News

POST TAGGED AS

ရခိုင်

06-Sep-2016

ရခိုင်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ စရိတ်များကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဘက်ဂျတ်မှ ကျခံ သုံးစွဲမည်
ရန်ကုန်၊ စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကုန်ကျစရိတ် အားလုံးကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဘက်ဂျတ်မှ ကျခံသုံးစွဲ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပါအဝင် အဖွဲ့ဝင် ကိုးဦး ပါဝင်သော ကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မရှင်သည် စက်တင်ဘာလ ( ၆ - ၇ ရက်အထိ) ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက် အဖွဲ့များဖြင့် တွေ့ဆုံလျက်ရှိသည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ ကုန်ကျစရိတ်တွေ အားလုံးကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဘက်ဂျတ်ကနေ သုံးစွဲမှာပါ”ဟု နိုင်ငံတော် သမ္မတရုံး ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ကော်မရှင်၏ ရခိုင်ပြည်နယ် ခရီးစဉ်များ၏ ကုန်ကျစရိတ်များကို သုံးစွဲရာတွင် ပြည်ပနိုင်ငံများ၏ ထောက်ပံ့ငွေမှ သုံးစွဲထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“ပြည်တွင်းကနေပဲ သုံးစွဲတာပါ။ ဘက်ဂျတ် ဘယ်လောက် သုံးစွဲမယ်ဆိုတာ အတိအကျ မပြောတတ်ဘူး”ဟု ဦးဇော်ဌေးက ရှင်းလင်း ပြောကြားသည်။

ကိုဖီအာနန် ဦးဆောင်သော အကြံပေးအဖွဲ့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ကိုဖီအာနန်အား ရခိုင်ပြည်နယ်မှ ထွက်ခွာပေးရန် ကန့်ကွက် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့သည်။ 

ယင်းကော်မရှင်၏ အစီရင်ခံစာသည် ကော်မရှင် ဖွဲ့စည်းတည်ထောင်ပြီး ၁၂ လထက် နောက်မကျပဲ နိုင်ငံတော် အတိုင်ပင်ခံရုံးထံ တင်ပြရမည် ဖြစ်သည်။ 

  • VIA


FOLLOW US