News

POST TAGGED AS

ရခိုင်အရေး

“အိန္ဒိယဝန်ကြီးချုပ်ခရီးစဉ်နဲ့ ရခိုင်က နိုင်ငံတကာ အန်ဂျီအိုများ”

ရခိုင်ဒေသအကြမ်းဖက်ခံရမှုပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေချိန်မှာပဲ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ မြန်မာပြည်ကို ၃ ရက်ကြာရောက်ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်မိုဒီဟာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အတော်လေး လက်သံပြောင်တယ်လို့ နာမည်ကြီးသူပါ။

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ အန်ဂျီအိုပေါင်း ၂ သန်းကျော်လောက် ရှိပါတယ်။ အိန္ဒိယပြည်သူ သန်း ၁၈၀ လောက် ဆင်းရဲမွဲတေနေချိန် အန်ဂျီအိုတွေရဲ့ ထောက်ပံ့ကူညီမှု လိုအပ်နေပေမယ့် ဝန်ကြီးချုပ် မိုဒီရဲ့ အစိုးရကတော့ နိုင်ငံတကာ အန်ဂျီအိုတွေဟာ အနောက်နိုင်ငံအစိုးရတွေရဲ့ အကျိုးစီးပွား မူဝါဒတွေကို ဖော်ဆောင်ထမ်းရွက်ပေးနေကြတဲ့ လက်ကိုင်တုတ်တွေလို့ ရှုမြင်ထားပါတယ်။ အဲဒါကြောင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) လို လူ့အခွင့်အရေး အဖွဲ့အစည်းတွေကစလို့ Greenpeace လို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအိုတွေပါမချန် လိုင်စင်ရုပ်သိမ်းတာ၊ တိုင်းပြည်က နှင်ထုတ်တာတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၂ ရခိုင်ပဋိပက္ခအတွင်းမှာ ဝင်ရောက်ပတ်သက်ခြေရှုပ်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်း တစ်ဒါဇင်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခုလည်း ဝန်ကြီးချုပ် မိုဒီမလာခင် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ရခိုင်မှာ WFP အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ရေး ရိက္ခာ အသုံးအဆောင်ပစ္စည်းတွေကို အကြမ်းဖက်သမားတွေထံကနေ ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ ထောက်ပံ့ပစ္စည်းတွေ အမြောက်အများ ဘယ်လိုလုပ်ပြီး အကြမ်းဖက်သမားတွေလက်ထဲ ရောက်နေရသလဲဆိုတာ စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အန်ဂျီအိုတွေအပေါ် အယုံအကြည် ကင်းမဲ့သွားပြီဖြစ်တဲ့ ဒေသခံရခိုင်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံသား အလှူရှင်တွေထံက ကူညီထောက်ပံ့မှုတွေကလွဲလို့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေထံက လှူဒါန်းကူညီမှုတွေ လက်မခံကြဖို့ နှိုးဆော်တိုက်တွန်းထားကြပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အကြမ်းဖက်မှု သတင်းတွေနဲ့ပတ်သက်လို့ တကယ်ကို မိတ်ဆွေရင်းပီသစွာ အမြဲပဲ လက်တို့ သတိပေးနေခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ နိုင်ငံတကာ အန်ဂျီအိုတွေကို ကိုင်တွယ်ရာမှာ လက်သံပြောင်လှတဲ့ ဝန်ကြီးချုပ်မိုဒီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ သီးခြားစီတွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အကြမ်းဖက်မှုဆိုင်ရာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ သတိပေးပြောကြားနိုင်သလို နိုင်ငံတကာ အန်ဂျီအိုတွေအရေးနဲ့ပတ်သက်လို့ပါ ဘာတွေများ အကြံပြု လက်တို့ပြောခဲ့မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မြန်မာပြည်သူတွေအနေနဲ့တော့ အခုတခေါက် ရခိုင်ဒေသ အကြမ်းဖက်ခံရမှုအရေးမှာ နိုင်ငံတကာအန်ဂျီအိုတွေ ပါဝင်ပတ်သက်မှု မရှိကြပါစေနဲ့လို့ပဲ ရင်တမမနဲ့ ဆုတောင်းကြရမှာပါ။ အကယ်၍များ ဒီပဋိပက္ခထဲမှာ နိုင်ငံတကာအန်ဂျီအိုတွေ ခြေထိုးခြေရှုပ်သလိုမျိုး ပါဝင်ပတ်သက်နေခဲ့မယ်ဆိုရင်တော့ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး ထိခိုက်နိုင်ရုံမျှမက ရခိုင်အရေးကြောင့် စိတ်မချမ်းမြေ့ဖြစ်နေကြတဲ့ နိုင်ငံတဝှမ်းက မြန်မာပြည်သူတွေပါ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု ပျက်ပြားသွားနိုင်တဲ့အထိ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ကျော်ကျော်အောင်



FOLLOW US