News

POST TAGGED AS

ရခိုင်အရေး

ရခိုင်တွင် ဆူပူမှုဖြစ်ရေး လှုံ့ဆော်ရန် မကွေးတိုင်းသို့ လာရောက်စည်းရုံးဟု ဝန်ကြီးချုပ်ပြော
မကွေး၊ စက်တင်ဘာ ၂၇ 

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူမှုဖြစ်စေရေးအတွက် လှုံ့ဆော်ရန် ကျပ်ငါးသိန်းပေးကာ မကွေးတိုင်းဘက်သို့  လာရောက် စည်းရုံးမှုရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။ 

စည်းရုံးသူတစ်ဦးကို သိရှိထားပြီးဖြစ်ကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီစဉ်နေကြောင်း စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းက မကွေးအခြေစိုက် သတင်းထောက်များကို ရုံးခန်းတွင် တွေ့ဆုံပြီး ဝန်ကြီးချုပ်က ပြောကြားသည်။ 

မကွေးတိုင်းတွင် လူတစ်ဦးကို အဖွဲ့အစည်းတစ်ခုက စည်းရုံးနေပြီး ယင်းအဖွဲ့အစည်းတွင် ငွေ၊ လက်နက် ရှိသည်ဟု ပြောဆိုကာ စည်းရုံးခဲ့သူကို အထောက်အထား ခိုင်မာစွာ ရရှိထားကြောင်း၊ ငွေငါးသိန်းကို  အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်စေအောင် လုပ်ပေးရမည်ဖြစ်ပြီး မကွေးပြန်ရောက်မှသာ ငွေပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

သို့ရာတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်နေသည် မည်သို့အရေးယူရန် စီစဉ်သည်ဆိုသည်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်က အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

“လူတစ်ဦးကို ကျပ်ငါးသိန်းပေးမယ် အမ်းကိုလိုက်ခဲ့။ လမ်းမှာ စားချင်တာ စား၊ သောက်ချင်တာသောက် အားလုံး အပြည့်အစုံပေးမယ်။ ဒါမျိုးတွေဖြစ်နေတယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို စက်တင်ဘာလ ၂၅ရက်က ပြုလုပ်သည့် လုံခြုံရေးနှင့် သတင်းပေါင်းစပ် အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဥပဒေရုံး၊ တရားရုံးမှ တာဝန်ရှိသူတို့နှင့်တွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ညွှန်ကြားထားပြီးကြောင်း ၎င်းက ပြောဆိုသည်။



FOLLOW US