News

POST TAGGED AS

ရခိုင်အရေး

မောင်တောဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် ဆရာတော် ဦးဝီရသူ တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၃၀

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ထုတ်ပြန်သော အစီရင်ခံစာကို ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရှုတ်ချပွဲတွင် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူက ရခိုင်ပြည်နယ် မောင်တောဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ ကန့်ကွက်ပွဲကို ဩဂုတ်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အမျိုးသားရေး လှုပ်ရှားသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်း ဆရာတော် ဦးဝီရသူက ပါဝင်ဟောပြောရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဆရာတော် ဦးဝီရသူက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ကျင်းပပေးရန်နှင့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် တောင်းဆို ဟောပြောခဲ့သည်။

မောင်တောဒေသရှိ ဘင်္ဂါလီ အကြမ်းဖက်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာတွင် တပ်မတော်ကသာ ဘင်္ဂါလီ ကျေးရွာများကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အခြေအနေ ရှိသောကြောင့် ယင်းသို့ စစ်အုပ်ချုပ်ရေး တောင်းဆိုရခြင်းဖြစ်ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

“မာရှယ်လော ဥပဒေ ပြဋ္ဌာန်းလိုက်လို့ ဥပဒေ စိုးမိုးလာရင် တပ်မတော် တစ်ခုတည်း နာမည်ရမှာ မဟုတ်ပါဘူး။ ဒါကို ပြဋ္ဌာန်းလိုက်တဲ့ လွှတ်တော်နဲ့ အစိုးရလည်း နာမည်ရမှာပါ”ဟု ဆရာတော်က မိန့်ကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်များ၊ အကြံပြုချက်များသည် မှားယွင်းနေပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ ထည့်တွက် စဉ်းစားခဲ့ခြင်းမရှိဘဲ ယဉ်ကျေးမှုကိုလည်း လျစ်လျူရှုခဲ့ကြောင်း ဥပဒေပညာရှင် ဦးကျော်သူငြိမ်းကလည်း ယင်းကန့်ကွက်ပွဲတွင် ဟောပြောခဲ့သည်။

အထူးသဖြင့် ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအရ ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရန် အကြံပြုမှုကို ထောက်ပြပြောဆိုသွားခဲ့ပြီး ယင်းဥပဒေကို ပြင်ဆင်ပါက ပိုဆိုးသည့် အခြေအနေ ရောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါဟောပြောပွဲကို လူရာဂဏန်း တက်ရောက်ခဲ့ကြပြီး ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရနှင့် လွှတ်တော်၏ လုပ်ဆောင်မှုများကိုလည်း ဆရာတော် ဦးဝီရသူက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းအချိန်၌ မောင်တောမြို့နယ်ရှိ လုံခြုံရေး ရဲကင်းနှင့် ရဲစခန်း စုစုပေါင်း ၃၀ ကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတစ်ဦး ပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် ခြောက်လက်၊ လက်ကိုင် ဆက်သွယ်ရေး စက်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

J-08



FOLLOW US