News

POST TAGGED AS

ရခိုင်အရေး

မလိုလားအပ်သော ပြဿနာများမဖြစ်ရန် NGO များ ပြည်နယ် အစိုးရခွင့်ပြုချက် ယူရမည်
ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်အတွင်း INGO, NGO များ ဝင်ရောက်ပြီး လုပ်ငန်းလုပ်ကိုင်ရန် ပြည်နယ် အစိုးရ၏ ပေါင်းစပ် ညှိနှိုင်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးကာ ခွင့်ပြုချက် ရယူပြီးမှသာ ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

“ပြည်နယ် အစိုးရမှာရှိတဲ့ ကော်မတီမှာ ညှိနှိုင်း ဆွေးနွေးပြီးတော့ ခွင့်ပြုချက်လေး လိုပါတယ်။ မလိုလားအပ်တဲ့ ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အဓိကရုဏ်းတွေ မဖြစ်ရအောင် ကျွန်တော်တို့က ပေါင်းစပ် ညှိနှိုင်းပေးတာပါ။ ကန့်သတ်ချုပ်ချယ်တာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က WFP အဖွဲ့၏ Country Director နှင့် Regional Director တို့က ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ၎င်းတို့၏လုပ်ငန်းများကို လေ့လာခြင်းအပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် ရခိုင်ပြည်နယ်အတွင်း လာရောက် လုပ်ကိုင်ပါက သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ကတိပြုထားသည့် MoU (နားလည်မှု စာချွန်လွှာ) ကတိကဝတ်များနှင့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေကြောင်း ဦးတင်မောင်ဆွေက ရှင်းပြပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း INGO, NGO များကို ယခင်က လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း တချို့သောအဖွဲ့များက လုပ်ငန်းနှင့် မသက်ဆိုင်သည့်အလုပ်များကို လုပ်ကိုင်ခဲ့ခြင်းကြောင့် အစိုးရအနေနှင့် နိုင်ငံတကာတွင် ယင်းပြဿနာများကို လိုက်ရှင်းနေရကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေက သူတို့မဆိုင်တဲ့အလုပ်တွေကို တော်တော်များများ လုပ်သွားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ကျွန်တော်တို့က လိုက် ရှင်းနေရတယ်။ မလိုအပ်ဘဲနဲ့ စစ်တမ်းတွေ ကောက်သွားတာ။ စစ်တမ်းတွေကလည်း စနစ်တကျလုပ်တာ မဟုတ်ဘဲ သူတို့ဘာသာ အတည်ပြုပြီး လုပ်သွားတယ်။ ဒါတွေကို သံရုံးတွေရော တခြားဌာနတွေကပါ အသုံးပြုနေရတာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် တားရခြင်းဖြစ်ပါတယ်”ဟု ပြည်နယ် အစိုးရအတွင်းရေးမှူးက ရှင်းပြ ပြောဆိုလိုက်သည်။

ထို့ကြောင့် INGO, NGO များ ရခိုင်ပြည်နယ်တွင်း လာရောက် လုပ်ကိုင်ပါက MoU များ စစ်ဆေးခြင်း၊ ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များကို စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အချက်အလက်များ မပြည့်စုံပါက ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက သိရသည်။

INGO, NGO များသည် ရခိုင် ပြည်နယ်တွင်း အစိုးရက သတ်မှတ်ထား သော နယ်မြေအတွင်း လွတ်လပ်စွာသွား လာလုပ်ကိုင်ခွင့်များရှိနေပြီး တချို့သော  အဖွဲ့အစည်းများကို ဌာနဆိုင်ရာများက ပံ့ပိုးကူညီပေးမှုများပင် ရှိကြောင်း ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်သည် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်နေသည့်နေရာဖြစ်ပြီး ပြည်နယ်တွင်း လာရောက် လုပ်ကိုင်နေသည့် INGO, NGO အများစုသည် အနောက်နိုင်ငံများ၏ ငွေကြေး ထောက်ပံ့မှုများနှင့် ရပ်တည်မှု များပြားပြီး ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်များတွင် ၎င်းတို့၏ပယောဂများ တိုက်ရိုက်ကင်းစင်သည်ဟု ပြောဆို၍မရကြောင်း ၎င်းက ဆိုသည်။

“INGO, NGO တွေက ရခိုင်ပြည်နယ်မှာ တစ်ဖက်စောင်းနင်းဆန်တာတွေ အရမ်း များတယ်။ အခုဒီလို လုပ်တာက ပိုကောင်းလာတယ်လို့ ကျွန်တော် မြင်တယ်။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်သင့်တယ်။ နောက်တစ်ပိုင်းက အစိုးရရဲ့ ခွင့်ပြုချက်အပြင် မြို့နယ်မှာ ရှိတဲ့လူတွေရဲ့ သဘောတူညီချက်နဲ့ နှစ်ဖက်လုံး အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်သင့်တယ်”ဟု ၎င်းက အကြံပြု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စစ်တွေမြို့ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းမီးလောင်မှုဖြစ်စဉ်တွင် INGO, NGO များက ချက်ချင်း ရောက်ရှိကာ လာရောက် ကယ်ဆယ်မှု ပြုလုပ်ခြင်းများ ရှိခဲ့သော်လည်း ရသေ့တောင်မြို့နယ် ကျေးရွာများတွင် စက်လှေနစ်မြုပ်ကာ ရခိုင်ကျောင်းသား အများအပြား သေဆုံးခဲ့သော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူမှုကယ်ဆယ်ရေးများကို မတွေ့ရကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

INGO, NGO များသည် ရခိုင်ပြည်နယ်အတွင်းသို့ ၁၉၉၂ နောက်ပိုင်းတွင် စတင် ဝင်ရောက်လာပြီး ယင်းနောက်ပိုင်းတွင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ တိုးပွားလာပြီး ယင်းအဖွဲ့အစည်းများသည် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေကြောင်း ဘူးသီးတောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက မှတ်ချက်ပြု ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ် ရှိသည့်အနက် နိုင်ငံတကာ အဖွဲ့အစည်းများသည် ဘင်္ဂါလီ အကြမ်းဖက်သမားများရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများကိုသာ ကူညီထောက်ပံ့နေပြီး ယင်းသို့ လာရောက် ကူညီရာတွင်လည်း ဘင်္ဂါလီခေါင်းစဉ်ထက် ရိုဟင်ဂျာ အမည်ဖြင့် လာရောက်ထောက်ပံ့ ကူညီမှုများသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် ဖန်တီးနေခြင်းပင်ဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

“အကြမ်းဖက်မှုတွေမှာ ဘယ်သူက အကြမ်းဖက်သမားလဲ၊ ဘယ်သူက အကြမ်း မဖက်ဘူးလဲဆိုတာ အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြလို့မရနိုင်သေးတဲ့ အခြေအနေမှာ ပြည်နယ် အစိုးရအနေနဲ့ UN INGO တွေကို ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ ထောက်ပံ့ပစ္စည်းတွေက အကြမ်းဖက်သမားတွေဆီကို ရောက်သွားနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယခင်က ရခိုင်ပြည်နယ်တွင် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့အစည်း ၂၅ ခုခန့် ရှိခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ် ပဋိပက္ခတွင်း ကူညီထောက်ပံ့မှု လုပ်ငန်းများကို ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ) က ပြည်ထောင်စုအစိုးရအဖွဲ့ လမ်းညွှန်ချက်နှင့်အတူ ဆောင်ရွက်လျှက်ရှိပြီး WFP အဖွဲ့ကလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

J-09



FOLLOW US