News

POST TAGGED AS

ရခိုင်

07-Sep-2016

ရခိုင်
ကိုဖီအာနန်ကို စစ်တွေဒေသခံ တစ်ထောင်ကျော် ဆန္ဒပြ
စစ်တွေ၊ စက်တင်ဘာ ၆
(စစ်တွေမြို့သို့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၌ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ရောက်ရှိလာသည့်
ကိုဖီအာနန်ကို ဒေသခံတစ်ထောင်ကျော်က လေဆိပ်လမ်းမတစ်လျှောက် ကော်မရှင်ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်နေစဉ် Photo - EPA)

ရခိုင်ပြည်နယ်ခရီးစဉ်အဖြစ် စစ်တွေ မြို့ကို ရောက်ရှိလာသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို စစ်တွေဒေသခံ တစ်ထောင်ကျော်က ကော်မရှင် ဖျက်သိမ်းပေးရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက်က စစ်တွေမြို့ကို ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့သည့် ကိုဖီအာနန်ကို ဒေသခံတစ်ထောင်ကျော်က လေဆိပ်လမ်းမတစ်လျှောက် ကော်မရှင် ဖျက်သိမ်းရေးအတွက် ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဦးအေးထွန်းက ပြောကြားသည်။

"အဓိကကတော့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ နိုင်ငံခြားသားသုံးဦး ပါဝင်နေတာကို လက်မခံနိုင်ပါဘူး။ နောက်တစ်ချက် ဒီကော်မတီ မလိုအပ်ဘူး။ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်က ထုတ်ပြန်တဲ့အချက်တွေကိုပဲ အကောင် အထည်ဖော်ပေးဖို့လိုတာ"ဟု ၎င်းကဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် ရခိုင်ပြည်နယ်အရေး ပြည်ပနိုင်ငံခြားသား ဝင်ရောက်စွက်ဖက်မှု လက်မခံ၊ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အလိုမရှိ အစရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဒေါ်ကျော့စိန်က ပြောဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူလည်း နိုဘယ်လ်ဆုကို ရထားတာပဲ၊ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးအတွက် ဖြေရှင်းဖို့ ၁၉၈၂ နိုင်ငံသားဥပဒေကို သေချာဆောင်ရွက်ရင်ရတယ်။ ဒါပေမဲ့ သူက မဆောင်ရွက်ဘဲ နိုင်ငံခြားသားကို ဝင်ရောက်ပြီး စွက်ဖက်ခိုင်းတာ သဘာဝမကျဘူး။ ဒါကြောင့် ခုလို ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ကိုဖီအာနန်က ရခိုင်ပြည်သူများသည် ၎င်းကို ယခုလိုကြိုဆိုသည့်အတွက် ကျေးဇူးတင်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းမတွင် ၎င်းကို ကြိုဆို နှုတ်ဆက်သူများနှင့် မိတ်ဆက်စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ကိုဖီအာနန်သည် ရခိုင်ပြည်နယ် အစိုးရရုံးတွင် ဌာနဆိုင်ရာများ၊ INGO များမှ တာဝန်ရှိသူများ၊ မြို့ဖိမြို့ဖများနှင့် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး တွေဆုံနေစဉ်ချိန်အတွင်း ဒေသခံ လူ ၁၀၀ ခန့်က အစိုးရရုံးရှေ့တွင် နာရီဝက်ခန့် ဆန္ဒဖော်ထုတ်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ ရခိုင်ပြည်နယ် ခရီးစဉ်သည် နှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး ယခုခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ၍ ဒေသခံများ၏ ပြောဆိုမှုများကို နားထောင်သွားမည်ဖြစ်ကြောင်း မစ္စတာ ကိုဖီအာနန်က ဆိုသည်။

ယခု ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဒေသခံများသည် ကိုဖီအာနန် ရခိုင်မှ ပြန်လည်ထွက်ခွာမည့် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း လေဆိပ်လမ်းမတစ်လျှောက် ထပ်မံ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူများထံမှ သိရသည်။

  • VIA


FOLLOW US