News

POST TAGGED AS

ရခိုင်အရေး

မြန်မာ့ယုံတမ်းပုံပြင် စွန့်လွှတ်ရမည့်အချိန်
ဒေါက်တာ သန့်မြင့်ဦး ရေးသားသည်။

(ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို ဘင်္ဂါလီ ဟု ပြောင်းလဲဖော်ပြပါသည်)

ဘင်္ဂါလီ အရေး လူမှုဒုက္ခ အကျပ်အတည်းနှင့် စီးပွားရေး ပြဿနာများသည် အားရဖွယ်မရှိသော အနာဂတ် အလားအလာကို ဖန်တီးပေးနေသည်။ 

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် စစ်အာဏာရှင်စနစ်၏ အမှောင်မိုက်ဆုံး နေ့ရက်များ နောက်ပိုင်း မည်သည့်အချိန်ထက်မဆို ပူပန်စရာ အကောင်းဆုံး ပုံရိပ်တစ်ခုကို ဖော်ကျူးနေသည်။ ကမ္ဘာ ကြီးသည် ဘင်္ဂါလီ အကျပ်အတည်းနှင့် ဒုတိယကမ္ဘာ စစ်နောက်ပိုင်း အကြီးဆုံးဒုက္ခသည် စွန့်ခွာထွက်ပြေးမှုများ တစ်ခုမှ သိန်းနှင့်ချီသော ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များအပေါ် အာရုံစိုက်လျက်ရှိသည်။ 

အဆိုးဆုံး အခြေအနေမှာ မလွန်မြောက်သေး။ လူသားချင်း စာနာမှု အကူအညီများမှ လိုအပ်သည်ထက် နည်းနေဆဲဖြစ်သလို ဒုက္ခသည်များ ပြန်လာရေး သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေး စတင်ရန် ဆွေးနွေးမှုများကလည်း စသည်ဆိုရုံမျှ ရှိသေးသည်။

အနောက်နိုင်ငံများက ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများ လုပ်လာနိုင်ခြေ ရှိပါသည်။ တရားဝင် အရေးယူ ပိတ်ဆို့မှုများ မချမှတ်သည့်တိုင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုနှင့် ခရီးသွားလုပ်ငန်း ကိန်းဂဏန်းများ ထိုးဆင်းသွားနိုင်သည်ကတော့ သံသယဖြစ်ဖွယ် မရှိပေ။ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု ကျဆင်းချိန်၊ ဘဏ်များ မတည်မငြိမ် ဖြစ်ချိန်လည်း ဖြစ်သည်။ အာရှမှ အဆင်းရဲဆုံးသော ပြည်သူသန်းပေါင်း များစွာတို့ သည် လက်မခံနိုင်လောက်စရာ မှုန်ပျသည့် အနာဂတ်ကို မကြာမီ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

စီးပွားရေး ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ ယခုကတည်းက ပျက်စီးကျိုးပျက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုက်ရိုက် ခြိမ်းခြောက်လျက် ရှိပေသည်။ ဤတိုင်းပြည်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခန့်မှန်းခြေ ၂၀ ခန့်ရှိရာ အရပ်ဖြစ်သလို ယင်းတို့အနက်မှ အကြီးဆုံးအဖွဲ့သည် အင်အား ၂၀,ဝ၀ဝ ကျော်ရှိပြီး ရာနှင့်ချီသော ဒေသခံ ပြည်သူ့စစ်များပါရှိနေသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပြင်းထန်သော တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သလို ထိုင်းနှင့် တရုတ်နယ်စပ်တစ်လျှောက် ပြည်တွင်း၌ပင် လူ ၅ သိန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရသည်။ စီးပွားရေး ဖွံ့ဖြိုးမှု တစ်ခုတည်းက ငြိမ်းချမ်းရေးဆီသို့ ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သော်လည်း အားလုံးပါဝင်ပြီး လျင်လျင်မြန်မြန် ဖွံ့ဖြိုးသော စီးပွားရေးဖြင့် မောင်းနှင်နိုင်ခြင်းမရှိလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရှိန် အဟုန်ရှိမည် မဟုတ်ပေ။

ယခုနောက်ဆုံး အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သော ဩဂုတ်လအတွင်း တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် Arakan Rohingya Salvation Amry (ARSA) သည် နောက်ထပ်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာနိုင်သည်။ ထို့ထက် ပိုဆိုးနိုင်သည့် ခန့်မှန်းခြေ အခြေအနေ တစ်ရပ်မှာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများမဟုတ်သည့် အခြားသော မွတ်ဆလင် ၂ သန်းခန့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာဝင် အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ ဗဟိုချက်မှ မြို့ကြီးများ ကို နိုင်ငံတကာမှ ဂျီဟတ်ဝါဒီအုပ်စုများ၊ အခြား အုပ်စုများက ပစ်မှတ်ထားလာနိုင်သည့် အခြေအနေ ဖြစ်သည်။ တင်သွင်းလာသော အကြမ်းဖက်ဝါဒသည် လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခကို အလွယ်တကူ မီးမွှေးပေးနိုင်ပြီး အကြီးအကျယ် ပျက်စီးမှု အကျိုးဆက်မျိုး ဖြစ်ပေါ်လာစေနိုင်သည်။

အနောက်ကမ္ဘာမှာ အများစု၏ အမြင်အရတော့ မြန်မာနိုင်ငံဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုနှင့် မည်သူမည်ဝါ အဓိက ခေါင်းတပ်မထားသော စစ်အစိုးရအကြား စီးချင်းထိုးအားပြိုင်မှု သက်သက်အဖြစ်သာ ဆယ်စုနှစ်များစွာ ရှုမြင်ခဲ့ကြသည်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၏ နက်ရှိုင်းမှုနှင့် ရှုပ်ထွေးမှုကို နားလည်ချင်သူများ သို့မဟုတ် လက်တွေ့ကျသော နည်းလမ်းဖြင့် ရှေ့ဆက်နိုင်ရေး ကူညီချင်သူများကတော့ အနည်းငယ်သာ ရှိပေသည်။ မူဝါဒ အလွဲအမှားသည် နိုင်ငံရေးအရ ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ပေသည်။

နိုင်ငံတွင်းမှာတော့ မြန်မာပြည်သည် စစ်အာဏာရှင်တို့၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားရသော လမ်းလွဲသွားသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်ခုဆိုသော ဒဏ္ဍာရီတစ်ခု၊ မဝေးတော့သည့်အချိန်တွင် ရွှေခေတ်ပြန်ရောက်ရမည်ဆိုသော ယုံကြည်မှုတို့က လွှမ်းမိုးထားသည်။ ယင်းမှနေ၍ ကြောင်းကျိုး ဆက်စပ် လက်ခံထားကြသည်မှာ တစ်ချက်ကလေး ပြောင်းလိုက်လျှင်၊ ဆိုလိုသည်မှာ ဒီမိုကရေစီအစိုးရခေတ်ကို ပြောင်းလိုက်ရုံဖြင့်၊ အလားအလာ အားလုံး ပွင့်လန်းလာပြီး တိုင်းပြည်ကို ဒေသတွင်း သာယာဝပြောမှု အရှိဆုံးနိုင်ငံတစ်ခုဆိုသော နေရာမှန်သို့ ပြန်ပို့နိုင်လိမ့်မည်ဆိုသည့် အယူအဆဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသော အခြေခံ အချက်အလက် အသေးစိတ်ဆိုသည်ကတော့ မည်သည့်နေရာတွင်မှ မတွေ့ရပေ။

ယင်းမှာ အနှစ် ၂၀ ကြာ အရေးယူ ပိတ်ဆို့မှုများ၊ အနှစ် ၃၀ ကြာ မိမိဘာသာ သီးသန့် အထီးကျန် နေထိုင်ခဲ့မှု၊ အနှစ် ၅၀ ကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မှု၊ အနှစ် ၇၀ ကြာ ပြည်တွင်းစစ်၊ အနှစ် ၁၀ဝ ကျော်ကြာ ကိုလိုနီလက်အောက် ကျရောက်မှုတို့၏ သက်ရောက်မှုများအပေါ် ပေါ့ပေါ့လေး ဖြေရှင်းရေးကို အားသန်တိမ်းညွှတ်မှုပင်ဖြစ်သည်။

ကျန်းမာရေးနှင့် ပညာရေးအပေါ် အစိုးရအသုံးစရိတ် မရှိသလောက် နည်းပါးခဲ့သည့် မျိုးဆက်ပေါင်း များစွာ၏ သက်ရောက်မှုကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။ နိုင်ငံခြားသား မလိုလားသည့် သဘောထား တိမ်းညွှတ်မှုမှာ နိုင်ငံရေး ရှုမျှော်ခင်း နေရာအနှံ့တွင်  အမြစ်တွယ်နေသည်။ နိုင်ငံ့အခြေခံ အဖွဲ့အစည်းများမှာ အားနည်း ကျိုးပျက်လွယ်လွန်းပြီး နိုင်ငံ့ဒေသ အများအပြားတွင် အမှန်တကယ် စိုးမိုးသက်ဝင်နိုင်စွမ်း မရှိသလောက် ဖြစ်နေသည်။ မည်သည့်မျက်နှာ စာ၌မဆို၊ အမြင့်ဆုံးနိုင်ငံရေး ဆန္ဒဇောအဟုန်ဖြင့်ပင် တိုးတက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ပြီးခဲ့သည့်နှစ်များအတွင်း အချို့သော ကိစ္စများတွင်တော့ ကျိန်းသေပေါက် တိုးတက်လာခဲ့ပါသည်။ နိုင်ငံရေး နယ်ပယ်သည် ရာစုနှစ်ဝက်အတွင်း အလွတ်လပ်ဆုံး ဖြစ်လာသလို အနည်းဆုံးတော့ စစ်အာဏာရှင်စနစ်မှ တစ်ဝက်တစ်ပျက် ရွေးကောက်ခံ အစိုးရသို့ အစမ်းသဘော အသွင်ကူးပြောင်းမှု ပြုနိုင်ခဲ့သည်။

သို့သော်လည်း တိုင်းပြည်တွင် ရင်ဆိုင်နေရသော ရောယှက်နေသည့် စိန်ခေါ်မှုမျိုးစုံမှာ ကြီးမားလွန်းလှရာ ဆက်လက် အကောင်းမြင်ဇာတ်လမ်း ပြောရန် ခက်ခဲလွန်းလှသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျှသာ မဟုတ်၊ စီးပွားရေး၊ ဘင်္ဂါလီ အကျပ်အတည်းထိဖြစ်သည်။

ရွှေ့ပြောင်း အခြေချမှု၊ မြို့ပြဖြစ်ထွန်းမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ ဆက်သွယ်ရေးစနစ် ပြုပြင် ပြောင်းလဲမှုမှ ပေါ်ထွက်လာသော ခံစားချက်သစ် များနှင့် လုပ်ငန်းစဉ်သစ်များသည် လူမှုရှုမျှော်ခင်းကို ပြန်လည် ပုံဖော်လျက်ရှိသည်။ တရုတ်နှင့် ဆက်ဆံရေးသည် အပြောင်းအလဲ ဆုံမှတ်တစ်ခုသို့ ရောက်ရှိနေပြီး ဧရာမ အခြေခံ အဆောက်အအုံ စီမံကိန်းသစ်များ ဖြစ်ပေါ်လာနိုင်ခြေနှင့်အတူ မြန်မာနိုင်ငံ၏ ပထဝီအနေအထားကိုပါ ပြန်လည် ဆန်းသစ်လာစေနိုင်သည်။

တစ်ချိန်တည်းတွင်ပင် မည်သူကမျှ ရေရှည်ကို ထည့်မတွက်သလို ဖြစ်နေသည်။ မြောက်ပိုင်း ရခိုင်ပြည်နယ် အရေးကိုပဲ ကြည့်လျှင်ပင်၊ မျက်မှောက်ကာလတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနှင့် အနာဂတ်တွင် ဒုက္ခသည်များ ပြန်လာခြေရှိသည့် နေရာမှာ နောင် ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်အကြာတွင် မည်သို့ ဖြစ်လာမည်နည်း။ တရုတ်နှင့် အိန္ဒိယအကြား ဆူပါ အမြန်လမ်းမကြီး၏ တစ်ထောက်နားရာ နေရာလော သို့တည်းမဟုတ် ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပင်လယ်အတွင်း မြုပ်သွားမည်လော။

ကျွမ်းကျင်သော ပညာရှင် တက်ခနိုခရက်များ၏ ပံ့ပိုးမှုရရှိသော အတွေ့အကြုံရှိ အစိုးရ တစ်ရပ်ပင်လျှင် အနာဂတ်အတွက် အသာထား၊ ယနေ့ မြန်မာနိုင်ငံတွင် စီမံကိုင်တွယ်နေရသည့် အခြေအနေကို ကိုင်တွယ်ရန် ရုန်းကန်ရနိုင်သည်။

ပြင်ပကမ္ဘာအနေဖြင့် လက်ရှိတွေ့နေမြင်နေသော အကျပ်အတည်းကို ဦးစားပေးသည်မှာလည်း  မှန်ပါသည်။ သို့သော်လည်း မြန်မာ့ယုံတမ်းပုံပြင်ကို တစ်ခါတည်းနှင့် အပြီးစွန့်လွှတ်လိုက်ရန် ၊ မြန်မာနိုင်ငံတွင် လုပ်ကိုင်စီမံနေရသည်မှာ ပျက်စီးလုနီးပါး တိုင်းပြည်တစ်ပြည်တွင် စီမံနေရခြင်းပင် ဖြစ်သည်ဆိုသောအချက်ကို အသိအမှတ်ပြုရန်၊ တိုင်းပြည်၏ ကိုယ်စွမ်း ကိုယ်စ အားကောင်းလာစေရေး အားထုတ်မှုများကို အထူးသဖြင့် ကျန်းမာရေးနှင့် စီးပွားရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နှစ်ဆအရှိန်မြှင့်ရန်တို့မှာလည်း အလားတူ အရေးပါသည်ဆိုခြင်းနှင့် ယင်းတို့အနက်မှ အရေးအကြီးဆုံးအဖြစ် အားလုံးအတွက် စိတ်လှုပ်ရှားဖွယ် အနာဂတ်တစ်ခုအကြောင်း လတ်ဆတ်သော အတွေးအခေါ်များ ဉာဏ်သစ်လောင်းနိုင်ရေး ကူညီရန်တို့ကိုလည်း စဉ်းစားဖို့ လိုအပ်ပေသည်။

သို့မဟုတ်လျှင်ကား လက်ရှိအကျပ်အတည်းသည် နောက်ထပ်လာဦးမည့် အကျပ်အတည်း အများအပြားအနက်မှ ပထမဆုံးတစ်ခုသာ ဖြစ်သွားလိမ့်မည်ဖြစ်သည်။ 

Ref : Finnancial Times, It is time to jettison the Myanmar fairytale by Thant Myint U



FOLLOW US