News

POST TAGGED AS

ရခိုင်အရေး

ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်တွင် နိုင်ငံတကာ NGO ဝန်ထမ်းအချို့ ပါဝင်ဟု ပြည်ထဲရေးဝန်ကြီးဆို၊ အကြမ်းဖက်သမားများက ယင်းဒေသကို သိမ်းပိုက်ရန် ရည်ရွယ်လုပ်ဆောင်
ရန်ကုန်၊ ဩဂုတ် ၂၉

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောတွင်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် နိုင်ငံတကာနှင့် ပြည်တွင်း NGO အဖွဲ့အစည်းများမှ ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှုများရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် ရခိုင်အရေး နိုင်ငံတကာ သံတမန်များကို ရှင်းလင်းသည့် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ရှင်းလင်းမှုတွင် ပြည်ထောင်စု အစိုးရ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ရဲမှူးချုပ် အောင်နိုင်သူတို့ကလည်း ပါဝင်၍ မောင်တောဒေသဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် ကျီးကန်းပြင်နယ်ခြား စောင့်စခန်း အတိုက်ခံရမှု ကိစ္စရပ်များနှင့် အကြမ်းဖက် အဖွဲ့အစည်းများ ခေါင်းထောင်လာမှု အခြေအနေများကို ရှင်းလင်းခဲ့သည်။

အချို့ INGO နှင့် NGO များက ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဆောက်လုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများအတွက် တင်သွင်းလာသည့် သံပိုက်လုံးများ၊ နမိုးနီးယား၊ ဓာတ်မြေဩဇာများကို အကြမ်းဖက်အဖွဲ့၏ အဖျက်လုပ်ငန်းများတွင် ပြန်လည် အသုံးပြုနေပြီး ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့အတွင်း၌လည်း INGO, NGO အချို့မှ လူတစ်ချို့ ပါဝင်နေသည်ဟုလည်း ဖော်ထုတ်တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

“အဲဒီပစ္စည်းတွေဟာ တချို့ အကြမ်းဖက်သမားများဆီကတဆင့် ရောက်သွားတဲ့ အချိန်မှာ အဖျက်လုပ်ငန်းတွေ လုပ်ပြီးတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်တိုက်ခိုက်လာတာကို ကျွန်တော်တို့ ဖော်ထုတ်သိရပါတယ်”ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ထို့ပြင် ပြည်ပ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နေထိုင်သည့် မောင်တော ဇာတိဖွား မွတ်ဆလင်နှစ်ဦးက မူးယစ်ဆေးဝါး လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများဖြင့် မောင်တော အကြမ်းဖက်လုပ်ငန်းကို ဦးဆောင်သည့် Arakan Salvation Rohingya Army အဖွဲ့ကို ထောက်ပံ့နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို အစီအစဉ်ကျကျ ကြိုတင်ပြင်ဆင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများက ယင်းဒေသကို သိမ်းပိုက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောကြားသည်။

ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့သည့် ထွက်ပြေးတိမ်းရှောင်ရမှုများသည် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရခြင်းဖြစ်ပြီး ပြည်တွင်းရှိ ဒေသခံ တိုင်းရင်းသားများလည်း အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း လုံခြုံရေးတပ်များ သာမက ဒေသခံ တိုင်းရင်းသားများလည်း သတ်ဖြတ်ခံရကြောင်း ၎င်းက သံတမန်များကို ရှင်းပြခဲ့သည်။

“သူတို့က တိုက်ခိုက်ရာမှာ မိန်းမတွေနဲ့ ကလေးတွေကိုလည်း လူသားတံတိုင်းအဖြစ် အသုံးချပြီး တိုက်ခိုက်ခဲ့ပါသေးတယ်”ဟု ဦးသောင်းထွန်းက ပြောကြားသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်နယ်မြေအဖြစ် ထူထောင်ရာတွင် အစိုးရ အုပ်ချုပ်ရေးကို တိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးနှင့် နီးစပ်သည့် ဒေသခံများကို သတ်ဖြတ်ခြင်း၊ ဒေသခံ တိုင်းရင်းသားများကို ၎င်းတို့၏ ကျေးရွာများတွင် မနေရဲအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ကြောင်း ရဲမှူးချုပ်အောင်နိုင်သူက ပြောကြားသည်။

“နောက်ဆုံးမှာ လူမှုကွန်ရက် မီဒီယာတွေကနေ စည်းရုံး လှုံဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဘင်္ဂါလီအချို့ကလည်း စည်းရုံးမှုတွေနောက်မှာ ပါဝင်ချင်လို့ ဒါမှမဟုတ် ခြိမ်းခြောက်ခံရလို့ အဖွဲ့ထဲ ဝင်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်ပသတင်းဌာနများက မြန်မာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် မွတ်ဆလင်များ နယ်စပ်သို့ ထွက်ပြေးနေကြကြောင်း သတင်းများ ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းအချိန်၌ မောင်တောမြို့နယ်ရှိ လုံခြုံရေး ရဲကင်းနှင့်ရဲစခန်း စုစုပေါင်း ၃၀ ကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး ပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် တစ်လုံး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့မှ ၇၇ လောင်းနှင့် အကြမ်းဖက် အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ဝန်ထမ်းများ အပါအဝင် ထွက်ပြေးတိမ်းရှောင်သူ လေးထောင်ကျော်ရှိကြောင်း ယင်းထွက်ပြေးတိမ်းရှောင်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရွှေ့ပြောင်းပေးလျက်ရှိကြောင်း အာဏာပိုင်များထံမှသိရသည်။

J-08



FOLLOW US