POST TAGGED AS

ရခိုင်အရေး

အစွန်းရောက်တို့၏ ထောင်ချောက်ထဲ မဝင်စေရေး အထူးသတိပြု တုံ့ပြန်ရန် မြန်မာကို စင်ကာပူ တိုက်တွန်း

ကုလသမဂ္ဂ - စင်ကာပူ၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဩဂုတ်လက စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က အစွန်းရောက်သမားတို့၏ ထောင်ချောက်ထဲသို့ မရောက်ရှိသွားအောင် အထူးဂရုစိုက်ရမည်ဖြစ်သည်ဟု သတိပေးပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
 
စက်တင်ဘာလ ၂၃ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ အရေးကိစ္စကို နမူနာပေးကာ ထောက်ပြပြီး ခေါင်းဆောင်များအနေနှင့် အစွန်းရောက်အုပ်စုများကို တုံ့ပြန်ရာတွင် အသေအချာ ဂရုတစိုက် လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

“နေရာတကာမှာရှိတဲ့ အစွန်းရောက်တွေမှာ တူညီတဲ့ မဟာဗျူဟာလက်စွဲ အညွှန်းရှိတယ်။ နံပါတ် ၁ အဆင့်က ထိတ်လန့် တုန်လှုပ်စေနိုင်တဲ့ အကြမ်းဖက်မှုတွေလုပ်ဖို့။ နံပါတ် ၂ အဆင့်က ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ဘာသာရေးဆိုတဲ့ အမှတ်တံဆိပ်တွေ ကပ်ပြီး ရန်၊ ငါ၊ စည်း ခွဲခြားဖို့(အုပ်စုခွဲဖို့)။ နံပါတ် ၃ အဆင့်က ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကြောင့် သီးခြားစီ ခွဲထွက်နေထိုင်မှ ရပါတယ်ဆိုတာမျိုး ဖြစ်လာအောင်လုပ်ပြီး သဘောထား ပျော့ပြောင်းတဲ့သူတွေရဲ့ နယ်မြေတွေ ကွယ်ပျောက်အောင်လုပ်ဖို့”ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ရခိုင်အရေး ကိစ္စနှင့်ဆက်နွှယ်ပြီး အစွန်းရောက်အုပ်စုများ၏ ဗျူဟာကို သုံးသပ်ပြောဆိုသည်။ 

ထို့နောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ၎င်းအနေနှင့် ပြီးခဲ့သည့် သတင်းပတ်အတွင်း နေပြည်တော်သို့ သွားရောက်ကာ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင်း ဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်ကြောင့် အလုပ်များနေခဲ့ပြီး ရခိုင်ပြည်နယ်၌ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏ အရေးကိစ္စနှင့်ပတ်သက်၍ လွန်စွာ စိတ်ဖိစီးနေသည်ကို သတိပြုမိခဲ့ကြောင်း ပြောကြားသည်။ 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာသည် သမိုင်းကြောင်းနှင့်တကွ ရှုပ်ထွေးနက်နဲသည့် လူမျိုးရေးကိစ္စဖြစ်ရာ ချက်ချင်း လက်ငင်းဖြေရှင်း၍ ရမည်မဟုတ်ဟု မှတ်ချက်ပေးပြီး မြန်မာနိုင်ငံအနေနှင့် ရေရှည်ခံမည့် အဖြေတစ်ခု ထွက်ကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးပမ်းနည်းလမ်းရှာရာတွင် အာဆီယံက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

စင်ကာပူအနေနှင့် အာဆီယံနှင့်လက်တွဲပြီး အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရသည့် လူမျိုးစုများထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ဆိုသည်။ 

လက်ရှိအနေအထားတွင် အကြမ်းဖက်အုပ်စုများသည် အင်တာနက်ကို ကောင်းစွာအသုံးချကာ အဆိပ်အတောက်ပါသည့် အစွန်းရောက် အတွေးအခေါ်များကို အာဆီယံဒေသ အပါအဝင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိလျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားသည်။

F-01



FOLLOW US