News

POST TAGGED AS

ရခိုင်အရေး

27-Sep-2017

ရခိုင်အရေး
ARSA အုပ်စုကို ချေမှုန်းရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရသာ အခရာပါ

ဘာတေးလ်လင့်တ်နာရေးသားပြီး ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။ 

ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များ အားကောင်းခြင်း၊ မကောင်းခြင်းသည် ဘင်္ဂလားဒေ့ရှ်တွင် ၎င်းတို့ကို အားပေးအားမြှောက်ပြုသော အစိုးရ အာဏာရ၊ မရ၊ ပြည်ပ အဖွဲ့အစည်းများက အဘယ်မျှ ပံ့ပိုးပေးနိုင် မနိုင် အပေါ်တွင် အဓိက တည်မှီနေသည်။ ARSA သည် မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော်လည်း ယခင်ကတည်းက ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်သော ပြည်ပ အထောက်အပံ့ခံ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့အစည်း များစွာရှိခဲ့ဖူး သည်။ 

အကယ်၍များ လာမည့်ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) သာ အာဏာရလာပြီး အစွန်းရောက်အုပ်စုများ လွှမ်းမိုးလာလျှင် နယ်စပ်ဒေသတစ်လျှောက် အကြမ်းဖက်သမားများ  ခိုလှုံ အခြေစိုက်ခြင်းကို မျက်ကွယ်ပြုပေးခြင်းကဲ့သို့ သော ဘင်္ဂါလီများကို မျက်နှာပေးသည့် မူဝါဒများ ခွင့်ပြုပေးလာဖွယ်ရှိနေသည်ဟု မြန်မာ့အရေး ကျွမ်း ကျင်သူ ဘာတေးလ် လင့်တ်နာ က သုံးသပ်ထားသည်။

ရခိုင်ပြည်နယ်တွင် ပထမဆုံး မွတ်ဆလင်လက် နက်ကိုင်လှုပ်ရှားမှုမှာမူ လွတ်လပ်ရေးမရမီ ၁၉၄၇ ကတည်းက ရှိခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က “ရိုဟင်ဂျာ”ဟု သူတို့ကိုယ်သူတို့ပင် မခေါ်ခဲ့ကြသလို၊ ထိုနာမည်ကို သိပင်မသိခဲ့ကြဘဲ မူဂျာဟစ်များဆိုသော အမည်ဖြင့်သာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မူဂျာဟစ်တို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လွှမ်းမိုးသည့် ဒေသများကို အသစ်ထူထောင်လိုက်သော ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းရန်ဖြစ်သည်။ သို့သော်လည်း မြန်မာပြည်တွင်းရှိ မွတ်ဆလင်ခေါင်းဆောင်များက ထိုလှုပ်ရှားမှုကို ကန့်ကွက်ခဲ့ကြသည်။ 

မြန်မာနယ်စပ်တစ်လျှောက် ARSA အရင် ပေါ်ပေါက်ခဲ့သော ဘင်္ဂါလီ စစ်သွေးကြွအဖွဲ့များ၏ လှုပ်ရှားမှု သမိုင်းနောက်ခံကြောင့် ARSA ဘင်္ဂါလီ အကြမ်းဖက်အုပ်စုကို ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအဝါမီ အဖွဲ့ချုပ်အစိုးရက အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် လက်ရှိအချိန်အထိ ရှုမြင်ထားသည်။ 

ရခိုင်ပြည်နယ် ပဋိပက္ခသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများမှ ကာလရှည် လက်နက်ကိုင် တိုက်ခိုက်မှုများအသွင် တင်းပြည့် ကျပ်ပြည့် ပုန်ကန်ထကြွမှုမျိုးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမည်လော။ 

ထိုအဖြေသည် ဘင်္ဂလားဒေ့ရှ်တွင် မည်သူ အာဏာရနေသနည်းဆိုသည့်အချက်နှင့် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ပုန်းလျှိုးကွယ်လျှိုး တိုက်တမ်းပြေးတမ်း လှုပ်ရှားမှုအပေါ် ပြည်ပ မဟာမိတ်များက အပြင်မှ မည်သည့် အတိုင်းအတာအထိ ကူညီပံ့ပိုးနိုင်မည်ဆိုသည့် အချက်အပေါ် အဓိက မူတည်နေသည်။ ARSA သည် ယခုမှပေါ်သည့် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်ပြီး ပြည်ပ ထောက်ပံ့မှုဖြင့် လှုပ်ရှားခဲ့သော ဘင်္ဂါလီစစ်သွေးကြွများ လှုပ်ရှားမှု သမိုင်းကြောင်းက ရှည်လျားစွာ ရှိခဲ့ပြီးဖြစ်သည်။ 

ဒါကာမှ ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ နယ်မြေတွင်းမှ အဆိုပါစစ်သွေးကြွသမိုင်းကို ကောင်းကောင်းကြီး သိထားကြမည်မှာ သံသယရှိစရာ မလိုပေ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လေးရက်အကြာတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ လောကီသီးသန့်ဝါဒီ အဝါမီအဖွဲ့ချုပ် အစိုးရက မြန်မာအစိုးရနှင့် ပူးပေါင်းကာ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းရေး ဆောင်ရွက်မည်ဟု အဆိုပြုခဲ့သလို ဒုက္ခသည်အားလုံးကိုလည်း ပြန်ပို့မည်ဟု ကြေညာခဲ့သည်။

ရခိုင်မှ ဘင်္ဂါလီအရေး လှုပ်ရှားသည့် နိုင်ငံရေး အဖွဲ့အစည်းများသည် ရခိုင်နှင့် ထိစပ်နေသော စစ်တကောင်းဒေသတွင် အားကောင်းသည့် အစွန်းရောက် နိုင်ငံရေး အင်အားစုဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ဂျာမတ် အီအစ္စလာမီ (BJI) နှင့် ရေရှည်ဆက်ဆံရေးရှိထားရာ အဝါမီအဖွဲ့ချုပ်အနေနှင့် လုံခြုံရေး အန္တရာယ်ရှိသည်ဟု မှတ်ယူထားသည်မှာ မဆန်းပေ။ ယင်း BJI မှာ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ၏ မဟာမိတ်လည်းဖြစ်သည်။

သို့သော်လည်း ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်လာချိန်တွင် ဟာစီနာ၏ ပူးတွဲစစ်ဆင်ရေး မူဝါဒမှာ ပြောင်းလဲသွားခဲ့သည်။ နယ်စပ်ကို နေ့စဉ် အလုံးအရင်းနှင့် ဝင်လာနေသော သောင်းနှင့်ချီသော လူများကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက အသေအပျောက် မရှိဘဲ ဟန့်တားရန်မှာ ဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။

ဘင်္ဂလားဒေ့ရှ်မြို့ကြီးများတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေး ထောက်ခံဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဟာစီနာ လေသံ ပြောင်းသွားခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် သူကိုယ်တိုင် နယ်စပ် ဒုက္ခသည်စခန်း တစ်ခုကို သွားကြည့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဒုက္ခသည်များကို ယာယီခိုလှုံခွင့်နှင့် အကူအညီများ ပေးသွားမည်ဖြစ်သည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း မြန်မာက ကိုယ့်လူများ ကိုယ်ပြန်လက်ခံရမည်ဟုလည်း တိုက်တွန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လာမည့်နှစ်တွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကာ နောက်တစ်နှစ်ကူးလျှင်ပင် ၂၀၁၉ ဇန်နဝါရီ ၂၈ ထက် ပိုပြီး နောက်ဆုတ်ရန်မဖြစ်နိုင်ပေ။ အကယ်၍များ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဏြ) ကသာ စစ်တကောင်းမှြှဲု နှင့် ပေါင်းပြီး ၁၉၉၁ -၁၉၉၆  နှင့် ၂၀ဝ၁-၂၀ဝ၆ တွင် ကဲ့သို့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မည်ဆိုလျှင် အခြေအနေမှာ လုံးဝပြောင်းလဲသွားနိုင်ပြီး နယ်စပ်ဒေသ တစ်လျှောက် အကြမ်းဖက်သမားများ ခိုလှုံအခြေစိုက် ခြင်းကို မျက်ကွယ်ပြုပေးခြင်းကဲ့သို့သော ဘင်္ဂါလီများ ကို မျက်နှာပေးသည့် မူဝါဒများ ခွင့်ပြုပေးလာဖွယ် ရှိနေသည်။

၂၀၁၃ တရားရုံးအမိန့်အရ BJI ၏ ပါတီသင်္ကေတများသည် ဒေသဥပဒေများနှင့် မညီညွတ်သောကြောင့် လာမည့်ရွေးကောက်ပွဲ ဝင်ခွင့် အပိတ်ခံထားရသည်။ သို့သော်လည်း အကယ်၍ အဝါမီအဖွဲ့ချုပ်သာ လာမည့်ရွေးကောက်ပွဲမနိုင်လျှင် BNP အစိုးရသစ်တွင် BJI နှင့် အလားတူ အစွန်းရောက် အုပ်စုများမှာ အတိုင်းအတာ တစ်ခုအထိ ဩဇာလွှမ်းမိုးမှု ရှိနေနိုင်သည်။

၁၉၈၂ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးကို တုံ့ပြန်ရန် Rohingya Solidarity Organization - RSO အမည်ဖြင့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ခဲ့ပြီး ယင်းအဖွဲ့မှာ ဘင်္ဂါလီအကြမ်းဖက် အုပ်စုများထဲတွင် အားအကောင်းဆုံးဖြစ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ကို နယ်စပ် ဖြတ်ကျော် ခိုလှုံရာနေရာ တစ်ခုအဖြစ် ကာလရှည် အသုံးချနိုင်ခဲ့သည်။ RSO သည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Ukhia မြို့အနီး စခန်းကြီးတစ်ခု တည်ဆောင်ထားနိုင်သည်ဟု ထင်ရှားခဲ့ပြီး ယခုအခါတွင်မူ အဆိုပါအဖွဲ့မှာ ပျေက်ကွယ်လုနီးပါး ဖြစ်သွားပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပထမဆုံး မွတ်ဆလင် လက်နက်ကိုင် လှုပ်ရှားမှုမှာမူ လွတ်လပ်ရေးမရမီ ၁၉၄၇ ကတည်းက ရှိခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က “ရိုဟင်ဂျာ”ဟု သူတို့ကိုယ်သူတို့ပင် မခေါ်ခဲ့ကြသလို၊ ထိုနာမည်ကို သိပင်မသိခဲ့ကြပဲ မူဂျာဟစ်များ ဆိုသော အမည်ဖြင့်သာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ဒေသတွင် ထင်ရှားသည့် အဆိုတော်တစ်ဦးဖြစ်သူ ဂျာဖာဟူစိန်ခေါ် ဂျာဖာကော်ဝဲလ် ဦးဆောင်သော မူဂျာဟစ်တို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လွှမ်းမိုးသည့် ဒေသများကို အသစ်ထူထောင်လိုက်သော ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းရန် ဖြစ်သည်။ ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်သည် ထိုစဉ်က ပါကစ္စတန်နိုင်ငံသစ်၏ အရှေ့ဘက်ခြမ်းဖြစ်သည်။

သို့သော်လည်း မြန်မာပြည်တွင်းရှိ မွတ်ဆလင် ခေါင်းဆောင်များက ထိုလှုပ်ရှားမှုကို ကန့်ကွက်ခဲ့ကြသည်။ အစောဆုံး ၁၉၄၆ မေလ ဝန်းကျင်ကပင် ခွဲထွက်ရေးအုပ်စုသည် အင်အားကောင်းနေပြီဖြစ်သော်လည်း လက်နက်ကိုင် တိုက်ခိုက်ရေး မဆုံးဖြတ်ခဲ့ရသေးပေ။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၁၉၄၇ ၊ ဇူလိုင် ၁၉ တွင် လုပ်ကြံခံခဲ့ရသော မွတ်ဆလင်ခေါင်းဆောင်ကြီး ဦးရာဇတ်က မြန်မာပြည်တွင်းရှိ မွတ်ဆလင်များအနေနှင့် ပါကစ္စတန် ပြည်နယ်တစ်ခုအဖြစ် ပူးပေါင်းမည့်အရေးကို မထောက်ခံကြရန် သတိပေးချက် ထုတ်ပြန် ဟန့်တားခဲ့သည်။

ဦးရာဇတ်သည် မြန်မာပြည်တွင်းရှိ မွတ်ဆလင်များကို ၎င်းတို့မွေးရာမြေတွင်ပင် အားကောင်းပြီး လေးစားခံရသော အသိုင်းအဝိုင်းအဖြစ် ရှိစေလိုခဲ့ပြီး ယင်းမှာ မြန်မာပြည်တွင်းရှိ မွတ်ဆလင်များ အစဉ်တစ်စိုက် ရပ်တည်ခဲ့သော မူဝါဒဖြစ်လာပြီး လက်ရှိ ကာလအထိပင်ဖြစ်သည်။ စက်တင်ဘာလ ၉  ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် သာသနာရေးအဖွဲ့ကြီးက ARSA ကို ရှုတ်ချပြီး အကြမ်းဖက်ဝါဒကို ဟန့်တားရန် အစိုးရ၊ အခြားဘာသာရေး အဖွဲ့အစည်းများ၊ အများပြည်သူတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

မူဂျာဟစ် လှုပ်ရှားမှုမှာ ၁၉၅၀ ပြည့်နှစ်များတွင် အားပျော့လာခဲ့ပြီး ၁၉၆၁ တွင် အစိုးရနှင့် သဘောတူညီချက်အရ နောက်ဆုံးကျန်သည့် သူပုန်များ လက်နက်ချခဲ့ကြကာ ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်းတွင် မေယုနယ်ခြားခရိုင်အဖြစ် ခဏတာ ပေါ်ပေါက်ခဲ့သေးသည်။ သို့သော်လည်း ၁၉၆၂ အာဏာသိမ်းအပြီးတွင် ယင်းခရိုင်ကို ပြန်လည်ဖျက်သိမ်းခဲ့ပြီး အကြားအလပ်မရှိ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက် ဘင်္ဂါလီ အဖွဲ့အစည်းများ အားလုံး ပိတ်ပင်ခံခဲ့ရသည်။

ကျောင်းသားခေါင်းဆောင် မိုဟာမက် ဂျာဖာ ဟာဘစ်ဆိုသူနှင့် အချို့သော မွတ်ဆလင်အရေး လှုပ်ရှားသူများမှာ ၁၉၆၃ တွင် တောခိုခဲ့ပြီး Rohingya Independence Force အမည်ရအဖွဲ့ကို ထူထောင်ခဲ့ကာ ယင်းမှာ ၁၉၇၄ တွင် Rohingya Patriotic Front (RPF) ဟူ၍ အမည်ပြောင်းလာခဲ့ပြန်သည်။

ယင်းအဖွဲ့များသည် တကယ်တမ်း မြန်မာနိုင်ငံတွင်း လှုပ်ရှားမှုများစွာ မလုပ်နိုင်ခဲ့ပေ။ အဖြစ်ဖွဲ့ထားသည့် လက်နက်ကိုင်တပ်သည် မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် တောင်ဘက်အကျဆုံးမြို့ Teknaf တွင် အခြေစိုက်ပြီး ခေါင်းဆောင်များမှာမူ စစ်တကောင်းတွင် အခြေစိုက်ကာ သတင်းလွှာများ၊ ကြေညာချက်များ၊ ဝါဒဖြန့်ချိမှုများ လုပ်ခဲ့ကြသည်။

၁၉၇၈ တွင် “တရားမဝင် ရွှေ့ပြောင်း အခြေချသူများ” ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်တွင် တပ်မတော်က နဂါးမင်းစစ်ဆင်ရေး လုပ်ဆောင်ချိန်တွင်မှ ထိုကိစ္စကို နိုင်ငံတကာက  သတိပြုမိလာခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် ၂ သိန်းခန့်အထိ ရောက်ရှိခဲ့သည်ဆိုသော ကိစ္စကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို အလွန် ကြွယ်ဝလှသော ဆော်ဒီအာရေဗျ ပရဟိတအဖွဲ့ Rabitat-al-Alam-al-Islami ပါ နယ်စပ်တွင် လာရောက် အခြေချခဲ့သည်။ အဆိုပါ အဖွဲ့သည် ဒုက္ခသည်များကို အကူအညီပေးသည့်အပြင် Ukhia တွင် ဆေးရုံတစ်ရုံ၊ ဗလီတစ်ခု၊ ဗလီမျှော်စင်တစ်ခု တည်ဆောက်ပေးခဲ့သည်။ ထိုနေရာမှာ နောက်ပိုင်းတွင် အရောင်အသွေးစုံ မွတ်ဆလင်စစ်သွေးကြွများ စုဝေးတိုင်ပင်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

အကျိုးဆက်အဖြစ် RPF မှ အစွန်းရောက်သည့် အုပ်စုများခွဲထွက်ပြီး RSO ကို ထူထောင်ခဲ့ကြသည်။ ရခိုင်မှ ဆရာဝန်တစ်ဦးဖြစ်သော မိုဟာမက်ယူ နွတ်ဆိုသူ ဦးဆောင်ပြီး ထူထောင်ခဲ့သှောRSO သည် ဘင်္ဂါလီစစ်သွေးကြွအုပ်စုများထဲတွင် အဓိကနှင့် အားအကောင်းဆုံး အုပ်စုဖြစ်လာသည်။ ယင်းအဖွဲ့မှာ မွတ်ဆလင်ကမ္ဘာမှာ သဘောထားတူသည့် အုပ်စုများနှင့်ပူးပေါင်းမိပြီး ယင်းတို့ထဲတွင် BJI ပါသလို BJI ၏ ပိုစစ်သွေးကြွသော လူငယ်အဖွဲ့ Islami Chhatra Shibir အဖွဲ့လည်း ပါဝင်လာခဲ့သည်။

RSO သည် အာဖဂန်နစ္စတန်မှ Gulbuddin Hekmatyar’s Hizb-e-Islami အဖွဲ့၊ ကက်ရှ် မီးယားမှ Hizbe-ul-Mujahideen အဖွဲ့များ၏ ထောက်ခံမှုလည်း ရရှိခဲ့သည်။ အာဖဂန်မှ စစ်သင်တန်းမှူးများ RSO ၏ Ukhia စခန်းသို့ စေလွှတ်ပြီး သင်တန်းပေးသလို RSO မှ အကြမ်းဖက်သမား ၁၀ဝ နီးပါးကိုလည်း အာဖဂန်သို့စေလွှတ်ကာ Khost ပြည်နယ်တွင် Hizbe-e-Islami အဖွဲ့နှင့် စစ်သင်တန်း အတူတက်စေခဲ့သည်။ နောက်ပိုင်းတွင် RSO သည် အော်တိုမက်တစ်ရိုင်ဖယ်များ၊ စက်သေနတ်များ၊ ရော့ကတ်လောင်ချာများကို ဒေသတွင်း မှောင်ခိုဈေးကွက်မှ ရရှိနိုင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်မီဒီယာများက နယ်စပ်တစ်လျှောက် RSO အကြမ်း ဖက်အဖွဲ့၏ လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ မကြာမီ ရှင်းလင်းထင်ရှားလာသည့်ကိစ္စမှာ RSO စခန်းများတွင် ဘင်္ဂါလီများကိုသာ လေ့ကျင့်သင်ကြားပေးနေခြင်း မဟုတ်ဘဲ စစ်တကောင်းတက္ကသိုလ်မှ Islami Chhatra Shibir အဖွဲ့ဝင်များပါ RSO စခန်းများကို အကာအကွယ်ယူပြီး ၎င်းတို့၏  စစ်သွေးကြွလှုပ်ရှားမှုများကို လုပ်ဆောင်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

တကယ်တမ်းတွင် RSO သည် မြန်မာနိုင်ငံတွင်း တိုက်ခိုက်မှု အနည်းငယ် သို့မဟုတ် မရှိသလောက်သာ ပတ်သက်မှု ရှိခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် အာဖဂန် နစ္စတန်နိုင်ငံကို အမေရိကန်က ကျူးကျော်ပြီးနောက် ကဘူးလ်မြို့ရှိ အယ်လ်ကေးဒါး အဖွဲ့လက်မှ အမေရိကန်သတင်းဌာန CNN က ရရှိခဲ့သော ဗီဒီယို တိပ်ခွေများထဲတွင် အဆိုပါစခန်းများတွင် RSO တို့၏ လှုပ်ရှားမှုများ ပါရှိခဲ့သည်။ ယင်းတိပ်ခွေများတွင် အာရဗီစကားဖြင့် Burma ဟု ရေးထားပြီး ၂၀ဝ၂ ခုနှစ် ဩဂုတ်လတွင် တစ်ကမ္ဘာလုံးသို့ ပြသခဲ့သည်။ ယင်းဗီဒီယိုများမှာ နယ်ခြားအကျော် Ukhia တွင် ရိုက်ကူးခြင်း မဖြစ်နိုင်ဘဲ မြန်မာနိုင်ငံတွင်း ရိုက်ကူးခဲ့သည်ဟု ယူဆရသည်။

RSO သည် ယခုအခါ ပျက်သလောက်နီးပါးဖြစ်သွားပြီဖြစ်သလို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် ထင်ရှားသည့်စခန်းဟူ၍လည်း မကျန်တော့ပေ။ သို့သော်လည်း အစောပိုင်း RPF မှ RSO ယခု ARSA အထိ ဘင်္ဂါလီအရေး လှုပ်ရှားသည့် နိုင်ငံရေး အဖွဲ့အစည်းများ တဖြည်းဖြည်း အစွန်းရောက်ဘက် ကူးလာသည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သလို ယခု ARSA ဆိုလျှင် RSO ၏ ပြင်ပ အဆက်အသွယ်များထက် ကျယ်ပြန့်သော နိုင်ငံတကာ အဆက်အသွယ်များ ရရှိထားပြီး သိမ်မွေ့နက်နဲသော လူထု ဆက်ဆံရေး ဝါဒဖြန့်ချိမှု ယန္တရားမျိုး တည်ဆောက်လာနိုင်သည်ကို တွေ့မြင်လာရသည်။

ယခုအခါ ၁၉၅၀ ပြည့်နှစ်များ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်တွင်း မွတ်ဆလင် အကြမ်းဖက်သမားများက အကြီးစား စုဖွဲ့တိုက်ခိုက်မှု ကျူးလွန်ခြင်းမျိုး ကြုံလာရပြီဖြစ်သည်။ ARSA မတိုင်မီက ဘင်္ဂါလီအကြမ်းဖက် အဖွဲ့အစည်းများသည် Ukhia တွင် စစ်ရေးပြဟန်ရေးပြခြင်း၊ ဘင်္ဂလားဒေ့ရှ်တွင် အခြားသော အစ္စလာမ္မစ် အဖွဲ့အစည်းများနှင့်အတူ  စစ်တကောင်း နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းသာ အဓိက အလုပ်ဖြစ်ခဲ့သည်။

ARSA  ၏ ပထမဆုံး စစ်မြေပြင်စမ်းသပ်မှုမှာ ၎င်းအဖွဲ့၏ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားမှု အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကုန်ဆုံးချိန်တွင် စောင့်ကြည့်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် လက်နက် အပြည့်အစုံ စုဆောင်းထားနိုင်ခြင်း ရှိ မရှိကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော်လည်း ARSA ၏ ကံကြမ္မာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ရပ်တည်ချက် သဘောထားအပေါ်တွင်လည်း မူတည်နေပြီး ရွေးကောက်ပွဲတွင် အပြောင်းအလဲဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်း၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများကို စာနာမှုထားသည့် ပါတီမျိုး အာဏာရလာလျှင် ပိုစိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။

ဇေဝင်းနောင်

Ref: Atimes, Bangladesh holds the key to Rohingya insurgency by Bertil Lintner



FOLLOW US