News

POST TAGGED AS

ရခိုင်

08-Sep-2016

ရခိုင်
ရခိုင်ကော်မရှင် ဘက်လိုက်မည်မဟုတ်ဟု ကိုဖီအာနန်ဆို
ရန်ကုန်၊ စက်တင်ဘာ  ၈
(ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း
ကိုဖီအာနန်သည်  စက်တင်ဘာလ ၈ရက်နေ့ ညနေက  ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အနေနှင့် ဘက်မလိုက်ဘဲ တိတိကျကျ ကြားနေသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ကို ဦးဆောင်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ရခိုင်ခရီးစဉ်ကို စက်တင်ဘာလ ၆ရက်နေ့တွင် စတင်ခဲ့ပြီး ယင်းခရီးစဉ်အပြီး ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်သည် အစိုးရက ဖွဲ့စည်းသည့် ဘက်မလိုက်သည့် အဖွဲ့အစည်းဖြစ်ပြီး အစိုးရကို အကြံပေးမည့် အဖွဲ့အစည်းဖြစ်ကြောင်း ကော်မရှင်အနေနှင့် ဘက်လိုက်ခြင်း မပြုဘဲ တိတိကျကျ ကြားနေ၍ အစိုးရကို အကြံပြုသွားမည်ဖြစ်ကြောင်း ကိုဖီအာနန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ပဋိပက္ခများကို ပြန်လည် ရင်ကြားစေ့ပေးရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသင်းအဖွဲ့များ ပိုမို အားကောင်းလာရေးတို့နှင့် ပတ်သက်သည့် နယ်ပယ်များတွင် အကြံပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အစီရင်ခံစာ တင်ဖို့က တစ်နှစ်အချိန်ရပါတယ်။ ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အလောတကြီး မလုပ်ပါဘူး။ သို့သော်လည်း အချိန်ဆွဲပြီး လုပ်မှာလည်း မဟုတ်ပါဘူး။ စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ နှံ့နှံ့စပ်စပ် ဆောင်ရွက်ပြီးတော့မှ ခိုင်မာတဲ့ အစီရင်ခံစာ တင်နိုင်အောင် လုပ်ဆောင်သွားမှာပါ" ဟု ကိုဖီအာနန်က ဆိုသည်။

ကော်မရှင်၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင်လည်း ဒေသခံများက ကော်မရှင်ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ ကော်မရှင်ကို  သြဂုတ်လ ၂၄ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကော်မရှင်တွင် ကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ အကြံပေး ပုဂ္ဂိုလ်သုံးဦး၊ ပြည်တွင်းမှ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ ငြိမ်းချမ်းမေတ္တာအသင်းမှ ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ မြသီတာ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်စောခင်တင့် တို့ဖြင့် ဖွဲ့စည်းထားသည်။

ယင်းကဲ့သို့ ကော်မရှင်တွင် ပြည်ပမှ ပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် ကော်မရှင်ကို ကန့်ကွက်ကြောင်း ကြေညာချက်ကို ရခိုင်ပြည်နယ်ရှိ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းသင့်ကြောင်း အရေးကြီး အဆိုတစ်ခုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့က အမျိုးသားလွှတ်တော်တွင် ANP ပါတီက တင်သွင်းပြီး မဲခွဲဆုံးဖြတ်ရာတွင် အဆိုရှုံးနိမ့်ခဲ့သည်။

  • VIA


FOLLOW US