News

POST TAGGED AS

ရခိုင်အရေး

ရခိုင်ကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်အဆိုပြု

ကုလသမဂ္ဂ၊ သြဂုတ် ၃၀

ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီအကြမ်းဖက်အုပ်စုနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသည့်ကိစ္စကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က အဆိုပါ ရခိုင်ကိစ္စကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တောင်းဆိုလိုက်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။ 

“ရခိုင်ပြည်နယ်က အရေးကိစ္စတွေကို ရေရှည်ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်းနေဖို့ တိုက်တွန်းပါတယ်”ဟု သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ပြောကြားသည်။ 

ပြီးခဲ့သည့်သောကြာနေ့က ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီအကြမ်းဖက်များ(Reuters သတင်းဌာနက ရိုဟင်ဂျာသူပုန်ဟု သုံးနှုန်းသည်) တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဘင်္ဂါလီမွတ်ဆလင် မြောက်မြားစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း Reuters သတင်းကဆိုသည်။ 

အာရပ်ကမ္ဘာမီဒီယာတစ်ခုဖြစ်သော Aljazeera ၏ဖော်ပြချက်အရ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ရခိုင်ကိစ္စအား လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် အဆိုပြုထားပြီဖြစ်သည့်အကြောင်းကို Twitter မှတစ်ဆင့်ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ 

(မှတ်ချက်။ ။ အဆိုပါ လုံခြုံရေးကောင်စီတွင် ရခိုင်ကိစ္စဆွေးနွေးမည့်သတင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ သတင်းထူးများကို The Voice က ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်)



FOLLOW US