News

POST TAGGED AS

ရခိုင်အရေး

03-Sep-2017

ရခိုင်အရေး
ရခိုင်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရန်ကုန်မြို့လယ်တွင် ဆုတောင်း

ရန်ကုန်၊ စက်တင်ဘာ ၃

ပြီးခဲသည့် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ ကြောင့် အသက်ဆုံးရှုံးခဲ့သော နိုင်ငံ့ဝန် ထမ်းများ၊ ပြည်သူများအတွက် ဆုတောင်း မေတ္တာပို့ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည်။ 

ယင်းဆုတောင်းပွဲကို ရခိုင်ကျောင်းသား ၂၀ ခန့်က ဦးဆောင်ပြုလုပ်ကြခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာနေသူများ ပြန်လည်နေရာချထားပေးရန်နှင့် လုံခြုံရေး အာမခံချက်ရှိစွာ အစိုးရက ဆောင်ရွက်ပေးရန် ရခိုင်ကျောင်းသားလူငယ်များက တောင်းဆိုကြသည်။

“အစိုးရအနေနဲ့ လက်ရှိ ဒုက္ခရောက်နေတဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် အကူအညီတွေ ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်တယ်”ဟု ဆုတောင်းပွဲတွင်ပါဝင်သူ ရခိုင်ကျောင်းသားလူငယ် ကိုပြည့်ဖြိုးထူးက ပြောသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက် စွန့်လွှတ်ခဲ့ရပြီး တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သည်တစ်ဦး ပျောက်ဆုံးလျက်ရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်အဖွဲ့များ တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသား တစ်သောင်းကျော် အစိုးရက ရွှေ့ပြောင်းပေးထားရပြီး ဘူးသီးတောင်နှင့် မောင်တောမြို့တို့က လူအများပြား စွန့်ခွာ ထွက်ပြေးလျက်ရှိသည်။

J-07



FOLLOW US