News

POST TAGGED AS

ရခိုင်အရေး

25-Aug-2017

ရခိုင်အရေး
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်ရေးတိုက်တွန်းသည့်အဆို ရှုံးနိမ့်
နေပြည်တော်၊ ဩဂုတ် ၂၄

အကြမ်းဖက်မှုများ ဖြစ်ပွားနေ သေးသည့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုကောင်းမွန်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သောကြောင့် အတည်မဖြစ်ဘဲ မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ဩဂုတ် ၂၄ ရက်က ကျင်းပသောလွှတ်တော်က ကြေညာခဲ့သည်။

ယင်းအဆိုကို ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာ ထိပါးနှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အဆိုကို ကိုယ်စားလှယ် ၂၆ ယောက်က ဆွေးနွေးခဲ့ပြီး အဆိုရှင် ဒေါ်ခင်စောဝေက အတည်ပြုရန်တင်ပြခဲ့ရာ လွှတ်တော်က မဲခွဲဆုံးဖြတ်ခြင်းကြောင့် အတည်ပြုရန် ထောက်ခံမဲ ၁၅၀ ၊ မှတ်တမ်းအဖြစ်သာ ထားရန် ၂၃၂ မဲ၊ ကြားနေ ၆ မဲ ဖြစ်ခဲ့သည်။

“တပ်မတော်အပါအဝင် ထောက်ခံမဲ ၁၅၀ လောက်ရတယ်၊ အတည်ဖြစ်သွားရင် ဒေသခံ တိုင်းရင်းသားတွေ စိတ်ထဲ အားရှိမယ်၊ လုံခြုံရေး လုပ်ဆောင်နေသူတွေလည်း အားတက်စေမယ်၊ ရေရှည်လုံခြုံရေးအတွက် ပိုကောင်းစေမယ်”ဟု ဒေါ်ခင်စောဝေက The Voice သို့ ပြောသည်။

ယင်းအဆိုကို ဆွေးနွေးနေသည့် ကာလအတွင်း၌ပင် အဆိုပါဒေသတွင် လည်လှီးသတ်ဖြတ်မှုတို့ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအတွက် စိုးရိမ်နေရဆဲ အခြေအနေဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက အမှတ် (၁) ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ ဒေသ ၄ ခု၊ နယ်မြေ ၁၁ ခု သတ်မှတ်ထားကြောင်း၊ နယ်မြေရုံး ၁၁ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်းဝကင်း စခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခုဖြင့် တာဝန်ယူနေကြောင်း ရှင်းလင်း ပြောကြားသည်။

နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးတွင် အမှတ် (၁) ရဲကွပ်ကဲမှုအဖွဲ့အနေဖြင့် ကင်းစခန်း ၃၄ ခုနဲ့ လုံခြုံရေးတပ်ဖွဲ့ခွဲ ၃ ခု တို့ကို ထပ်တိုးချထားခဲ့ပြီး၊ တပ်မတော်နှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်းအပြင် ပင်လယ်ပြင် လှည့်ကင်း၊ မြေပေါ်လှည့်ကင်းနှင့် ကျေးရွာများအနီး လုံခြုံရေး တပ်ဖွဲ့များ နေရာချထားပြီး ချေမှုန်းရေးလက်နက်၊ ပစ်ကူလက်နက်တို့ကို မျှတစွာ ခွဲဝေထားသည့်အပြင် စခန်းတစ်ခုနှင့်တစ်ခုကို အပြန်အလှန် ကူးပစ်ပေးနိုင်ရန်အထိ စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယင်းကိစ္စကို တာဝန်ကျေ သဘောမျိုး မဟုတ်ဘဲ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ နှိမ်နင်းသွားမည်ဖြစ်သောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေါ်ခင်စောဝေ တင်သွင်းသည့်အဆိုနှင့် သဘောထား ရည်ရွယ်ချက်တူသောအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။

S-01



FOLLOW US