News

POST TAGGED AS

ရခိုင်

03-Apr-2018

ရခိုင်
လူသားချင်းစာနာမှုဆိုင်ရာ ကုလလက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ယနေ့ သွားမည်
ရန်ကုန်၊ ဧပြီ ၃

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် Ms. Ursula Mueller သည် ရခိုင်ပြည်နယ်သို့ ယနေ့ (ဧပြီ ၄ ရက်) ရောက်ရှိ မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကယ်ဆယ်ကူညီရေးဆိုင်ရာ ဒုတိယအကြီးအကဲလည်းဖြစ်သူ ၎င်း၏ အဆိုပါခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့်တွေ့ဆုံခြင်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခြင်း၊ ဘင်္ဂါလီနှင့် ရခိုင်ဒေသခံများကို တွေ့ဆုံခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

“စစ်တွေမြို့မှာ သူ ကြည့်ချင်တာတွေ သွားကြည့်ပြီးရင် ပြည်နယ်အစိုးရနဲ့ တွေ့မှာပေါ့။ နောက်တစ်ရက်မှာမှ ဘူးသီးတောင်၊ မောင်တောကို သွားမှာပါ”ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ Ms. Ursula Mueller သည် မြန်မာနိုင်ငံသို့ ဧပြီလ ၂ ရက်က လာရောက်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ခရီးစဉ်အပြီးတွင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ဧပြီလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း UN က သတင်းထုတ်ပြန်ထားသည်။

၎င်း၏ခရီးစဉ်တွင် ရန်ကုန်နှင့် နေပြည်တော်သို့သွားရောက်ပြီး အစိုးရအဖွဲ့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြုလုပ်မည့် အစည်းအဝေးများ ပါဝင်မည်ဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်၏ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်မှု အခြေအနေများကို ကိုယ်တိုင် တွေ့မြင်၊ သိရှိနိုင်ရန်နှင့် အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံကာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအား တိုးတက်စေမည့်နည်းလမ်းများကို ဆွေးနွေးရန်ဖြစ်ကြောင်း UN လက်ထောက်အတွင်းရေးမှူးချုပ်၏ ခရီးစဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ် ပြီးဆုံးချိန်တွင် အာဆီယံနှင့် ကုလသမဂ္ဂ၊ ဒေသတွင်း နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ရန်အတွက် အင်ဒိုနီးရှားသို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည့် ဒုက္ခသည်များ ပြန်လည် လက်ခံရေးတွင် ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့မှ ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားသည်။

J-08



FOLLOW US