News

POST TAGGED AS

ရခိုင်အရေး

ရခိုင်စစ်ရှောင်များအတွက် မကွေးလွှတ်တော်ကိုယ်စားလှယ်များ နေ့တွက်ခကိုလှူ
မကွေး၊ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေသူများအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏နေ့တွက်ခ တစ်နေ့တာ ရရှိငွေများကို စုပေါင်းကာလှူဒါန်းမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်း သတင်းရရှိသည်။

မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို တစ်နေ့တာ နေ့တွက်ခအဖြစ် ရပ်ဝေးမှ လာရောက်ရသည့် ကိုယ်စားလှယ်တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းနှင့် မကွေးမြို့ပေါ်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းစီ သတ်မှတ်ပေးထားရာ ယနေ့တွင် တက်ရောက်သည့် ကိုယ်စားလှယ်များ၏ နေ့တွက်ခကိုသာ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ရှင်းပြပြောဆိုသည်။ 

“လှူမည့်ငွေက စုစုပေါင်း ငွေကျပ် ကိုးသိန်းငါးသောင်းတိတိဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အစီအစဉ်ကို ဩဂုတ် ၃၁ ရက်နေ့တွင် ကျင်းပသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌက တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ သဘောထားကို ရယူအတည်ပြုခဲ့ခြင်းဖြစ်ပြီး မနှစ်ကဖြစ်ပွားခဲ့သည့် ချောက်ငလျင် ကြောင့်ပြိုပျက်ခဲ့ရသည့် ပုဂံဘုရားများ ပြန်လည် ပြုပြင်ရေးအတွက်ကိုလည်း မကွေး လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ယခုလို ကူညီလှူဒါန်းခဲ့ဖူးကြောင်း ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

R-02



FOLLOW US