News

POST TAGGED AS

ရခိုင်အရေး

30-Oct-2017

ရခိုင်အရေး
မြန်မာ့အရေး သွေးအေးလို့ မနေသင့်တော့ပြီ
ရခိုင်မြောက်ပိုင်းဒေသကို အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲ ပြဿနာများကြောင့် မြန်မာအစိုးရနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား သံတမန်ဆက်ဆံရေးမှာ ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့ရသည်။ ထိုပြဿနာ မတိုင်ခင်အထိ ကမ္ဘာ့အင်အားကြီး ဆူပါပါဝါ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အနောက်ဥရောပမှ EU အဖွဲ့ဝင်နိုင်ငံများ၊ အရှေ့ အလယ်ပိုင်းမှ OIC နိုင်ငံများနှင့် ဆက်ဆံရေးမှာ အထူး တိုးတက်မှု ရှိခဲ့သေးသည်။ သို့သော် မောင်တောဒေသ ဖြစ်စဉ်နောက်ပိုင်းတွင် ထိုပြဿနာကို အကြောင်းပြုကာ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် OIC နိုင်ငံအတော်များများနှင့် ဆက်ဆံရေးမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုသို့ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို အမှန်ဆန်းစစ်ကြည့်လျှင်မူ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကစတင်ကာ အစိုးရ၏ နယ်ခြားစောင့် ကင်းစခန်း ၃၀ ကို တစ်ချိန်တည်း စတိုက်ပြီးနောက် ဒေသခံ တိုင်းရင်းသား လူမျိုးအချို့ကို သတ်ဖြတ်ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့သတင်းမီဒီယာ မျက်နှာစာတွင်မူ တစ်ဖက်စောင်း နင်းဆန်သည့် သတင်းများက လွှမ်းမိုးသွားခဲ့ပြီး ထိုအရေးကိုပင် အကြောင်းဖန်ကာ ဤကဲ့သို့ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ ဤအဖြစ်ကိုလည်း အားလုံး သိကြပြီးဖြစ်မည် ထင်သည်။ စာရေးသူ ပြောချင်သည်မှာကား ထိုအကြောင်း မဟုတ်ပေ။

အဓိက ပြောချင်သည်မှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများအနေနှင့် ဤအရေးကို အဘယ့်ကြောင့် ဤမျှအထိ သည်းသည်းလှုပ်ခဲ့ကြသနည်း။ မည်သည့်အတွက် ဤမျှအထိ ဖြစ်လာခဲ့ကြသနည်းဟူသည့် နောက်ကွယ်က အကြောင်းတရားများကိုသာ ဖော်ထုတ်မှန်းဆရင်း ပြောလိုရင်းဖြစ်သည်။ ယနေ့အချိန်တွင် ယခုရက်ပိုင်း တက်လာသည့် သတင်းများအရဆိုလျှင် ထိုဒေသမှာ အတော်အတန် အေးချမ်းသွားပြီဖြစ်သဖြင့် အချို့ဒေသခံ တိုင်းရင်းသားများက သူတို့နေရပ်ကို သူတို့ပြန်နေကြသည်။ စစ်တပ်မှ အချို့သော စစ်အင်အားများကိုလည်း အင်အားများ ထုတ်နုတ်ကာ စစ်တွေမြို့သို့ ပြန်လည် စေလွှတ်ပြီး အရန်အဖြစ် အသင့်ပြန်လည် စုဖွဲ့ထားသည်။

တိုက်ခိုက်မှုများကြောင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံသွားကြသူများ အတွက်လည်း အောက်တိုဘာ ၂၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ အဓိက တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိုအရေးဆွေးနွေးကြကာ နားလည်မှု စာချွန်လွှာနှစ်ခုကို ရေးထိုးခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း အစိုးရဘက်မှ ကော်မတီများဖွဲ့ကာ ထိုဒေသအတွက် ပြန်လည် ထူထောင်ရေးကိစ္စများ၊ လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကိစ္စများအပြင် နေအိမ်များ ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကိုလည်း စတင် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည်။

အစိုးရအနေနှင့် တပ်မတော်နှင့် ပူးပေါင်းပြီး တစ်ဖက်နိုင်ငံနှင့် ထိုလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေသော်ငြားလည်း အခြားတစ်ဖက်တွင်မူ အမေရိကန်နိုင်ငံနှင့် အထက်တွင်ပြောခဲ့သည့် အနောက်အုပ်စုနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများက ယနေ့အချိန်ထိ ဒဏ်ခတ် အရေးယူမည့်ကိစ္စများကို စဉ်းစားဆွေးနွေးလျက် ရှိနေသည်ကို မြင်ရသည်။ အမေရိကန်နိုင်ငံမှ ဦးဆောင်ကာ R2P ဟုခေါ်သည့် (Responsibility to protect) အဖြစ် ခေါင်းစဉ်တပ်ပြီး (Genocide)၊ War Crimes and Ethnic cleansing လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုတို့အဖြစ် ပုံဖော်ကာ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်း ဆွေးနွေးပြီး ထိုဒေသကို ဝင်ရောက်ခြင်း၊ မြန်မာအစိုးရနှင့် တပ်မတော်အပေါ် ဒဏ်ခတ်အရေးယူခြင်းများ ပြုလုပ်ရန် တာစူနေဆဲပင် ရှိနေသေးသည်ကို မြင်ရမည်ဖြစ်သည်။

ဤနေရာတွင် မေးချင်သည်မှာ အမေရိကန်၊ အင်္ဂလန်နှင့် အနောက်နိုင်ငံများအနေနှင့် ဖိလစ်ပိုင်တွင်လည်း အလားတူ ဖြစ်ပေါ်ခဲ့သည့် ပြဿနာများအပေါ်တွင်မူ အဘယ်ကြောင့် ဤသို့ မဖြစ်ခဲ့သနည်း။ ယခုရက်ပိုင်း သတင်းများအရဆိုလျှင် အမေရိကန်အနေနှင့် ထိုင်းနိုင်ငံသို့ ကူညီထောက်ပံ့မည့် သတင်းများလည်း ကြားနေခဲ့ရသေးသည်။ ထိုင်းနိုင်ငံဆိုလျှင်လည်း  အရပ်သား နိုင်ငံရေးသမား ရွေးကောက်ခံ အစိုးရကို စစ်တပ်က အာဏာသိမ်းထားသည့် နိုင်ငံပင်ဖြစ်သော်လည်း ၎င်းအမေရိကန်နှင့် အနောက်အုပ်စုက မည်သည့်အတွက် ယနေ့အချိန်အထိ အကောင်းမြင်နေကြသနည်းဟူသည့် မေးခွန်းများကိုလည်း ဆက်စပ်မေးချင်စရာများ ဖြစ်လာခဲ့သည်။ ထို့အပြင် ယခုရက်ပိုင်းတွင်လည်း အမေရိကန်နှင့် အစ္စရေးတို့က UNSCO အဖွဲ့ကြီးမှ နုတ်ထွက်သွားသည်ဟူသည့် သတင်းများကိုလည်း ကြားကြရမည် ထင်သည်။ ဆိုလိုချင်သည်မှာ ၎င်းတို့ကိုယ်တိုင်ပင် မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသည်၊ မနေသည်မှာ အတော်စဉ်းစားစရာ ဖြစ်နေခြင်းပင်ဖြစ်သည်။

အမှန်တွင်မူ ရခိုင်မြောက်ပိုင်းဒေသတွင် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုများ စတင်ချိန်တွင် ထွက်ပေါ်လာသည့် သတင်းများမှာ ယခုမူ ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ပေါ်လာနေသည်။ ထိုသတင်းမှာ ထိုအစွန်းရောက် အကြမ်းဖက်သမားများ၏ နောက်ကွယ်တွင် အကြောင်းတရားများစွာ ရှိသည်ဟူသည့် သတင်းပင်ဖြစ်သည်။ ထိုအကြောင်းမှာ တရုတ်နိုင်ငံနှင့် အဓိက သက်ဆိုင်သည်။ မြန်မာအစိုးရအနေနှင့် လွတ်လပ်၍တတ်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးနေသည့်အလျောက် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဥရောပ အင်အားကြီး နိုင်ငံများနှင့်လည်း ပလဲနံပသင့်စွာ ဆက်ဆံနေလျက်ရှိသည်မှာ မှန်သည်။ သို့သော်လည်း အမေရိကန်အနေနှင့် သမ္မတထရမ့် တက်လာပြီး နောက်ပိုင်းတွင် သူတို့နိုင်ငံအတွက် တိကျသည့်မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်ထားခြင်းမျိုးမရှိဘဲ ၎င်းသမ္မတလောင်းကာလက ရွေးကောက်ပွဲမဲဆွယ် ဆောင်ပုဒ်ဖြစ်သည့် (Make America Great Again)ဟူသည့်အတိုင်း ၎င်းတို့ အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ စီးပွားရေးသမားပီပီ ဦးတည်ခဲ့သည်။

မြန်မာအစိုးရအနေနှင့် တရုတ်အစိုးရနှင့် နီးနီးကပ်ကပ်နေပြီး စီးပွားရေးအရ ဆက်ဆံခဲ့သည့် အနောက်ထွက်ပေါက် တစ်ခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ရွှေရေနံပိုက်လိုင်း စီမံကိန်းကို နှစ်မြို့ပုံ မပေါ်ခဲ့ချေ။ သူတို့မြင်ထားသည်မှာ တရုတ်အနေနှင့် ထိုကျောက်ဖြူဒေသကို ခြေကုပ်ယူပြီး စစ်စခန်းအဖြစ် တည်ဆောက်ကာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး အနောက်ဥရောပကို စီးပွားရေး စစ်ရေးအရ ထိန်းချုပ်နိုင်သည်ဟု မြင်ထားပုံရသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာအစိုးရအနေနှင့် ရုရှားနှင့် ကာလရှည်ကြာ အဆင်ပြေစွာ ပေါင်းသင်းခဲ့သည်ကိုလည်း အမြင်ကြည်ပုံမရပေ။ ထိုရခိုင်ဒေသကို အကြောင်းပြုပြီး တရုတ်တို့အတွက် အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ကာ သူတို့ကို ကျော်လွန်သွားမည်ကို စိုးရိမ်နေခဲ့ပုံရသည်။ တရုတ်နိုင်ငံအနေနှင့်လည်း နောင်နှစ်ပေါင်း မကြာမီတွင် စီးပွားရေးအရ ဆူပါပါဝါနိုင်ငံအဖြစ် တက်လှမ်းလာတော့မည်ဖြစ်ရာ သမ္မတထရမ့်အနေနှင့် သူ၏ မဲဆွယ်ဆောင်ပုဒ်အတိုင်းလိုပင် အမေရိကန်ကို ယခင်က သူများတကာ အထင်သေး အမြင်သေးဖြင့် ကမ္ဘာ့အလယ်တွင် ပုံရိပ်ကျဆင်းနေမှုကို ပြန်လည် ဆယ်တင်ကာ တိုးမြှင့်နေပုံရသည်။

သို့အတွက်ပင် ယခင်က အမြင်မတူ ဆန့်ကျင်ဘက်ဆန်သည့် OIC နိုင်ငံအချို့နှင့် ယခု အလွန်းသင့်စွာ ပြန်နေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ အစွန်းရောက် အကြမ်းဖက်သမားများကို ချေမှုန်းသည့်ဖြစ်စဉ်အပေါ်တွင်လည်း တစ်စွန်းတစ်စမျှ မထွက်ဘဲ အကူအညီများပင် ပေးခဲ့သေးသည်။ ထိုင်းနိုင်ငံသို့လည်း ဤသို့ပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ ၎င်းတို့တပ်ထားသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် လူသားချင်း ကူညီမှုစောင့်ရှောက်မှုဟု ဆိုထားသော်လည်း အမှန်တွင်မူ ထိုအရာကိုဘန်းပြပြီး နိုင်ငံရေးအရ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ကစားနေခြင်းသာ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

သို့အတွက် ယနေ့အချိန်တွင် ၎င်းတို့အကျိုးစီးပွားကို ထိခိုက်လာနိုင်သည့် မည်သည့်နိုင်ငံကိုမဆို ၎င်းတို့ကျင့်သုံးသည့် နည်းလမ်းများအတိုင်း လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့်သာ ကနဦး နိုင်ငံ့ခေါင်းဆောင်များနှင့် တပ်မတော် ခေါင်းဆောင်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်မည်၊ နောက်တစ်ဖန် စီးပွားရေး ပိတ်ဆို့မည်၊ ထိုမှတစ်ဖန် အရေးယူ ဒဏ်ခတ်မှုများ ဆောင်ရွက်မည်၊ ဤသို့ဖြင့် ကမ္ဘာ့အလယ်တွင် အထီးကျန်အောင်ပြုလုပ်ပြီး အဆက်အသွယ်များ ဖြတ်တောက်ပစ်မည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအရ အရာရာ နောက်ကောက်ကျအောင် ပြုလုပ်ပစ်လေ့ရှိသည်။

သည့်အတွက် နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် အထက်တွင် ခြုံငုံသုံးသပ်ခဲ့သည့်အချက်များမှာ ယနေ့အချိန်တွင် အမှန်ဖြစ်ပေါ်နေသည့် အကြောင်းတရားများဖြစ်ရာ နောက်ဆက်တွဲအဖြစ် အကျိုးတရားများ ကပ်ငြိပါလာနိုင်မည်ဟုလည်း မှန်းဆတွက်ချက်ထားကြရတော့မည်ဖြစ်သည်။ သည့်အတွက် မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့များမှ ထိုအချက်ကို အဓိက တွက်ချက်ကာ ဖြစ်ပေါ်လာနိုင်မည့် အရေးများအတွက် စုရုံးပြင်ဆင်ပြီး စည်းလုံး ညီညွှတ်ရတော့မည့် အချိန်အခါလည်း ဖြစ်နေသည်။ ယနေ့အချိန်တွင် မည်သူ့ကြောင့်၊ မည်ဝါ့ကြောင့်ဟုလည်း လက်ညှိုးထိုးပြရတော့မည့် ကာလလည်း မဟုတ်တော့ပေ။ နိုင်ငံရေးပါတီများ အချင်းချင်း၊ တိုင်းရင်းသားများ အချင်းချင်း အပြန်ပြန် အလှန်လှန် ထိုးနှက်တိုက်ခိုက်ပြီး ရန်စောင် ပုတ်ခတ်ပြောဆိုနေကြရတော့မည့်ကာလကိုလည်း ကျော်လွန်ချိန်တန်နေပြီဖြစ်သည်။ သို့တည်းမဟုတ်ပါက အဆိုးသံသရာ တောမှ ရုန်းမထွက်နိုင်သလိုဖြစ်ပြီး နိုင်ငံမတည်ငြိမ်ခြင်း၊ မဖွံ့ဖြိုး မတိုး တက်ခြင်းနှင့် တရားဥပဒေမဲ့ခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု နိမ့်ကျခြင်း၊ ဆင်းရဲမွဲတေမှု များနေခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်းများ ဆက်လက် ကြုံတွေ့ကြရပြီး အရှေ့တောင်အာရှဒေသတွင်းတွင် အနိမ့်ကျဆုံး နိုင်ငံအဖြစ် ခေါင်းမထောင်နိုင်ဖြစ်ကြရတော့မည်ဖြစ်၍ မြန်မာ့အရေးကို သွေးအေးလို့ မနေသင့်တော့ပါကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ 

သန်းဖြိုးနိုင်



FOLLOW US