News

POST TAGGED AS

ရခိုင်အရေး

18-Oct-2017

ရခိုင်အရေး
ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကုန်သည်စက်မှု အသင်းချုပ် ကူညီမည်
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ပျက်စီးယိုယွင်းခဲ့သည့်ဒေသများ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်အတူ ညီနောင်အသင်းများက အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပုဂ္ဂလိကကဏ္ဍက အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine) တွင် သက်ဆိုင်ရာ ကျွမ်းကျင်သည့်ကဏ္ဍမှ ပါဝင်ကူညီမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“ပြည်သူက ပြည်သူကို စောင့်ရှောက်မျှဝေ ထောက်ပံ့ ကူညီတဲ့ပုံစံနဲ့ ကူညီသွားမယ်”ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောဆိုသည်။

သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ပုဂ္ဂလိကကဏ္ဍမှ ကူညီရေးအဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်၍ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး လိုအပ်ချက်များအပြင် အထိရောက်ဆုံး ပြန်လည် ထူထောင်နိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းများကို ကွင်းဆင်းလေ့လာမည်ဖြစ်ပြီး ယင်းလေ့လာတွေ့ရှိချက်များကို အခြေခံ၍ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ကျွမ်းကျင်မှုနှင့် အထောက်အပံ့များကို စုစည်းကာ လုပ်ငန်း စီမံချက်များ ချမှတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ထိုသို့ အကူအညီပေးရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် UMFCCI တို့ တွေ့ဆုံညှိနှိုင်းခဲ့ရာတွင် ဦးစားပေး လုပ်ငန်းများ အဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဆေးပေးခန်းနှင့် စာသင်ကျောင်းများ တည်ဆောက်ရေးတို့ကို လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

S-04



FOLLOW US