News

POST TAGGED AS

ရခိုင်အရေး

ဘင်္ဂါလီအရေးက အစိုးရအတွက် ဖြတ်မျဉ်းတစ်ကြောင်း ဖြစ်လာနေပြီလား
ယခုရက်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်အပေါ် ထောက်ခံပွဲများကို နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ပြန်လည် ပြုလုပ်လာနေကြသည်။ ထိုထောက်ခံပွဲများကို ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် စတင် ပြုလုပ်ခဲ့ရာမှ ယခုရက်ပိုင်းတွင် အခြားမြို့ကြီးများတွင်လည်း ခပ်စိပ်စိပ် ပြုလုပ်လာခြင်းဖြစ်ပြီး ထိုထောက်ခံပွဲများနှင့်အတူ ယှဉ်တွဲ ပြုလုပ်လာသည်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ ဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း၌လည်း လူအင်အား ၄၀ဝ ခန့်က စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံအတွင်းတွင် ယင်းသို့ပြုလုပ်နေကြသည်မှာလည်း နောက်ခံ အကြောင်းရင်း များစွာရှိသည်။ ယခင်ရက်ပိုင်းကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သေးသည်။

ထိုသို့သော အခြေအနေများသည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးသို့ မြန်မာအစိုးရ၏ လုံခြုံရေးဆိုင်ရာအကြံပေး ဦးသောင်းထွန်းနှင့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်တို့ တက်ရောက်နေပြီး မြန်မာ့အရေး ဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုအစည်းအဝေးမှာ “Arria-Formula” အစည်းအဝေးဖြစ်ပြီး လုံခြုံရေးကောင်စီဝင် တစ်နိုင်ငံမှ ကမကထပြုလုပ်ကာ ဆွေးနွေးကြနေခြင်းဖြစ်ပြီး လွတ်လွတ်လပ်လပ် ပြော၍ရသည့် အစည်းအဝေးလည်း ဖြစ်သည်ဟု ဆိုသည်။ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဗြိတန်နှင့် ပြင်သစ်တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည့် ထိုအစည်းအဝေးကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အပြင် ကိုဖီအာနန်ကိုလည်း ဖိတ်ကြားကာ ကိုယ့်နိုင်ငံ၏ ရပ်တည်ချက်များကို ပြောကြားခွင့် ရခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးကြောင့် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ဖိအားများလည်း လျော့နည်းသွားနိုင်ကြောင်း ဦးသောင်းထွန်းက ခန့်မှန်း ပြောဆိုခဲ့သည်။ ထိုအစည်းအဝေးတွင် ကိုဖီအာနန်က ရခိုင်ပြည်နယ်အရေး အဆုံးသတ်စေရေးအတွက် မြန်မာအစိုးရ၊ တပ်မတော်တို့နှင့်အတူ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ ဝိုင်းဝန်း လုပ်ဆောင်မှ ဖြစ်မယ်လို့ ပြောခဲ့သည်ကိုလည်း ကြားခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း အခြား ထူးခြားသည့်သတင်းမှာ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံသို့ပေးရန် ကျန်ရှိသည့်ချေးငွေ အမေရိကန်ဒေါ်လာ ၂၇ သန်းကို ဘင်္ဂါလီဒုက္ခသည် အရေးတွင် သုံးမည်ဟု ဆိုလာသည့်သတင်းပင်ဖြစ်ပြီး ဘင်္ဂါလီအရေးမှာ နိုင်ငံတကာ မျက်နှာစာတွင် အတော် ဂယက်ရိုက်ကာ နေရာယူပြီး မြန်မာအစိုးရအပေါ် ထိုးနှက်ချက် ခပ်များများ ကျရောက်လာနေခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကပင် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသည်ဟုဆိုသည်။ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း ၎င်းတို့အနေနှင့် ၎င်းတို့ နေထိုင်သည့်နေအိမ်များကို ကိုယ်တိုင် မီးတင်ရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက် အပြုံလိုက် ထွက်ပြေး ခိုလှုံနေကြခြင်းမှာ ကြိုတင် ကြံစည်ထားသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်ရှိ ခိုလှုံနေသည့် ဒုက္ခသည် ဦးရေမှာလည်း ငါးသိန်း နှစ်သောင်းကျော်ပင် ရှိနေကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။ ဘင်္ဂလားဒေ့ရှ် အနေနှင့်လည်း ထိုဒုက္ခသည် ၅ သိန်းကျော်ကို လက်ခံထားသော်လည်း ၁၉၅၁ ခုနှစ်၊ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် နှင့် ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ တစ်ခုမဟုတ်ကြောင်းလည်း ရေးသား ဖော်ပြနေခဲ့ကြသည်။

အတည် မပြုနိုင်သေးသည့် အခြားသတင်း တစ်ရပ်အရ အောက်တိုဘာ ၁၃ ရက်နေ့ ညသန်းခေါင်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့် ရဲစခန်း BGB စခန်းအမှတ် (၁၃) အား “ကူတူပါလောင်” ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများက စခန်းအား တိုက်ခိုက်မှုတစ်ခု ပြုလုပ်သွားခဲ့ပြီး လက်နက် ၂၀ ကျော်ကို လုယူသွားကြောင်းလည်း သိရပြန်သည်။ ထို့ပြင် ၎င်းတို့ဘက် ရောက်ရှိလာသည့် ဘင်္ဂါလီ ဒုက္ခသည်များထဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှုနှင့် လက်နက်ကိုင်ဆောင်မှုများလည်း တွေ့ရှိနေရသည်ဟုဆိုသည်။ အောက်တိုဘာ ၇ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သဘောထား ပြင်းထန်သည့် အစ္စလာမ်ဝါဒီ လူပေါင်း ၁၅၀ဝ ကျော်ခန့်က စစ်တကောင်းမြို့မှာ ချီတက် ဆန္ဒပြပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်များကို လက်နက် တပ်ဆင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုကြကြောင်း၊ ထိုဆန္ဒပြပွဲကို သဘောထား တင်းမာသည့် အစ္စလာမ်ဝါဒီ Hafazat.eIslam အဖွဲ့က ကမကထပြု စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံး တက်လာတဲ့ သတင်းများအရဆိုလျှင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီးနားအနေနှင့် ရိုဟင်ဂျာ ပြဿနာနှင့်ပတ်သက်ပြီး ရုရှားနှင့် တရုတ်နိုင်ငံများ အနေနှင့်လည်း ကူညီဖြေရှင်းပေးကြဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို စာရေးသား ပေးပို့သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းများတွင် ဖော်ပြထားသည်ဟု ဆိုသည်။

ယခုအချိန်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများအနေနှင့် မောင်တောဒေသအား တိုက်ခိုက်မှုများ နောက်တစ်ကြိမ် ပြုလုပ်ရန် ယခုအချိန်တွင် လေ့ကျင့်ပြင်ဆင်နေသည့် သတင်းများကို ကြားနေရပြီး တပ်မတော်အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၄၁) အရလည်းကောင်း၊ အစိုးရမှ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ချက်အရလည်းကောင်း အဆိုပါဒေသတွင် ဥပဒေနှင့်အညီ နယ်မြေ ရှင်းလင်းဆောင်ရွက်လျက် ရှိနေပြီး နောင်တစ်ကြိမ် တိုက်ခိုက်လာပါက အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း ပြောကြားထားသည့် သတင်းများလည်း တွေ့ရသည်။

အမှန်ဆိုရလျှင် ဩဂုတ်လ၂၅ ရက်နေ့က စတင်ခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်များသည် ယခုဆိုလျှင် နှစ်လတာနီးနီး ကာလကို ချဉ်းကပ်ရောက်ရှိလာနေချိန်အထိ ဖြစ်ပေါ်ခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန် များပြားနေဆဲဖြစ်သည်။ အစိုးရအတွက် အဆိုးဆုံးသော အခြေအနေ တစ်ရပ်မှာ နိုင်ငံတကာ၏ ဖိအားများပင် ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အများစုက ထိုကိစ္စကို ပြဿနာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပြီး အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များအပေါ် အပြစ်တင်ခဲ့ကြသည်။ ရုရှား၊ တရုတ်၊ ဂျပန်နှင့် အာဆီယံနိုင်ငံ အများစုက အစိုးရဘက်က ထောက်ခံရပ်တည်ပေးခဲ့ကြပြီး အစိုးရ၏ စိတ်ရှည် သည်းခံကာ ဖြေရှင်းမှုကြောင့် ယခုအခါ အနောက်အုပ်စု၏ ရပ်တည်ချက်များ လျော့ရဲလာစ ပြုလာနေခဲ့သည်။ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်မြို့တော်ကောင်စီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ၎င်းတို့ ချီးမြှင့်ခဲ့ဖူးသည့်ဆုကိုပင် ပြန်လည် ရုပ်သိမ်းခဲ့သည်အထိ ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ အနေနှင့်မူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများသည် သမိုင်းကြောင်းအရ လူမျိုးရေး၊ ဘာသာရေးအကြောင်း အချက်များ၏ ဆက်စပ်မှုတစ်ရပ်တွင် အမြစ်တွယ်နေကြောင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် ထိုပြဿနာကို တရားမျှတမှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်မှ အစုလိုက် အပြုံလိုက် ထွက်ပြေးနေသည့် ဘင်္ဂါလီများအပေါ် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် အရေးယူ ဖြေရှင်းပေးရန် ဖိအားပေးနေခြင်းလည်း ဖြစ်သည်။

အစိုးရအနေနှင့် ယနေ့အချိန်တွင် ဘင်္ဂါလီအရေး နောက်ဆက်တွဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရန် စိန်ခေါ်မှုများ အကြားတွင် အစိုးရအနေနှင့်လည်း သတိကြီးစွာ ထားပြီး ကျော်ဖြတ်နေရသည်။ နိုင်ငံတကာ အသိုက်အဝန်းမှ ပြစ်တင်ရှုတ်ချနေမှုများအပေါ် သံတမန်ရေးအရ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သွားရောက် ဖြေရှင်းခြင်း၊ ဒုက္ခသည်များ ထွက်ပြေးသွားရာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုဘင်္ဂါလီများကို ပြန်လက်ခံရေးကိစ္စများ ညှိနှိုင်းနေကြရခြင်းနှင့် မောင်တောဒေသ ပြန်လည် နေရာချထားရေး၊ တည်ဆောက်ရေးဆိုင်ရာ ကိစ္စများအတွက် ဆောင်ရွက်နေကြရခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးစိန်ခေါ်မှု အများအပြားကို အစိုးရအနေနှင့် ရင်ဆိုင်နေရလျက် ရှိနေသည်။

အစိုးရ၏ သက်တမ်းသည် လပေါင်း ၆၀ ရှိရာ ယခုအခါ ၁၉ လနီးနီး ကုန်ဆုံးခဲ့ပြီဖြစ်ရာ ၎င်း၏သက်တမ်းသည် သုံးပုံတစ်ပုံခန့် ကုန်လွန်ခဲ့ပြီဟု ပြော၍ရသည်။ ထိုကုန်လွန်ခဲ့သည့် သက်တမ်း သုံးပုံတစ်ပုံအတွင်းတွင် အစိုးရအနေနှင့် အစိုးရတစ်ရပ်အတွက် အဓိကကျသည့် နိုင်ငံ့စီးပွားရေး တိုးတက်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး   ကိစ္စများအတွက်မူ အလှမ်း ဝေးကွာနေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ၎င်းတို့ စတင် တက်လာစဉ်ကတည်းက နိုင်ငံ့အတွင်းတွင် ဖြေရှင်းနေရသည့် ပြဿနာများက တစ်ခုပြီးတစ်ခု ဆိုသလို ရင်ဆိုင်နေရသလို  ဖြစ်နေသည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၉ ရက် ယခုလိုအချိန်ကလည်း မောင်တောဒေသတွင် ဤသို့သော တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။ ထို့ပြင် ၎င်းတို့ စတင် တာဝန်ယူသည့် ၂၀၁၆ ခုနှစ် ဧပြီလဝန်းကျင်ခန့်ကစပြီး အထက်မြန်မာပြည်ဘက်တွင် မိုးကြီးရေကြီးရေလျှံမှုများ ကြောင့် ပြည်သူများ ဒုက္ခတွေ့ကြုံမှုများဖြင့် စခဲ့ကြရသည်။ ထိုစဉ်ကလည်း နိုင်ငံ့ဘဏ္ဍာမရှိသည့်အရေးဖြင့် ကြုံခဲ့ရပြီး အစိုးရအတွက် အရာအားလုံး သောကိစ္စများအတွက် ယခုမှပင် စလုံးရေးစသယောင် စမ်းတဝါးဝါးနဲ့ စနေရသည့်သဘော ဖြစ်နေခဲ့သည်။ ထို့ထက် ပိုဆိုးသည့်အခြေအနေ တစ်ရပ်မှာ ဌာနဆိုင်ရာများတွင် ခန့်အပ်ခဲ့သည့်ဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်များ၏ အရည်အချင်းနှင့်  လုပ်ရည်ကိုင်ရည်များကလည်း မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေခဲ့ရသည်ဟု နိုင်ငံ့အရေး လေ့လာသူများက ဆိုသည်။

ထိုသို့သော အခြေအနေများ အကြားတွင် ယခုလို ရခိုင်မြောက်ပိုင်း မောင်တောဒေသ အရေးဖြင့် ကြုံရသည့်အခါ ယခင် အစိုးရလက်ထက်က စခဲ့သည့် ငြိမ်းချမ်းရေး လမ်းစများအပေါ်လည်း အင်နှင့်အားနှင့် ဆက်လက် ဆောင်ရွက်ရန် နှေးကွေးသွားစေခဲ့တော့သည်။ အစိုးရအနေနှင့်လည်း တစ်ဖက်တွင် လိပ်ခဲတည်းလည်း ဖြစ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စကလည်း ရှိနေသေးသည်။ သို့အတွက် ယခင် ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးအလို ငါးလလောက်အလိုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချုပ်ဆိုသွားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုခဲ့သည့် ၂ နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။

အခြားကဏ္ဍများဖြစ်သည့် နိုင်ငံ့စီးပွားရေး တိုးတက်ရေး၊ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရေး၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးကိစ္စများဘက်သို့လည်း မြားဦးမလှည့်နိုင်သည့် အနေအထားများ ဖြစ်ပေါ်စေခဲ့တော့သည်။ အစိုးရအတွက် ၎င်းတက်လာစဉ်က စိုးရိမ်ခဲ့သည့် ထိုဒေသအရေးက အမှန်တကယ်ကိုပဲ ၎င်းတို့သက်တမ်းအတွက် ဖြတ်မျဉ်းဖြစ်လာနေသည်။ ထိုအရေးကို ဖြေရှင်းရင်းနှင့်ပင် အားအင် ကုန်ခန်းလာသလို ဖြစ်နေပြီး နိုင်ငံတကာမှ ထောက်ခံမှုများ ကျဆင်းကာ ကျန်သည့် တိုင်းရေးပြည်ရာ ကိစ္စများအတွက် နှောင့်နှေးနေခဲ့ရတော့သည်။ နိဂုံးချုပ်အားဖြင့် အစိုးရအနေနှင့်လည်း ထိုသို့သော အခြေအနေများကို အမှန်အတိုင်း သိရှိနေမည်မှာ အမှန်ပင်ဖြစ်ပြီး မိမိတို့ အစိုးရသက်တမ်းအတွင်း ဖြစ်ထွန်းအောင်မြင်လိုလျှင် အပ်နှင့်ထွင်းရမည့်ကိစ္စများကို သတ္တိရှိရှိ အပြီးသတ် ထွင်းထုတ်ကြရမည်သာဖြစ်ပြီး ပုဆိန်နှင့် ပေါက်ရသည့်အဖြစ် မရောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ မိမိတို့အစိုးရ ဂုဏ်သတင်းအတွက်၊ နောင် သက်တမ်းများတွင် ပြည်သူများ ယုံကြည်ကိုးစားမှု ရရှိဖို့အတွက်ဆိုလျှင် တပ်မတော်နှင့် ပိုမိုနီးကပ်စွာ နေထိုင်လက်တွဲပြီး အချိန်ကို အကျိုးရှိရှိ အသုံးချကြရတော့မည့် အချိန်အခါ တစ်ရပ်ကို အမှန်ပင် ရောက်ရှိနေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

အောင်ဇေယျ



FOLLOW US