News

POST TAGGED AS

ရခိုင်အရေး

ရခိုင်အရေးကြောင့် မြန်မာနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုမှု အီးယူရွှေ့ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၉

ရခိုင်အရေးကြောင့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနှင့် လက်မှတ်ရေးထိုးမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ်ကို အီးယူ (ဥရောပသမဂ္ဂ) ဘက်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အရေးကိစ္စကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်ခြင်းမရှိသော်လည်း ယခု အီးယူကိစ္စဖြစ်သွားသည့်အတွက်ကြောင့် အနောက်နိုင်ငံများ၏ ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ဝင်ရောက်မည့်အချိန်မှာ အတိုင်းအတာ တစ်ခုအထိ နှောင့်နှေးသွားနိုင်ကြောင်း ယင်းဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဒါ သူတို့ဘက်က တစ်ဖက်သတ် ဖြစ်တာပါ။ ရခိုင်အရေးက ရေရှည်ဖြစ်လာရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အနည်းနဲ့အများ ထိခိုက်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

အီးယူ ၂၈ နိုင်ငံအနက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၈ ခုရှိပြီး ယခုနှစ်တွင်မူ နယ်သာလန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အရေးကြီးပြီး ယင်းစာချုပ်ချုပ်ပြီးမှသာ နိုင်ငံခြားသား လုပ်ငန်းရှင်များက ယုံယုံကြည်ကြည်ဖြင့် လာရောက် ရင်းနှီးမြှုပ်နှံကြကြောင်း၊ ယခင်က လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည့် သာဓကများရှိသောကြောင့် စာချုပ်ချုပ်ရန်လိုအပ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံများမှာ ကိုရီးယား၊ ကူဝိတ်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ အမေရိကနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။

J-13



FOLLOW US