News

POST TAGGED AS

ရခိုင်အရေး

10-Dec-2017

NLD
ရခိုင်ပြည်နယ် NLD ပါတီဝင်လူငယ်များ ပထမဆုံးအကြိမ် တွေ့ဆုံ
စစ်တွေ၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ် လူငယ် ညီလာခံကျင်းပရေး ကော်မရှင်နှင့် ပါတီဝင် လူငယ်များ ပထမဆုံးအကြိမ်အဖြစ် သံတွဲမြို့နယ်၊ ဒွါရာဝတီခန်းမတွင် ဒီဇင်ဘာ ၁၀ ရက်က တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲကို တက်ရောက်လာကြသော လူငယ်များကို နိုင်ငံရေး အသိပညာများ တိုးပွားလာစေရန်အတွက် နိုင်ငံရေး သင်တန်းများ ပို့ချပေးကြောင်း၊ လူငယ်များအနေနှင့် ခင်မင်ရင်းနှီးမှုများ ရရှိစေကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောက ပြောသည်။

“ရခိုင်ပြည် အနေအထားမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် ပါတီအဖွဲ့အစည်းတွေမှာ လူငယ်အင်အားတွေက တဖြည်းဖြည်းနဲ့ လျော့နည်းလာကြပြီးတော့ လူငယ်တွေဟာ စီးပွားရေး၊ ပညာရေးဘက်တွေကို အားသန်လာကြတဲ့အခါ နိုင်ငံရေးရဲ့ အနှစ်သာရအရ ကိုယ့်ရဲ့တိုင်းပြည်၊ ပြည်နယ်မှာ နိုင်ငံရေးကို သိတဲ့လူငယ်တွေ လိုအပ်လာတယ်၊ နိုင်ငံရေး အသိပညာရှိမှသာ နိုင်ငံရေးရဲ့ သားကောင်မဖြစ်ဖို့ နိုင်ငံရေး အသိပညာတွေ ရှိထားဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တစ်ခုလုံးမှ NLD လူငယ်များ အားလုံးပါဝင်ခြင်း မရှိသေးကြောင်း၊ ယခုတွေ့ဆုံရာ၌ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင် နှစ်ခုက လူငယ်များသာဖြစ်ကြောင်း၊  စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်မှ လူငယ်များမှာလည်း ဒီဇင်ဘာလ ၁၇ ရက်ခန့် ပုဏ္ဏားကျွန်းမြို့၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း NLD ပါတီ လူငယ် တာဝန်ခံထံမှ သိရသည်။

ယခုလတွင် မြို့နယ်အဆင့် လူငယ်ညီလာခံကို ကျင်းပရန် လျာထားရာ အဆင့်ဆင့် ခရိုင်၊ ပြည်နယ် ညီလာခံများကို ကျင်းပသွားပြီးမှသာ ဗဟိုညီလာခံကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပနိုင်ရန် လုပ်ဆောင်နေကြောင်း ဆိုသည်။ 

ခိုင်မင်းညို

  • VIA


FOLLOW US