News

POST TAGGED AS

ရခိုင်

ရခိုင် အပါအဝင် ပဋိပက္ခဒေသများဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် ကူညီမည်
ရန်ကုန်၊ ဇူလိုင် ၎

ရခိုင်အပါအဝင် ပဋိပက္ခ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံရှိ ဒေသများ ဖွံဖြိုးရေးအတွက် မြန်မာအစိုးရနှင့် ပူးပေါင်းကူညီမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ Ms.Victoria Kwakwa က ပြောကြားလိုက်သည်။

ကမ္ဘာ့ဘဏ်အနေနှင့် မြန်မာနိုင်ငံအပေါ် ဆက်လက် ကူညီမည့်အကြောင်း Ms.Victoria Kwakwa ၏ အတည်ပြုပြောကြားမှုကို ဇူလိုင်လ ၄ ရက်နေ့၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ဒုတိယဥက္ကဋ္ဌသည် ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ခရီးစဉ်အတွင်းတွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများအပြင် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရန်ပုံငွေဖြင့် မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေး နှင့် လူမှုအသိုင်းအဝိုင်းများအကြား သဟ ဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ နှင့် ပဋိပက္ခဒေသများတွင် လူမှုအသိုင်း အဝိုင်းများအကြား သဟဇာတဖြစ်ရေးအတွက် အထူးအလေးပေး ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်အသစ်များ ဆောင်ရွက်ရာတွင်လည်း အခြားကဏ္ဍများအပြင် ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ရွာအသိုင်းအဝိုင်းများတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်နှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ရန်အတွက်လည်း ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထံမှ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံအစိုးရနှင့် UNHCR / UNDP တို့အကြား မကြာခင်ကချုပ်ဆိုခဲ့သည့် နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်များ အကောင်အထည် ဖော်ရာတွင်လည်းကောင်း၊ အာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင်လည်းကောင်း အဘက်ဘက်က ကူညီသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်သည် ၂၀၁၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံကို အကူအညီများ ပြန်လည်ပေးခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်နှင့် ညီမျှသည့် နှစ်ရှည် ချေးငွေများကို ပံ့ပိုးကူညီလျက်ရှိသည်။

လက်ရှိဖြစ်ပွားနေသော ဘင်္ဂါလီ ပြဿနာကြောင့် ကမ္ဘာ့ဘဏ်က မြန်မာ အပေါ်ပေးနေသည့် အကူအညီများနှင့် နောက်ထပ်လာမည့် စီမံကိန်းများတွင်လည်း ငွေကြေးအကူအညီများ ရပ်ဆိုင်းထားမည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းဌာနအချို့ ရေးသားမှုများသည် မဟုတ်မှန်ကြောင်း ကမ္ဘာ့ဘဏ်က ပြန်လည်ရှင်းလင်းထားသည်။

J-01



FOLLOW US