News

POST TAGGED AS

ရခိုင်အရေး

30-Aug-2017

ရခိုင်အရေး
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်
ရန်ကုန်၊ ဩဂုတ် ၃၀

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်အုပ်စုနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသည့်ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ဗြိတိန်နိုင်ငံက တင်ပြထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က အဆိုပါ ရခိုင်ကိစ္စကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တောင်းဆိုလိုက်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။ 

“ရခိုင်ပြည်နယ်က အရေးကိစ္စတွေကို ရေရှည်ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း နေဖို့ တိုက်တွန်းပါတယ်”ဟု သံအမတ်ကြီး မက်သျှူးရိုင်း ခရော့ဖ်က ပြောကြားသည်။ 

အာရပ်ကမ္ဘာမီဒီယာတစ်ခုဖြစ်သော Aljazeera ၏ဖော်ပြချက်အရ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ရခိုင်ကိစ္စအား လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် အဆိုပြုထားပြီဖြစ်သည့် အကြောင်းကို Twitter မှတစ်ဆင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများကြောင့် ဘေးဒုက္ခ ရောက်နေကြရသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များ ရခိုင်ပြည်နယ်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုရီယိုဂူတာရီစ်က မြန်မာနိုင်ငံကို တနင်္လာနေ့က တိုက်တွန်းပြီး ရခိုင်အရေးကိစ္စအပေါ် အထူးပင် စိုးရိမ်ပူပန်မိသည်ဟု ပြောကြားသည်။ 

“တိုက်ခိုက်မှုများအတွင်း အရပ်သားများ သေဆုံးခဲ့သည်ဆိုသော သတင်းတွေများနှင့်ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှူးက အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိသည်”ဟု ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်သောကြာနေ့က ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်များ(Reuters သတင်းဌာနက ရိုဟင်ဂျာ သူပုန်ဟု သုံးနှုန်းသည်) တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မွတ်ဆလင်မြောက်မြားစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း Reuters သတင်းက ဆိုသည်။ 

Aljazeera သတင်းဌာနက၏ ဖော်ပြချက်တွင် လုံခြုံရေးတပ်ဖွဲ့များသည် အချိုးအစား မညီမျှသည့် အင်အားသုံးစွဲပြီး မွတ်ဆလင်ရွာသား ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းစေခဲ့သလို နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ မော်တာများနှင့် စက်သေနတ်များလည်း အသုံးပြုခဲ့သည်ကို မီဒီယာများက ဖော်ပြခဲ့ကြောင်း ရေးသားခဲ့သည်။ သို့သော် မည်သည့် သတင်းဌာန၊ မည်သည့်မီဒီယာက ရေးသားသည်ကို Aljazeera က ဖော်ပြမှုမပြုပေ။ 

မြန်မာအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သောကြာနေ့က ဖြစ်ပွားခဲ့သော နယ်စပ်ဒေသ တပ်စခန်းနှင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုတွင် တပ်ဖွဲ့ဝင် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးနှင့် Arakan Rohingya Salvation Army (ARSA) မှ အကြမ်းဖက်သမား ၇၇ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောတွင်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်စဉ်တွင် ပြည်ပ အထောက်အပံ့နှင့် နိုင်ငံတကာနှင့် ပြည်တွင်း NGO အဖွဲ့အစည်းများ ပါဝင်ပတ်သတ်မှုများ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် ရခိုင်အရေး နိုင်ငံတကာ သံတမန်များကို ရှင်းလင်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။



FOLLOW US