News

POST TAGGED AS

ရခိုင်အရေး

31-Aug-2017

ရခိုင်အရေး
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ နှစ်ရက်အတွင်း ရောက်မည်

ရန်ကုန်၊ ဩဂုတ် ၃၁

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသူ တစ်သောင်းကျော်အတွက် သုံးရက်တာ ဖူလုံစေမည့်စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ဩဂုတ်လ ၃၁ ရက်တွင် ပို့ဆောင်မည်ဖြစ်သောကြောင့် နှစ်ရက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အရေးပေါ် စီမံခန့်ခွဲရေးဌာန ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပြောကြားသည်။

“လက်ရှိ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေရဲ့လိုအပ်ချက်ကို အရေးပေါ် စီစဉ်ပြီး ပို့လိုက်တာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဃောစ တွေက ပျမ်းမျှ ၃၀ ကျော်လောက် ရှိတယ်လို့ သိထားရတယ်။ အဲ့အတွက် အရေးပေါ် ပထမအဆင့်အနေနဲ့ ပို့လိုက်တာပါ။ နောက်ထပ်ပြီးလည်း ရေရှည်ဖူလုံဖို့အတွက် ထပ်မံ ထောက်ပံ့သွားမှာပါ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပေးပို့သည့် စားနပ်ရိက္ခာများတွင် ငါးသေတ္တာဘူးကြီး ၅၆၀ဝ နှင့် ယမ်ယမ်ခေါက်ဆွဲထုပ် ၅၁,၆၀ဝ ကျော် ပါဝင်မည် ဖြစ်ပြီး အရေးပေါ်မိုးကာ တာပေါ်လင်အချပ် တစ်ထောင်နှင့် တစ်ကိုယ်ရေနှင့် ကျန်းမာရေး အထောက်အကူပစ္စည်း တစ်ထောင်ကျော်၊ ဇွန်းနှင့် ပန်းကန်အစုံ တစ်ထောင့် နှစ်ရာကျော် စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဒေါ်စန်းစန်းမော်ထံက သိရသည်။

အကြမ်းဖက်မှု ဖြစ်ပွားနေသော မောင်တောဒေသနှင့် ဆက်စပ်မြို့နယ်များဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် စသောဒေသများရှိ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လွယ်ကူသည့်မြို့နယ်များတွင် နှစ်ရက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများအတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိကြောင်းနှင့် ပို့ဆောင်ရာတွင် မြို့နှင့် အလှမ်းဝေးသောနေရာများတွင် ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိရန်ခက်ခဲကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးပို့ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး  ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကြက်ခြေနီ စေတနာ့ဝန်ထမ်း ၁၂၀ ကျော်က ကယ်ဆယ်ရေးစခန်းများတွင် ပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိသည်။

J-14



FOLLOW US