News

POST TAGGED AS

ရခိုင်အရေး

ရခိုင်အရေးနဲ့ မီဒီယာ
ရခိုင်အရေးနဲ့ ပတ်သက်ပြီး အနောက်မီဒီယာတွေ၊ ပြည်ပ မီဒီယာတွေရဲ့ ရေးသားပြောဆိုမှုတွေကို ဖတ်ရတိုင်း စိတ်မသက်မသာဖြစ်ရပါတယ်။ အထူးသဖြင့် နယူးယော့ခ်တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ စီအန်အန် အပါအဝင် ဒေသတွင်းက ဘန်ကောက်ပို့စ်၊ စထရိတ်တိုင်း၊ စီအန်အေအိုင် အစရှိတဲ့ မီဒီယာတွေက ရေးကြ။ ပြောကြ၊ ဝေဖန်ကြတဲ့ အသုံးအနှုန်းတွေ၊ ဝေါဟာရတွေ၊ သူတို့ရဲ့ တစ်ဖက်သတ်အမြင်တွေပါ။ ကိုယ့်နိုင်ငံ မကောင်းကြောင်း တခြား နိုင်ငံမီဒီယာတွေက ဝေဖန်တဲ့အခါ မခံချိမခံသာ ဖြစ်မိတာလည်း အမှန်ပါ။ သူတို့ ဝေဖန်ပြောဆိုနေကြတာတွေဟာ အမှန်တွေပဲလား၊ ယထာဘူတ ကျရဲ့လားလို့ ကိုယ့်ဘာသာကိုယ်လည်း ပြန်မေးခွန်းထုတ်မိပါတယ်။ 

တချို့ကိစ္စတွေကျတော့ ကိုယ်တိုင်လည်း မမြင်မတွေ့ရ။ သူတို့စွပ်စွဲသလို ကိုယ့်ဘက်က တကယ်ပဲ လူ့အခွင့်အရေး ချိုးဖောက်၊ လူသားချင်း ရာဇဝတ်မှု ကျူးလွန်တဲ့အဖြစ်တွေဟာ တကယ်ပဲလားဆိုတာလည်း သံသယ ဖြစ်မိတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူ တစ်ဦးအနေနဲ့တော့ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုမျိုး၊ လူသား အချင်းချင်း ရက်စက်မှုမျိုးကိုမှ လက်မခံပါဘူး။ ဒါပေမဲ့ အနောက်မီဒီယာတွေ အားလုံးက ရခိုင်အရေးနဲ့ ပတ်သက်လာရင် ဘာ့ကြောင့် တစ်သံတည်း ထွက်နေကြတာလဲ။ နောက်ဆုံး ကုလသမဂ္ဂလို အဖွဲ့အစည်းတွေကပါ ဒီပြဿနာအပေါ် ရှုမြင်သုံးသပ်ပုံတွေမှာ မြန်မာအစိုးရက လွန်ကျူးတယ်။ လူသားချင်းစာနာ ထောက်ထားမှု ကင်းမဲ့တယ်။ A text book example of ethnic cleansing  ဆိုပြီး သုံးနှုန်းတာတွေ ဖြစ်လာတယ်။ ကိုယ့်ဘက်က အသိအမှတ်လည်းမပြု၊ လက်လည်းမခံတဲ့ “ရိုဟင်ဂျာ”ဆိုတဲ့ ဝေါဟာရတောင် ဒီနေ့ ကမ္ဘာ့မီဒီယာတွေမှာ တွင်ကျယ်သွားပြီ။ 

“ရခိုင်အရေးမှာ သံတမန်တွေ အသံတိတ်နေတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ နယူးယော့ခ်တိုင်းက ဆောင်းပါးတစ်ပုဒ် မကြာခင်က ဖတ်လိုက်ရတယ်။ ဆောင်းပါးရှင်က အရင် တိုင်းမ်မဂ္ဂဇင်းရဲ့ အရှေ့တောင်အာရှရေးရာ အကြီးအကဲ၊ ခုတော့ နယူးယော့ခ်တိုင်းမ် သတင်းစာရဲ့ အရှေ့တောင်အာရှရေးရာ အကြီးအကဲ Hannah Beech ။ ဒီအမျိုးသမီးက အရင်တုန်းကလည်း ရခိုင်ပြဿနာအကြောင်း တိုင်းမ်မှာ မျက်နှာဖုံးဆောင်းပါး ရေးဖူးတယ်။ သူရဲ့ ရခိုင်အရေးရှုမြင်ပုံက အရင်အတိုင်းပဲ။ Buddhist majority ဆိုတဲ့ အသုံးအနှုန်း၊ ethnic Rohingya Muslims minority ဆိုတဲ့အသုံး အနှုန်းတွေ တွင်တွင်သုံးလေ့ရှိတယ်။ 

YANGON, Myanmar — It is unfolding again: Troops have unleashed fire and rape and indiscriminate slaughter on a vulnerable minority, driving hundreds of thousands of civilians to flee and creating a humanitarian emergency that crosses borders.

A crisis in Myanmar that many saw coming has brought a host of uncomfortable questions along with it: Why did the world — which promised “never again” after Rwanda and Bosnia, then Sudan and Syria — seemingly do so little to forestall an ethnic cleansing campaign by Myanmar’s military? And what can be done now to address the urgent humanitarian calamity caused when more than half of Myanmar’s ethnic Rohingya Muslims fled the country over just a few weeks?

ဆောင်းပါးရဲ့ စကတည်းက “စစ်သားများရဲ့ ပစ်ခတ် သုတ်သင် အဓမ္မ ပြုကျင့်ခံရမှုနဲ့ မောင်းထုတ်ခြင်း ခံနေရတဲ့ ထောင်ပေါင်း များစွာသော အကာအကွယ်မဲ့ လူနည်းစု အရပ်သားတွေရဲ့ ထွက်ပြေးမှုဟာ နိုင်ငံတကာ အရေးပေါ် လူသားချင်း ကယ်တင်ရေး အခြေအနေ တစ်ရပ်ကို ဖန်တီးပေးနေပြီ”ဆိုပြီး ဖွင့်ထားပါတယ်။ ဒီနေရာမှာ ပစ်ခတ်၊ သတ်ဖြတ်၊ အဓမ္မကျင့်၊ မောင်းထုတ်ဆိုတဲ့ အသုံးအနှုန်းတွေ ပါဝင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်ရေး စီမံချက်ဆိုတဲ့ အသုံးအနှုန်းနဲ့အတူ ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာရဲ့ ethnic Rohingya Muslims သန်းတစ်ဝက်ကျော် တစ်ဖက်နိုင်ငံကို ထွက်ပြေးရတဲ့ အကြောင်းကို ရဝမ်ဒါ၊ ဘော့စနီးယား၊ ဆူဒန်၊ ဆီးရီးယားတို့နဲ့ ပုံနှိုင်းပြီး ရေးပါတယ်။ ဆောင်းပါးရည်ရွယ်ရင်းက မြန်မာနိုင်ငံမှာ ဒီလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါရဲ့နဲ့ ဘာ့ကြောင့် သံတမန်တွေက အသံတိတ်နေကြသလဲ။ ဘာ့ကြောင့် လူသိထင်ရှား မထုတ်ဖော်ဘဲ ရေငုံနှုတ်ပိတ်နေသလဲ ဆိုတာပါ။ သံတမန်တွေက မြန်မာအစိုးရနဲ့ ပုံမှန် ဆက်ဆံရေး ထူထောင်ထားဖို့ပဲ သဘောထားရှိပုံ၊ အခု လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက အမိန့်ပေးနေတာ မဟုတ်ဘဲ သူမကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ စစ်တပ်ရဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ကောက်ချက်ဆွဲပါတယ်။ 

ပြောချင်တာကတော့ ဆောင်းပါးရဲ့ အာဘော်မဟုတ်ပါ။ ဆောင်းပါးပါ အသုံးအနှုန်း ဝေါဟာရတွေပါ။ ဒီအသုံးအနှုန်းတွေ အရေးအသားတွေကို ဖတ်ရတဲ့အခါ စိတ်မသက်မသာ ခံစားရပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အနောက်မီဒီယာတွေမှာ ဆက်စပ် ဆောင်းပါးတွေ အများကြီး ရှိနေပါပြီ။ တစ်ခုသော ဆောင်းပါးဆိုရင် They threw my baby into a fire “ကျွန်မသမီးကို သူတို့ မီးပုံထဲ ပစ်ထည့်တယ်”ဆိုပြီး မြန်မာစစ်သားတွေ ရက်စက်ပုံအကြောင်း ဘင်္ဂါလီအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်တွေကို အခြေခံပြီး ရေးသားထားတယ်။ ဒီဆောင်းပါးမှာ မြန်မာစစ်သားတွေက ရွာထဲဝင်လာပြီး ဘင်္ဂါလီတွေကို အုပ်စုလိုက် ရွာပြင် ခေါ်ထုတ်သွာပြီး ယောက်ျားတစ်စု၊ မိန်းမတစ်စု ခွဲလိုက်ပြီး ယောက်ျားတွေကို ခေါင်းဖြတ်သတ်ပြီး မိန်းမတွေကို အဓမ္မ ပြုကျင့်တယ်လို့ ရေးသားထားတယ်။ သတင်းထောက် Jeffery gentlemen ဆိုသူက ကော့ဘဇားဘက်က ဒုက္ခသည်စခန်းတစ်ခုကို သွားရောက်ပြီး တွေ့ဆုံမေးမြန်းခဲ့တာလို့ သိရတယ်။ ထုံးစံအတိုင်း သတင်းထောက်က ရာဂျူးမားလို့ အမည်ပေးထားတဲ့ ဘင်္ဂါလီ အမျိုးသမီးတစ်ဦးကို မြန်မာစစ်သားတွေက ဘယ်လို အဓမ္မပြုကျင့်ပုံကို ရုပ်ရှင်ဆန်ဆန် ဇာတ်နာအောင် ရေးပါတယ်။ ခါးတစ်ဝက်လောက် နစ်နေတဲ့ ရေထဲရပ်နေတဲ့ ဘင်္ဂါလီအမျိုးသမီးဟာ လက်တစ်ဖက်က သူမရဲ့ကလေးငယ်ကို ပွေ့ချီထားတယ်။ စစ်သားတစ်စုက အဲဒီအမျိုးသမီးကို ပါးရိုက်၊ လက်ထဲက ကလေးကိုလုယူပြီးတော့ မီးပုံထဲ ပစ်ထည့်လိုက်တယ်လို့ ဆိုတယ်။ ပြီးတော့ အဲဒီအမျိုးသမီးကို စစ်သားတွေက တဲတစ်ခုကိုဆွဲခေါ်သွားပြီး အဓမ္မ ပြုကျင့်ကြတယ်လို့ ဆိုတယ်။ တစ်ဆက်တည်းမှာ ဒီဘင်္ဂါလီအမျိုးသမီးဟာ သွေးအလိမ်းလိမ်း အဝတ်ဗလာနဲ့ လယ်ကွင်းတွေကို ဒယိမ်းဒယိုင်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ပြေးလာခဲ့ရတယ်လို့ ရေးထားတယ်။ ဇာတ်နာအောင် ပုံဖော်ထားသလား၊ တကယ် ဖြစ်ရပ်မှန်လားဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် ဒီရေးသားမှု၊ တစ်ဖက်သတ်ရရှိတဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး ဆောင်းပါး ရေးလိုက်တဲ့အခါ ကမ္ဘာကြီးမှာ မြန်မာဟာ လူ့အခွင့်အရေး ချိုးဖောက်၊ လူမျိုးတုံး သတ်ဖြတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် ပုံပေါ်သွားပါတယ်။ 

အခြားတစ်ဖက်မှာ ရခိုင်နဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ ဟိန္ဒူလူမျိုးတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ဟာ မှေးမှိန်နေပြီး ဘင်္ဂါလီ ဒုက္ခသည်တွေ နေ့စဉ် ထောင်သောင်းချီပြီး နယ်စပ်ကိုဖြတ်ကျော် ဝင်ရောက်နေပုံနဲ့ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကို ကြောက်ရွံ့ထွက်ပြေးနေရပုံတွေသာ ကမ္ဘာ့မီဒီယာတွေမှာ လွှမ်းမိုးနေပါတော့တယ်။ 

ဒီနေရာမှာ အနောက်မီဒီယာတွေရဲ့ ရေးသားချက်တွေဟာ အမှန်တွေပဲလား။ မြန်မာစစ်တပ်ဟာ အခုဆောင်းပါးမှာ ရေးထားသလိုပဲ ရွာတွေ မီးရှို့၊ တွေ့သမျှ ယောက်ျားတွေကို သတ်၊ မိန်းမတွေကို မုဒိမ်းကျင့်၊ ကလေးတွေကို လက်စတုံး လုပ်ခဲ့သလား။ အခု ရေးသားမှုတွေဟာ ဘင်္ဂါလီဒုက္ခသည်တွေရဲ့ ပြောဆိုမှုကို အခြေခံပြီး ရေးသားနေတာပါ။ ဒီဘက်အခြမ်းမှာ ဖြစ်နေတာ၊ တိုင်းရင်းသားတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေ မပါပါဘူး။ Story တစ်ခုကို တည်ဆောက်တဲ့နေရာမှာ နှစ်ဖက် အဖွဲ့အစည်းတွေဆီက ရရှိတဲ့အချက်တွေကို အခြေခံမှသာ ခိုင်မာတဲ့သတင်း ဆောင်းပါးတစ်ခုဖြစ်မှာပါ။ အခု အနောက်မီဒီယာတွေ ပုံဖော်ရေးသားနေကြတဲ့ အချက်အားလုံးဟာ ကုလသမဂ္ဂ၊ အန်ဂျီအို၊ အိုင်န်အန်ဂျီအို၊ Human Rights Watch၊ ယူနီဆက်ဖ် စတဲ့အဖွဲ့အစည်းများရဲ့ အဖွဲ့ဝင်တွေဆီက ရရှိတဲ့အချက်တွေကို ပုံကြီးချဲ့ထားတာတွေသာ ဖြစ်တယ်။ 
ဒီနေ့ကမ္ဘာပေါ်မှာ ဒုက္ခသည် အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ကျိုးစီးပွားရှာနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိနေပါပြီ။ သူတို့အတွက်တော့ ရခိုင်ပြဿနာဟာ လုပ်စားလို့ အကောင်းဆုံး နေရာသစ်တစ်ခုပါ။ တကယ် ထိခိုက်နစ်နာရတာက ကိုယ့်နိုင်ငံပါ။

အနောက်မီဒီယာတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ သူတို့ဆီမှာလည်း တစ်နေ့တခြား ယုံကြည်မှု ကျဆင်းနေတာ တွေ့ရပါတယ်။ မီဒီယာတွေကို လူတွေက မယုံကြတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ သမ္မတ ဒေါ်နယ်ထရမ့်က CNN နဲ့ NBC သတင်းဌာနတွေရဲ့ ရိုးသားမှု မရှိပုံကို လူသိရှင်ကြား ထုတ်ပြောခဲ့သေးတယ်။ “ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအနိုင် ရပြီးတော့ မီဒီယာတွေ တည်ငြိမ်မှု ရှိလာမယ်၊ ရိုးသားလာမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ အံ့အားသင့်စရာ ကောင်းအောင်ပဲ သူတို့ မရိုးသားခဲ့ကြဘူး”၊ “CNN ကတော့ ဟာသပဲ။ NBC ကလည်း လုံးဝ ဟာသပဲ၊ သူတို့ပေးတဲ့သတင်းတွေက ကျွန်တော်နဲ့ ဘာမှဆက်စပ်မှုမရှိဘူး”ဆိုပြီး ဒေါ်နယ်ထရမ့်က ပြောခဲ့တယ်။ ဒီသတင်းဌာနတွေ သာမက နယူးယော့ခ်တိုင်းမ်နဲ့ ဝါရှင်ပို့စ် သတင်းစာတွေကလည်း သူတို့လိုရာ ဆွဲပြီးရေးနေကြတယ်လို့ ထရမ့်က ပြောပါတယ်။ “You know, they have an agenda”လို့ ဆိုတယ်။ အမေရိကန်သမ္မတ ကိုယ်တိုင် အယုံအကြည် ကင်းမဲ့နေတဲ့ အနောက်မီဒီယာတွေရဲ့ ရေးသားပြောဆိုမှုတွေကို ခန့်မှန်းလို့ ရပါတယ်။ သူတို့မှာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိပါလိမ့်မယ်။ အနောက်မီဒီယာ၊ အထူးသဖြင့် အမေရိကန် မီဒီယာတွေက ဘယ်လောက်တောင် လွဲချော်ခဲ့သလဲဆိုရင် ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကိုကြည့်ရင် သိသာပါတယ်။ 

မီဒီယာတွေက ဟီလာရီကလင်တန်ဘက်က ပုံအောအားပေးခဲ့ပေမယ့် နောက်ဆုံးမှာ ထရမ့်ဘက်က အမေရိကန်မဲဆန္ဒရှင်အမြောက်အမြားရှိနေတာ ကြိုပြီး မခန့်မှန်းနိုင်ခဲ့ကြဘူး။ ဒီရွေးကောက်ပွဲမှာ အမေရိကန်မီဒီယာတွေ အရေးနိမ့်သွားချိန်ကစလို့ သူတို့အပေါ် လူတွေရဲ့ယုံကြည်မှုက ကျဆင်းသွားခဲ့တာပါပဲ...။

ချစ်ဝင်းမောင်



FOLLOW US