်ခံနှင့် တစ်မျှော်တစ်ခေါ် မြင်ရသည်။ စည်းရိုးအနီးကို သွားကြပြီး ဓာတ်ပုံရိုက်သူရိုက်ကြသည်။ စည်းရိုး၏ တစ်ဖက်ခြမ်းမှာတော့ မြက်ရိုင်းသောင်ပြင်တောကြီး။ ထိုသောင်ပြင်အဆုံးမှာ မြစ်ရှိသည်။ Naf river ။ မြန်မာလိုတော့ နတ်မြစ်။ တစ်ဖက်ကမ်းကူးလိုက်လျှင် ဘင်္ဂလားဒေ့ရှ်ထဲ ရောက်ပြီ။ နယ်စပ်ခြံစည်းရိုးအနီး ဒီဘက်ခြမ်းမှာတော့ ရေကန်ကျယ်ကြီး တွေရှိသည်။ ပုစွန်မွေးသောကန်များ ဖြစ်ပုံရသည်။ ကန်ပေါင်တာရိုးပေါ်မှ ကားများဖြတ်သန်းမောင်းနှင်လျက် မြို့ထဲဝင်လာခဲ့ကြသည်။ မြို့ထဲရောက်တော့ မှောင်နေပြီ။ မောင်တောမှာ အဆင့်မြင့်ဟိုတယ်မရှိပါ။ ကျွန်တော်တို့အဖွဲ့ မြို့လယ်ရှိ တည်းခိုခန်းသုံးခုမှာ လူခွဲပြီး စတည်းချကြရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက နယ်မြို့တွေမှာ တွေ့ရတတ်သည့် တည်းခိုခန်းတွေလိုပင် အခန်းထဲမှာ ပန်ကာပဲရှိသည်၊ အဲယားကွန်းမရှိ၊ ဘိုထိုင်အိမ်သာမရှိ၊ ရေချိုးခန်းနှင့်အိမ်သာက စုပေါင်းသုံးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းထွက်လာသည်လို့ပဲ သဘောထားကာ အောင့်အည်းသည်းခံပြီး ညအိပ်ရသည်။ ညနေ ၆ နာရီခွဲပင်ရှိသေးသော်လည်း မောင်တောမြို့လေးက အမှောင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ။

မောင်တောက တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စုစုပေါင်း ၁၅၇ မိုင် နယ်နိမိတ်ချင်း ထိစပ်နေသော မြို့နယ်ဖြစ်သည်။ ကုန်းတွင်းထိစပ်မှု ၆၅ မိုင်ရှိပြီး ရေပြင်ထိစပ်မှု ၉၂ မိုင်ရှိသည်။ စုစုပေါင်း လူဦးရေ ၅၂၉,၆၆၁ နေထိုင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့် သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ မရမာကြီး၊ ဟိန္ဒူလူမျိုးများက စုစုပေါင်း ၃၃,၇၄၈ ဦးသာရှိပြီး ဘင်္ဂါလီမွတ်ဆလင်က ရွာပေါင်း ၂၇၂ ရွာတွင် စုစုပေါင်း လူဦးရေ ၄၉၅,၉၀၃ ဦးရှိသည်။ ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ရွာမှာ ၆၃ ရွာသာရှိသည်။ လူဦးရေအချိုးအစားအရ မောင်တောမြို့နယ်တွင် ဘင်္ဂါလီမွတ်ဆလင်လူဦးရေ ၉၄ ရာခိုင်နှုန်းရှိပြီး ရခိုင်နှင့် ကျန်တိုင်းရင်းသားများ ၆ ရာခိုင်နှုန်းသာရှိသည်။ လူဦးရေအချိုးအစား ကွာဟလွန်းလှသလို လယ်ယာမြေပိုင်ဆိုင်မှုကလည်း ကွာဟသည်။ မောင်တောမြို့နယ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၈၄ ကျောင်းသာရှိသော်လည်း ဘင်္ဂါလီတို့၏ ဗလီ ၈၃၆ ခုနှင့် အာရဗီဘာသာရေး စာသင်ကျောင်း ၇၄၅ ကျောင်းရှိသည်ဟု သိရသည်။ မြို့နယ်တစ်ခုလုံးကို ဘင်္ဂါလီမွတ်ဆလင်များက လွှမ်းမိုးထားသည်ဟု ဆိုနိုင်သည်။

သမိုင်းမှတ်တမ်းများအရ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအချိန်အထိ ထိုဒေသတွင် ရခိုင်တိုင်းရင်းသားလူဦးရေနှင့် ဘင်္ဂါလီလူဦးရေအချိုးအစားမှာ အလွန်ကွာခြားမှုမရှိခဲ့သော်လည်း ၁၉၄၂ ခုနှစ် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခမှ အစပြု၍ ရခိုင်တိုင်းရင်းသားများ၏ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရပြီး နယ်မြေစွန့်ခွာထွက်ပြေးခဲ့မှုကြောင့် တဖြည်းဖြည်း လူဦးရေနည်းပါးသွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘင်္ဂါလီလူဦးရေ ပေါက်ဖွားနှုန်းကြီးမားလာခြင်းကြောင့် ဒေသတစ်ခုလုံး ဘင်္ဂါလီလူဦးရေ လွှမ်းမိုးလာခဲ့သည်။ ဘင်္ဂါလီများက သူတို့သည် ဘိုးစဉ်ဘောင်ဆက် ထိုနေရာတွင် နေထိုင်ကြီးပြင်းလာခဲ့ကြသူများဟု ဆိုသည်။ ကိုလိုနီခေတ်ဦး ၁၈၇၀ ခုနှစ် ဝန်းကျင်လောက်က နယ်ချဲ့အင်္ဂလိပ်တို့ အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မှ ဘင်္ဂါလီမွတ်ဆလင်များကို မောင်တောနယ်မြေထဲသို့ ခေါ်ဆောင်လာချိန်မှ ရေတွက်လျှင် ထိုအချက်သည် ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုစဉ်က အိန္ဒိယရော မြန်မာပါ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရာ နယ်မြေတစ်ဆက်တည်း ဖြစ်ခဲ့သည်။ အိန္ဒိယမှ မြန်မာပြည်ခွဲထွက်ပြီး နောက်ပိုင်းတွင်မူ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီမွတ်ဆလင်တို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားစရာ ဖြစ်လာတော့သည်။ ဘင်္ဂါလီတို့သည် မောင်တော၊ ဘူးသီးတောင်ဒေသကို ခွဲထုတ်ပြီး အရှေ့ပါကစ္စတန်နှင့် ပူးပေါင်းရန်ကြံစည်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီးတွင် အစိုးရကို စတင်တိုက်ခိုက် ပုန်ကန်ခဲ့သည်။ ယခု ရခိုင်မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော ပြဿနာများ၏ အရင်းအမြစ်သည် ဘင်္ဂါလီမွတ်ဆလင်တို့၏ နယ်မြေသိမ်းပိုက်ရယူလိုခြင်းမှ အစပြုခဲ့သည်။

ချစ်ဝင်းမောင်



FOLLOW US