News

POST TAGGED AS

ရခိုင်အရေး

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မောင်တောခရီး ဘယ်အထိ ခရီးပေါက်နိုင်သလဲ
မောင်တောမြို့နဲ့ ထိုဝန်းကျင်ဒေသကို ARSA အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့ နောက်နှစ်လကျော်ကာလ အရောက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုဒေသကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပါတယ်။ ဒီခရီးစဉ်ကိုတော့ နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်-စစ်တွေကနေတစ်ဆင့် နေ့ချင်းပြန် သွားရောက်ခဲ့တာဖြစ်ပြီး သူမအနေနဲ့ အဲ့ဒီကနေမှတစ်ဆင့် တောင်ပြို လက်ဝဲဘက်ကိုလည်း ဆက်သွားခဲ့ပါတယ်။ သူမ သွားခဲ့တဲ့ခရီးစဉ်မှာ UEHRD ကော်မတီအဖွဲ့ဝင်တွေပါ ပါဝင်သွားခဲ့ပြီး မောင်တောမြို့ စရောက်ရောက်ချင်းဆိုသလို ပန်းတောပြင် ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ အရင်ဆုံးတွေ ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီခရီးစဉ်ကို သွားရောက်ခဲ့ရတဲ့ အခြေအနေမှန် အကြောင်းရင်းကို သုံးသပ်ကြည့်တဲ့အခါ ယခု သူမရဲ့ ဒီခရီးစဉ်နဲ့ တိုက်ဆိုင်စွာမှာပဲ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ အဆင့်မြင့် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်ရှိနေပြီး Cox’s Bazar မြို့က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ သွားရောက်နေတာ ဖြစ်ပါတယ်။

ဒီအတွက်ပဲ သူတို့ သွားနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကိုယ့်နိုင်ငံဘက်မှာလည်း သူမအနေနဲ့ အချိန်ကိုက် သွားရောက်နေတာ မြင်တွေ့ရနိုင်ပါတယ်။ ဒီလို သွားရောက်နေခြင်းကလည်း  ဒီဘက်က အခြေအနေမှန်တွေကို ကိုယ်တိုင် သွားရောက် လေ့လာတာ၊ တစ်ဖက်နိုင်ငံကို ထွက်မပြေးဘဲ ကျန်ရှိတဲ့သူတွေထံက သတင်းစကား အမှန်တွေကို ကြားသိချင်တာနဲ့ သူမအနေနဲ့လည်း ဒီဒေသ၊ ဒီအရေးကို အလေးပေးပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ သုံးသပ်နေတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေကို ချပြလိုရင်းတွေအတွက် ဖြစ်တယ်လို့ပဲ သုံးသပ်ရနိုင်ပါတယ်။

အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ဟာ မကြာသေးမီ လတွေအတွင်း ရခိုင်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်အရေး ကူညီဖြေရှင်းဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံခဲ့ပြီးတဲ့နောက် အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံ ပြန်သွားနိုင်ရေးအတွက် ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ဆက်လက် အကူအညီ ပေးသွားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံထားပြီး ဒီအရေးမှာ မြန်မာနိုင်ငံအစိုးရအပေါ် ဖိအား ဆက်ပေးဖို့အတွက်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားခဲ့ရပါသေးတယ်။

တစ်ဖက်က မြန်မာအစိုးရအနေနဲ့ကတော့ လက်ရှိ ARSA အစွန်းရောက် အကြမ်းဖက်သမားများရဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ ဒီဒေသကိုတော့ လွန်ခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှစပြီး စစ်ဆင်ရေးများ မရှိတော့ဘဲ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များထဲက တပ်မတော် စစ်ကြောင်းအချို့ကိုလည်း လက်ရှိ  ဘူးသီးတောင်၊ မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်ကာ စစ်တွေမြို့မှာ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိခဲ့တယ် ဆိုတဲ့သတင်းတွေလည်း ယခင်လတတိယပတ်လောက်မှာ ကြေညာခဲ့တာမြင်ခဲ့ရပါ တယ်။

ယခုလက်ရှိအနေအထားမှာတော့ ဒီဒေသကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖွဲ့စည်းထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီခရီးမစတင်မီ ရက်ပိုင်းအလို အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်တဲ့သတင်းတွေအရဆိုရင် ဒီ UEHRD ကော်မတီအနေနဲ့ ဆိုင်ရာဌာနတွေအလိုက် မြေပြင် မှာ လုပ်ငန်းတွေအသီးသီး လုပ်ကိုင်နေတာကိုလည်း တွေ့ပါတယ်။ ခရီးစဉ် မတိုင်မီ လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းတွေကို လေ့လာကြည့်တဲ့အခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ လူဦးရေ ၅ သိန်းခန့်အတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ထောင်စု ၁၅၀ဝ စုအတွက် (တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်း) ငွေထောက်ပံ့ခြင်း၊ မသန်စွမ်းသူများ တစ်ဦးလျှင် ၂၀,ဝ၀ဝ/ိ-နှုန်း၊ ကိုယ်ဝန်ဆောင်နဲ့ အသက် ၂ နှစ်အထိ ကလေးများ တစ်ဦးလျှင် ၃၀,ဝ၀ဝ နှုန်း၊ အသက် ၆၀ နှင့်အထက် အဘိုး/အဘွားတစ်ဦးလျှင် ၂၀,ဝ၀ဝ ကျပ်နှုန်း၊ ထိခိုက်ဒဏ်ရာရသူ တစ်ဦးလျှင် ၁၀ဝ,၀ဝ၀ ကျပ်နှုန်း၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်ရှိသော ကလေးတစ်ဦးလျှင် ၅၀,ဝ၀ဝ ကျပ်နှုန်း၊ အသက် ၉၀ နှင့်အထက် ဘိုးဘွား ၁၆၇၀ ဦးအား တစ်လလျှင် ၁၀,ဝ၀ဝ ကျပ်နှုန်း ထောက်ပံ့ခြင်း၊ မသန်စွမ်းမှု အမျိုးအစားအလိုက် လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ရက်ကန်းစင်များ၊ အထည်ချုပ်စက်ရုံများ ထူထောင်ပေးခြင်း၊ ဘေးသင့်ပြည်သူများ၏ လိုအပ်ချက်ပေါ် မူတည်၍ အခြား လိုအပ်သည့် ပစ္စည်းများ ဆက်လက် ထောက်ပံ့ခြင်းနှင့် Red Cross Movement အစီအစဉ်ဖြင့် ဆက်လက် ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက် ရှိနေတယ်လို့လည်း အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာ မြင်ခဲ့ရပါသေးတယ်။

ဒါ့အပြင် စက်မှုဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကိုယ်စီကိုယ်စီ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေနဲ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အထူး အာရုံစိုက် လုပ်ဆောင်နေတဲ့ သတင်းတွေကိုလည်း မြင်ခဲ့ကြရမှာပါ။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကတော့ နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းကတည်းက ရသေ့ တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ကို ကြိုတင်ရောက်ရှိနေပြီး  မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ ကြိုတင်ဖူးမြော်ခဲ့ပြီး  သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ စစ်တွေနဲ့ ရသေ့တောင် ဘုန်းတော်ကြီး ကျောင်းတွေ ကိုရောက်တဲ့အခါ ဆရာတော်ကြီးတွေရဲ့ ဩဝါဒတွေက တူညီနေတာကို ထူးခြားစွာ တွေ့ရတယ်လို့လည်း စိတ်ဝင်စားဖွယ်ရာအချက်တွေကို ပြော ပြခဲ့ပါတယ်။ အဲ့ဒီဩဝါဒတွေထဲက နံပါတ်တစ်အချက်ကတော့ တစ်ဖက် နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံရာမှာ ၁၉၈၂ ခုနှစ်  နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီရမယ်၊ နောက်တစ်ချက်က ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ ကိုက်ညီဖို့နဲ့ အထောက်အထား ခိုင်လုံမှသာ ပြန်လက်ခံဖို့ဆိုတဲ့အချက်တွေ၊ နောက်တစ်ချက်က နယ်စပ်ခြံစည်းရိုး ကာရံဖို့ဆိုတဲ့ကိစ္စမှာ ယခင် ကာသွားတဲ့ ခြံစည်းရိုးအဟောင်းက မခိုင်မခံ့ ဖြစ်နေတဲ့အတွက် လူတွေလည်း ဥဒဟို ဖြတ်သန်းနေကြတာမို့ အခု နိုင်ငံတော်ကနေ ငွေကျပ် ကျပ်ဘီလီယံပေါင်း ၆၀  အကုန်အကျခံ တည်ဆောက်တဲ့အခါ ပလိုင်းပေါက်နဲ့ ဖားကောက်သလို မဖြစ်ဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေတွေ ကုန်သလောက် ခိုင်ခံ့ကောင်းမွန်တဲ့ ခြံစည်းရိုး ဖြစ်ဖို့လိုတယ် ဆိုတဲ့အကြောင်း၊ ဆောက်ထားပြီးတဲ့ ခြံစည်းရိုးကိုလည်း ပြည်နယ်အစိုးရ အဖွဲ့နဲ့အတူ အင်ဂျင်နီယာ ပညာရှင်တွေပါ ပါဝင်တဲ့အဖွဲ့က စစ်ဆေးကြပ်မတ်ပြီး သဘောတူ လက်ခံမှ အတည်ပြုဖို့ ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ သူက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဒီခြံစည်းရိုးတစ်ခုတည်း သာမက ပင်လယ်ပြင်ဘက် ပင်လယ်ကမ်းရိုးတန်းဘက်ကနေ လုံခြုံရေး စောင့်ကြပ်ဖို့ အရေးကြီးတယ် ဆိုတဲ့အကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြည်ပ အကူအညီတွေ ပေးတဲ့အခါမှာ သူတို့သဘောအတိုင်း မပေးစေဘဲ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှု၊ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ကွပ်ကဲမှုတွေနဲ့ ပေးမှသာ မျှမျှတတ ဖြစ်မှာဖြစ်တဲ့အကြောင်း၊ ဒီလိုမှမလုပ်ရင် တိုင်းရင်းသားတွေဘက်မှာ လုံးဝ မရတာမျိုးရှိကြောင်း၊ မျှမျှတတ ပေးဖို့လိုတယ်ဆိုတဲ့ အကြောင်းတွေကို အဓိကထား ပြောကြားခဲ့တယ်လို့လည်း သူကထပ်ပြီး ရှင်းပြခဲ့တာကို တွေ့ခဲ့ရပါတယ်။

အထက်မှာ တင်ပြခဲ့တာတွေကတော့ ဒေသရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီပါ ဌာနဆိုင်ရာတွေနဲ့ သာသနာရေး ဝန်ကြီးတို့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ် မတိုင်မီလေးမှာတင် ဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စတွေအဖြစ် လေ့လာမိကြမှာဖြစ်ပါတယ်။ အခု လက်ရှိ အနေအထားမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီခရီးမှာ သူမအနေနဲ့ ဘာတွေပြောခဲ့မလဲ၊ သူမရဲ့ ဒီခရီးရည်ရွယ်ချက်နဲ့ အတိမ်အနက်က ဘာလဲ၊ ဒီခရီးစဉ်အပေါ် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အနောက်နိုင်ငံအုပ်စုတွေက ဘယ်လိုရှုမြင်ကြမလဲ ဆိုတာတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

သူမရဲ့ ဒီခရီးစဉ်မတိုင်မီ ယခင်ရက်ပိုင်းကတောင် သူမအနေနဲ့ အခါအခွင့်သင့်ရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း ရောက်အောင်လာခဲ့မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း တွေ့ရှိနေရတာ ဖြစ်တဲ့အတွက် သူမရဲ့ဒီခရီးဟာ ဘင်္ဂါလီဒုက္ခသည် အမြောက်အမြားကို လက်ခံထားတဲ့ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စိတ်သက်သာရာ ရသွားစေမလား၊ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေများ လျော့ကျသွားလေမလား ဆိုတာကိုလည်း ဆက်လက် လေ့လာကြရမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ 

အောင်ဇေယျ



FOLLOW US