News

POST TAGGED AS

ရခိုင်

သတိထားရမည့် နိုင်ငံခြားအထောက်အပံ့
နိုင်ငံခြားအထောက်အပံ့ များစွာရှိသော်လည်း တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမရှိ၊ ဦးစားပေးလုပ်ငန်း ဟုတ်မဟုတ် ဆုံးဖြတ်ရန် လိုပါသည်။ များသောအားဖြင့် ချေးငွေအထောက်အပံ့တွင် ပြန်ဆပ်ရန် ချေးငွေ (ODA Loan) နှင့် ပြန်ဆပ်ရန်မလိုသော အထောက်အပံ့ (ODA Grant) ဟူ၍ နှစ်မျိုးရှိပါသည်။ (ODA – Official Development Assistance)

ယခုစာတမ်းတွင် စာရေးသူက ၁၉ နှစ်ခန့်အတွေ့အကြုံနှင့် အောင်မြင်မှုလည်း ရရှိခဲ့သော ဂျပန်နိုင်ငံ၏ အထောက်အပံ့ (ODA Grant နှင့် ODA Loan) ကို ဖော်ပြပါမည်။

ODA Grant တွင် နည်းပညာအထောက်အပံ့၊ အသေးစား အထောက်အပံ့ (ဂျပန်ယန်း ၁၀၀ သိန်းအောက်)၊ အရေးပေါ်အထောက်အပံ့ (သဘာဝဘေးနှင့် ကပ်ရောဂါ)၊ စီမံကိန်း (Project) ကြီးအတွက် လိုအပ်သော ပမာဏလေ့လာမူစာတမ်း (FS-Feasibility Study)တို့ အကျုံးဝင်ပါသည်။ ထို ODA Grant မှာတော့ ဂျပန်၏ သဘောထားက အဓိကကျပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးပြန်ဆပ်ရန် မလိုသောကြောင့် ဖြစ်ပါသည်။

ODA ကို ဂျပန်အစိုးရထံမှ တောင်းခံရာတွင် ဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီစာတမ်း (Proposal) မြန်မာ့အစိုးရမှ ဂျပန်သံရုံးကို ဖြတ်ပြီး ဂျပန်အစိုးရထံသို့ ပေးပို့ရပါသည်။ သို့သော် အကူအညီစာတမ်း (Proposal) ကိုရေးသားရန် သက်ဆိုင်ဝန်ကြီးဌာနမှ စိတ်မဝင်စားပေ။ ၎င်းကွက်လပ်ကိုဖြည့်ရန်မှာ ဂျပန်ကုမ္ပဏီများမှ တာဝန်ယူပြီး ဂျပန်သံရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအကြား လိုအပ်ချက်ကို ဂျပန်ကုမ္ပဏီမှ မေးမြန်းပြီး စာတမ်းပြုစုရပါသည်။ ၎င်းစာတမ်းကို မြန်မာအစိုးရမှ လက်မှတ်ထိုးပြီး ဂျပန်သံရုံးကို ပို့ရပါသည်။ ဂျပန်သံရုံးမှ ၎င်းစာတမ်းကို ဂျပန်အစိုးရထံသို့ ပို့ဆောင်ရပါသည်။ ဤနေရာတွင် တစ်ခုသတိပြုရန်မှာ ဂျပန်နိုင်ငံက ၎င်း၏ချေးငွေကို အသုံးပြုရသည့်အတွက် ဂျပန်ကုမ္ပဏီများ၏ အကျိုးကို ဦးစားပေးပါသည်။ ၎င်းအတွက်လည်း ဂျပန်ကို အပြစ်တင်၍ မရပါ။ လက်ခံသည့်နိုင်ငံ အနေနှင့်လည်း ချေးငွေဖြစ်ပါက မိမိနိုင်ငံအတွက် အကျိုးအမြတ် နည်းပါးပါက အားမနာပဲ ငြင်းဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ချေးငွေဖြစ်သဖြင့် ပြန်ဆပ်ရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ODA Loan မှာ ငွေကြေးပမာဏက ကြီးမားခြင်း (အနည်းဆုံး ဒေါ်လာသန်း ဆယ်ဂဏန်း၊ ရာဂဏန်းရှိခြင်း)၊ ပြန်ဆပ်ရမည့်ငွေကြေး ထောက်ပံ့မှုဖြစ်၍ သက်ဆိုင်ရာနိုင်ငံ၏ ဆုံးဖြတ်မှုက အဓိကကျပါသည်။
၎င်းစီမံကိန်းတွင်လည်း သက်ဆိုင်ရာအစိုးရကြားတွင် ညှိနှိုင်းမှုအတွက် ဂျပန်ကုမ္ပဏီများ၏ အခန်းကဏ္ဍက အရေးပါလာပါသည်။ အစိုးရ အဖွဲ့အစည်း မဟုတ်သည့်အတွက် နှစ်ဖက်အစိုးရမှ မေးမြန်းချက်များ၊ တောင်းဆိုချက်များကို ပွင့်လင်းစွာ ပြောဆိုနိုင်ပါသည်။

၎င်း ODA Loan သည် ဂျပန်နိုင်ငံအစိုးရ၊ အာဏာရပါတီ၊ အစိုးရအကြီးအကဲ၏ ဝင်ငွေရပေါက် အဖြစ်လည်း ဂျပန်နိုင်ငံတွင် ကျော်ကြားပါသည်။ ဂျပန်ကုမ္ပဏီကြီးများတွင် ODA Business Department သည်ထင်ရှားပြီး မရှိမဖြစ် ပါဝင်နေပါသည်။ ၎င်းကုမ္ပဏီတို့၏ အဆိုအရ ၎င်း Department သည် ၁၀ နှစ်တွင် Project တစ်ခုရပါက အရင်းကြေသည် ဟုပင် ပြောစမှတ်ပြုပါသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် နည်းပညာနှင့် ပစ္စည်းပေါ်တွင် အမြတ်မည်မျှ တင်ထားသည် သိနိုင်ပါသည်။

ODA Loan Project တွင် ၎င်းတို့ကုမ္ပဏီဝန်ထမ်းများ၏ လစာ၊ ကုမ္ပဏီ၏ အမြတ်၊ ကုမ္ပဏီမှ ဂျပန်အစိုးရ တာဝန်ရှိသူကို လာဘ်ပေးရခြင်း၊ နိုင်ငံရေးပါတီကို ထောက်ပံ့ရခြင်း(ငွေပေးရခြင်း)၊ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရတာဝန်ရှိသူကို လာဘ်ပေးရခြင်းများလည်း ရှိပါသည်။ ဂျပန်နိုင်ငံတွင် ODA Project နှင့်ပတ်သက်၍ မကြာခဏပြဿနာဖြစ်ပြီး သက်ဆိုင်သည့် အစိုးရအရာရှိများ နုတ်ထွက်ရခြင်း၊ သက်ဆိုင်ရာကုမ္ပဏီ အမှုဆောင်များ နုတ်ထွက်ရခြင်းများ ဖြစ်ပေါ်နေပါသည်။

သို့ရာတွင် ၎င်းလုပ်ငန်းကို ဘာကြောင့်မရပ်နိုင်သလဲ ဆိုလျှင် အမြတ်အစွန်း များသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံတွင် အသုံးမပြုသော ဟောင်းနွမ်းသော စက်ပစ္စည်း၊ ရထား စသည့်ယာဉ်များကို တန်ဖိုးကြီးစွာ ရောင်းချနိုင်သော အကျိုးအမြတ်လည်း ရရှိပါသည်။ ဥပမာ- မြန်မာနိုင်ငံတွင် ရထားစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ရထားအဟောင်းများကို တန်ဖိုးကြီးစွာ ရောင်းချနိုင်ပါသည်။ (စကားမစပ်-ဂျပန်နိုင်ငံမှ စက်အဟောင်းသည် တရုတ်နိုင်ငံမှ စက်အသစ်ထက် အရည်အသွေးမှာ သာပါသည်)။

ODA Loan Project ကိုလက်ခံသော နိုင်ငံအတော်များများတွင် သုံးစွဲသည့် ငွေကြေးနှင့် လက်ခံသည့်နိုင်ငံမှ ခံစားရသည့် အကျိုးမှာ အလွန်နည်းပါးကြောင်း စသည်ဖြင့် ပြဿနာက များပြားသောကြောင့် ဂျပန်နိုင်ငံတွင် တာဝန်ရှိကြောင်း၊ ဂျပန်နိုင်ငံရှိ လူမှုအဖွဲ့အစည်း (NGO) များ၏ ထောက်ပြချက် များစွာရှိသော်လည်း နောက်ဆုံးတွင် ဂျပန်နိုင်ငံက အကျိုးအမြတ် များစွာရရှိသောကြောင့် ၎င်းပြဿနာသည် ဘေးချိတ်ခံရပါသည်။ ဂျပန် နိုင်ငံအစိုးရနှင့် ကုမ္ပဏီများ၏ ဖြေရှင်းချက်က ၎င်းပြဿနာမှာ စီမံကိန်းကို လက်ခံသော နိုင်ငံ၏ပြဿနာဖြစ်ပြီး ဂျပန်ဘက်မှ သက်ဆိုင်ရာနိုင်ငံက အကူအညီတောင်း၍ ကူညီခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းပါသည်။ ၎င်းဖြေရှင်းချက် သည်လည်း အတော်အသင့် မှန်ကန်နေပါသည်။

မြန်မာနိုင်ငံတွင် ODA စီမံကိန်းနှင့်ပတ်သက်၍ အလွဲများစွာ ရှိသော်လည်း တချို့ကို ဖော်ပြချင်ပါသည်။

၁။ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အတွက် ဘိန်းအစားထိုးသီးနှံ (ပန်းဂျုံ) စိုက်ပျိုးခြင်းစီမံကိန်း (စစ်အစိုးရလက်ထက်)

၎င်းစီမံကိန်းသည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံက ဘိန်းပပျောက်ရေးနှင့် ပတ်သက်၍ နှစ်ဖက်အစိုးရ၏ နိုင်ငံရေးကစားကွက်သာ ဖြစ်ပါသည်။ ထိုအချိန်က ဂျပန်နိုင်ငံ အာဏာရပါတီအကြီးအကဲ ဖြစ်သော Mr.Kato က ဝန်ကြီးချုပ်ရာထူး အတွက် ၎င်းစီမံကိန်းကို ဖော်ဆောင်ခြင်း ဖြစ်သည့်အတွက် ကျန်အစိုးရ အသိုင်းအဝိုင်းက သဘောမကျပေ။ နောက်ဆုံး ဝန်ကြီးချုပ်ရွေးပွဲတွင် Mr.Kato ရှုံးနိမ့်သွားသောအခါ ဂျပန်ဘက်မှ ၎င်းစီမံကိန်းကို ဆက်လက်လုပ်ရန် စိတ်မပါတော့ချေ။

မြန်မာနိုင်ငံဘက်က ကြည့်ပါက ထိုအချိန်တွင် နိုင်ငံရေးရေချိန်က အနိမ့်ဆုံးရောက်နေသဖြင့် ၎င်းကိုကုစားရန် ဘိန်းပပျောက်ရေးစီမံကိန်းကို ဂျပန်နှင့် ပူးတွဲလုပ်ဆောင်ခြင်းဖြင့် နိုင်ငံရေးရေချိန်ကို မြှင့်ရန်ရည်ရွယ်ပြီး နိုင်ငံတော်မှ ငွေကြေးများစွာ စိုက်ထုတ် သုံးစွဲခဲ့ပါသည်။

ဂျပန်နိုင်ငံက ထောက်ပံ့သောငွေကြေးမှာ ဂျပန်နိုင်ငံသား အကြံပေးသူများ၏ လစာ (Consultant Fee) ဖြင့် ပြန်လည်ယူသွားပါသည်။ မြန်မာနိုင်ငံတွင် ကျန်ခဲ့သည်မှာ ပန်းဂျုံသယ်ရန် Truck နှစ်စီး၊ ဂျပန်အကြံပေးများ စီးရန် Landcruser ကား၊ ပန်းဂျုံကိုကြိတ်ရန် ကြိတ်စက်တစ်လုံး၊ ပန်းဂျုံစိုက်ပျိုးသည့် နည်းပညာ (ယူတတ်လျှင် တန်ဖိုးရှိ) သာ ကျန်ပါသည်။

၎င်းစီမံကိန်းအတွက် မြန်မာနိုင်ငံသည်လည်း ငွေကြေးကုန်ကျမှု များခြင်း၊ လူတစ်ဦးတည်းသာ (၎င်းအချိန်က ဝန်ကြီးချုပ်ဖြစ်သော ဦးခင်ညွန့်) နိုင်ငံတကာတွင် ထင်ရှားစေသည့်အတွက် ၎င်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိသည့်အတွက် ရပ်ဆိုင်းချင်ပါသည်။ ထို့နောက် နှစ်ဖက်အစိုးရ၏ သဘောတူညီချက်ဖြင့် ၎င်းစီမံကိန်းကို ရပ်စဲခဲ့ပါသည်။ ၎င်းစီမံကိန်းအတွက် နှစ်ဦးနှစ်ဖက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၂။ လျှပ်စစ်ရထားစီမံကိန်း (ပုဇွန်တောင်မှ ထော်လီကွေ့ (အလုံ) (ဦးသိန်းစိန်အစိုးရ လက်ထက်)

၎င်းစီမံကိန်းအတွက် ODA Loan ဒေါ်လာ ၄သန်းကျော် အသုံးပြုပြီး မကြာမီက ဖွင့်ပွဲကိုကျင်းပပြီး ရထားပြေးဆွဲခဲ့သော်လည်း ၎င်းနောက် ရထားပြေးဆွဲမှု မရှိတော့ပေ။

၎င်းစီမံကိန်းသည် ပုဇွန်တောင်ဘူတာမှ ပန်းဆိုးတန်း၊ ပန်းဆိုးတန်းမှ ထော်လီကွေ့ (အလုံ) အထိဖြစ်ပြီး တစ်နေ့ကို ၄-၅ ကြိမ်ပဲ (၂ နာရီကို တစ်စီးနှုန်း) ပြေးဆွဲပါသည်။ ၎င်းခရီးစဉ်သည် ဘတ်စ်ကား (BUS) နံပါတ်များစွာ ပြေးဆွဲပြီး ဘတ်စ်ကား(BUS)ဖြင့် လိုရာခရီးကိုအချိန်တို အတွင်းရောက်သည့်အတွက် မည်သူမျှ အချိန်၂ နာရီစောင့်ပြီး ရထားမစီးပေ။ ၎င်းရထား စမ်းသပ်ပြေးဆွဲစဉ်ကလည်း ခရီးသည် ၁၀ ယောက်ပင်မရှိပေ။ ၎င်းစီမံကိန်းအတွက် ချေးငွေမှာ ပြန်ဆပ်ရမည့်ငွေကြေး ဖြစ်ပြီး ဘာကြောင့် ထိုခရီးစဉ်ကို အသုံးပြုခဲ့သည်မှာ စဉ်းစား၍မရပါ။

စာရေးသူသည် ဂျပန်ကုမ္ပဏီတစ်ခု ODA Project Department ၏ Consultant ဖြစ်သဖြင့် ဂျပန်ဘက်မှ စဉ်းစားပါက ဂျပန်တွင် အသုံးမပြုဘဲ စွန့်ပစ်ထားသော ရထားဟောင်းများကို ဈေးကြီးကြီးဖြင့် ရောင်းရခြင်း၊ သံလမ်းများ ရောင်းရခြင်း၊ ရထားအတွက် လိုအပ်သော Spare Parts ကို နှစ်စဉ်ရောင်းရခြင်း အကျိုးကျေးဇူးများ ရရှိပါသည်။
မြန်မာလူမျိုးတစ်ယောက် အနေနှင့် စဉ်းစားပါက ၎င်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် မည်သို့စဉ်းစားစဉ်းစား အကျိုးရှိသည်ဟု မမြင်ပေ။ 
ဆိုးကျိုးမှာ ၎င်းချေးငွေနှင့်အတိုးကို မည်သို့ဆပ်မည်နည်း။

ဂျပန်လူမျိုးအကြံပေး (Consultant) တစ်ယောက်က ၎င်းစီမံကိန်းသည် နောင်အခါတွင် အရေးပါသော်လည်း ယခုအချိန်တွင် ရန်ကုန်မြို့၌ လျှပ်စစ်မီး မလုံလောက်သည့်အတွက် ရထားသွားနေစဉ် လျှပ်စစ်မီးဖြတ်ပါက ရထားသည် မြို့ထဲရှိလမ်းမပေါ်တွင် ရပ်သွားနိုင်ပါသည်။ ၎င်းရထားလမ်းသည် လမ်းမကြီးများဖြစ်သော အနော်ရထာလမ်းမ၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းတို့ကို ဖြတ်ပြီး တည်ဆောက်ထားသည့်အတွက် မီးဖြတ်ပြီး ရထားရပ်သွားသောအခါ မည်သို့ ဖြေရှင်းမည်နည်း။ ထိုအခါ လမ်းပိတ်ဆို့မှုက ပိုမိုဆိုးဝါးလာပေမည်။ ၎င်းစီမံကိန်းနှင့် နှိုင်းယှဉ်ပါက မရှိမဖြစ်သော စီမံကိန်း များစွာရှိပါသည်ဟု ၎င်းမှပြောဆိုပါသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာသောအခါ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီများစွာ ပေးမည်ဟု ဂျပန်ဘက်မှ ကတိပြုနေပါသည်။ ၎င်းအကူအညီ (ချေးငွေ)များသည် တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိသော စီမံကိန်းများတွင် အသုံးပြုနိုင်ရန် မျှော်လင့်ပါသည်။ ထိုအတွက် အောက်ပါအချက်ကို အထူးသတိထား၍ ပြုပြင်ရပေ မည်။

၁။ ဂျပန်အစိုးရဘက်မှ မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံက လိုအပ်မှု ရှိသည့်အတွက် မည်သည့်စီမံကိန်းမဆို စလို့ရသည်ဟု အမြဲပြောပါသည်။ တစ်ခါတလေ အလွန်အရေးကြီးသည့် စီမံကိန်းကောင်းများ ရှိသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၏ ပူးပေါင်းမှု မရှိသည့်အခါ စီမံကိန်း မကောင်းသော်လည်း ပူးပေါင်းမှုရှိသော ဝန်ကြီးဌာနနှင့် စီမံကိန်းကို စတင်ရသည့် အခါများလည်း ရှိပါသည်။ ဝန်ကြီးဌာနများသည် လာဘ်လာဘ နည်းပါးသည့် ဂျပန်၊ အနောက်နိုင်ငံများ၏ စီမံကိန်းများကို သိပ်ပြီးစိတ်မဝင်စားပေ။ လာဘ်လာဘများသည့် တရုတ်နိုင်ငံ၏ စီမံကိန်းကို ပိုပြီးစိတ်ဝင်စား ပါသည်။ ရလဒ်အရ စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရ သက်တမ်းတစ်လျှောက်တွင် တရုတ်နိုင်ငံနှင့် စီမံကိန်းများစွာကို အကောင်အထည်ဖော်ခြင်းက သက်သေထူနေပါသည်။

၂။ မြန်မာနိုင်ငံတွင် ဘယ်ဝန်ကြီးဌာနမဆို စီမံကိန်းက စတင်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် အလုပ်လုပ်ရန် ရောက်နေသော ဂျပန်လူမျိုးများအတွက် အခန်း၊ စားပွဲ၊ ကုလားထိုင်၊ အိမ်သာ၊ လေအေး ပေးစက်၊ အင်တာနက်၊ တယ်လီဖုန်းများသည် အဆင်သင့်မဖြစ်ပေ။ သက်ဆိုင်ရာ ဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ဘယ်အရာမှ လွယ်လွယ်ကူကူ မရကြောင်း ပညာပြသည်ဟု ထင်ပါသည်။

သို့သော် တကယ်တမ်း အကျိုးယုတ်သည် (ပညာပေးခံရသည်)မှာ မြန်မာနိုင်ငံသာ ဖြစ်သည်ကို အစိုးရကိုယ်တိုင်ပင် မသိလိုက်ပေ။ စီမံကိန်းတိုင်းတွင် အချိန်၊ ငွေကြေးများနှင့် ဘယ်အချိန်တွင် ဘယ်ကျွမ်းကျင်သူက လာမည်ကို အတိအကျတွက်ချက်ပြီး၊ ဂျပန်အစိုးရနှင့် မြန်မာအစိုးရသည် သဘောတူစာချုပ် ချုပ်ဆိုပြီး ဂျပန်ကျွမ်းကျင်သူများကို နှစ်ဖက် သဘောတူညီမှုဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ပါသည်။ မြန်မာဘက်မှ ဂျပန်လူမျိုးများကို လက်ခံရန် အဆင်သင့် မဖြစ်သော်လည်း ဂျပန်လူမျိုးများသည် မြန်မာနိုင်ငံသို့ ရောက်သည့်နေ့မှစ၍ ၎င်းတို့၏ ကုန်ကျစရိတ်ကို တွက်ချက် ပါသည်။ များသောအားဖြင့် စီမံကိန်းကို ၁၀၀ ဟုထားပါက လက်တွေ့မှာ အကောင်အထည် ဖော်ဖြစ်သည်မှာ ၇၀ မှ ၈၀ လောက်ပဲ ဖြစ်ပါသည်။

ထိုသို့ဖြစ်သည်မှာ မြန်မာဘက်တွင် တာဝန်ရှိသည်ဟု ဂျပန်ဘက်မှ ယူဆ (ပြောပါသည်) သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက် သဘောတူညီမှုဖြင့် လာရောက်သော်လည်း မြန်မာဘက်မှ အဆင့်သင့်မဖြစ်သည်မှာ မြန်မာနိုင်ငံ၏တာဝန်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်လူမျိုးမှာ အလုပ်မလုပ်ရသော်လည်း လစာ၊ ဟိုတယ်စရိတ်၊ စားစရိတ်၊ နေစရိတ် စသည့်fကုန်ကျမှုရှိသည့်အတွက် ထိုစရိတ်ကို စီမံကိန်းကုန်ကျ ငွေကြေးမှ ပေးချေရသည့်အတွက် စီမံကိန်းပမာဏသည် သေးငယ်သွားပါသည်။ ဂျပန်လူမျိုးတစ်ယောက်၏ လစာမှာ ဂျပန်နိုင်ငံတွင် တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ မှ ၅၀၀၀၀ ကြားရှိပါသည်။ နိုင်ငံခြားကို ထွက်သောအခါ လစာလည်းမြင့်ပြီး အခြားစရိတ်များလည်း အကျိုးခံစားခွင့်ရှိပါသည်။

ပျမ်းမျှ ဂျပန်လူမျိုးတစ်ယောက်၏ တစ်နေ့စရိတ်သည် လစာ ၁၀၀၀ ဒေါ်လာ၊ ဟိုတယ်ခ တစ်ရက် ၃၅၀ ဒေါ်လာ၊ စားစရိတ် တစ်ရက် ၁၀၀၊ ကားခ တစ်ရက် ၁၀၀ ဒေါ်လာ၊ အခြားစရိတ် တစ်ရက် ၅၀ ဒေါ်လာဖြင့် တွက်ပါက ၁၆၀၀ ဒေါ်လာ ဖြစ်ပါသည်။ ၎င်းတွင် ကုမ္ပဏီ၏အမြတ် မပါဘဲ ဝန်ထမ်းကိုပေးရသော လစာကို အနိမ့်ဆုံးနှုန်းထားဖြင့် တွက်ချက်ထားပါသည်။ 
(စကားမစပ်၊၂၀၀၀ ခုနှစ်တွင်စတင်သော GIS Mapping Project အတွင် မြေပုံအတွက် ကောင်းကင်မြေပုံ (Air Photo) ရိုက်ရန်လာသော ဂျပန်ကျွမ်းကျင်ပညာရှင်သည် ၁၀ ရက်သာ အချိန်ပေးသော်လည်း လေယာဉ်ပျံသည် အဆင်သင့်မဖြစ်သဖြင့် အလုပ်မလုပ်ရဘဲ ဂျပန်သို့ ပြန်သွားရပါသည်။ အလုပ်မလုပ်ရသော်လည်း ၎င်းအတွက် ကုန်ကျစရိတ်ကို စီမံကိန်းငွေကြေးမှ ပေးဆောင်ခဲ့ရပါသည်။ နည်းပညာကိုလည်း မရခဲ့ပေ။)

လွန်ခဲ့သော ၂ နှစ်ခန့်က ဌာနတစ်ခုတွင် ဂျပန်လူမျိုး ၂၅ ယောက်မှ ၃၀ ယောက်ကို တစ်လကျော် အခန်းကျဉ်းထဲတွင် ထားပြီး ၎င်းတို့အတွက် အခန်းပြင်နေပါသည်။ စာရေးသူသည် ၎င်းစီမံကိန်းတွင် ဂျပန်ကုမ္ပဏီမှ ပူးပေါင်းဆောင်ရွက်သူ အဖြစ် ပါဝင်နေသောအခါ ၎င်းစီမံကိန်းမှ တာဝန်ရှိသူအား စီမံကိန်း မစတင်သော်လည်း စီမံကိန်းကုန်ကျစရိတ်ကို အကြမ်းဖျဉ်း တွက်ပြခဲ့ပါသည်။ ဂျပန်လူမျိုး ၂၅ ယောက်ဖြင့် ကုန်ကျ စရိတ်ကိုတွက်ပါက တစ်နေ့လစာ ၁၆၀၀ ဒေါ်လာ x၂၅ ယောက် x ၃၀ ရက် = ၁ ဒသမ ၂ သန်းဒေါ်လာ(တစ်လစာ)၊ တစ်နည်းအားဖြင့် မြန်မာဘက်မှ တစ်လစာအနည်းဆုံး ၁ ဒသမ ၂ သန်းဒေါ်လာ ဆုံးရှုံးနေပါသည်။ အကယ်၍ စီမံကိန်းသည် ဒေါ်လာ ၁၀ သန်းဖြစ်ပါက ဒေါ်လာ ၈ ဒသမ ၈ သန်းသာ ကျန်ပေမည်။ ယင်းအဖြစ်အပျက်ကို များသောအားဖြင့် မြန်မာ အစိုးရဘက်မှ မသိပေ။ စာရေးသူက အစိုးရတာဝန်ရှိသူကို ရှင်းပြမှ အခန်းအစရှိသည့် လိုအပ်သောအရာများကို အစွမ်းကုန် အလျင်အမြန် ဖြည့်ဆည်းပေးပါသည်။

၃။ စီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများမှ အလျင်အမြန် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။ စီမံကိန်းတစ်ခုတွင် မြေပုံလိုအပ်မှု ရှိလာသောအခါ မြေပုံကို ထုတ်ပေးရန်အတွက် စစ်တပ် (က.က.ကြည်း) မှ ခွင့်မိန့်တောင်းရပါသည်။ စစ်တပ်မှ တစ်ပတ်ကြာသော်လည်း ခွင့်ပြုမိန့် မရသဖြင့် ဂျပန်ကုမ္ပဏီ သည် ဂျပန်အစိုးရနှင့် တိုင်ပင်ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၄ နှစ်အတွင်း ဂျပန် အထောက်အပံ့ဖြင့် ဆွဲထားသော မြေပုံကို အသုံးပြုခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် မြေပုံမရှိပါက ယင်းစီမံကိန်းတစ်ခုလုံးမှာ လုံးဝရပ်ဆိုင်း ရမလိုဖြစ်နေပါသည်။ ယင်းစီမံကိန်း ပြီးစီးသွားသည်အထိ တောင်းထားသောမြေပုံမှာ မရရှိခဲ့ပေ။ (စကားမစပ် မြန်မာစစ်တပ်၏ လျှို့ဝှက်ချက်ဟု ဆိုသောမြေပုံမှာ ပန်းဆိုးတန်းလမ်းရှိ မိတ္တူဆိုင်ကြီး၂-ဆိုင်တွင် မြေပုံ စာရွက်တစ်ရွက်(A0 Size) လျှင် ၇၀၀၀ ကျပ်နှင့် စီဒီဖြင့်ဝယ်ပါက ၁၄၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဖြင့် မည်သူမဆို ဝယ်ယူနိုင်ပါသည်။ ဂျပန်လူမျိုးက ဝယ်ယူပြီး စစ်ဆေးကြည့်သောအခါ ၎င်းတို့ဆွဲသွား (ဂျပန် အထောက်အပံ့ဖြင့် ဆွဲသွား) သောမြေပုံအတိုင်း တစ်ချက်မှမလွဲပေ။ JICA စာတမ်းမှာလည်း မြေပုံစာရွက်များတွင် ထိုစဉ်က ဆွဲထားသည့်အတိုင်း ပါဝင်နေပါသည်။)

၎။ စီမံကိန်းတွင်ပါဝင်သော မြန်မာဝန်ထမ်းများသည် ဂျပန်လူမျိုးများ သင်ကြားပေးသော နည်းပညာ၊ ၎င်းတို့၏ ကောင်းမွန်သော အလေ့အထကို ကောင်းစွာသင်ယူရပေမည်။ ဂျပန်စီမံကိန်းတိုင်းတွင် နည်းပညာ လွှဲပြောင်းခြင်းမှာ မဖြစ်မနေ ပါဝင်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြစ်ထဲတွင် မြုပ်သွားသောသင်္ဘော ရှာဖွေသော စီမံကိန်းတွင် နည်းပညာ လွှဲပြောင်းခြင်းလည်း ပါဝင်သော်လည်း မြန်မာဝန်ထမ်းများမှာ နည်းပညာ သင်ယူရန် စိတ်မဝင်စားချေ။ ဂျပန်လူမျိုးများသည် ရုံးသို့ ၈ နာရီ ၃၀ မိနစ်တွင် ရောက်သော်လည်း မြန်မာဝန်ထမ်းမှာ ၁၁ နာရီ ၀၀ မိနစ်တွင် ရုံးရောက်ပြီး ၃ နာရီ ၀၀ မိနစ်တွင် ပြန်သွားပါသည်။
ရန်ကုန်မြစ်ထဲတွင် မြုပ်သွားသောသင်္ဘော ရှာဖွေရာတွင် ဒီရေ အတက်အကျကို လိုက်ပြီး မနက် ၄-၅ နာရီတွင် အလုပ်ဆင်းရသည်မှ ညမိုးချုပ်အထိ အလုပ်ဆင်းရသည်များလည်း ရှိသော်လည်း မြန်မာဝန်ထမ်း များမှာ ပါဝင်ခြင်း မရှိသလောက်ပေ။ တစ်နေ့ မြန်မာဝန်ထမ်းတစ်ယောက်သည် ဂီတာယူလာပြီး ဂျပန်လူမျိုးများနှင့် အတူတူ သင်္ဘောပေါ် လိုက်သော်လည်း ဂျပန်လူမျိုးက နည်းပညာကို သင်ကြားပေးချင်သော်လည်း ၎င်းဝန်ထမ်းသည် တစ်ချိန်လုံး ဂီတာတီးနေပါသည်။ နည်းပညာ လွှဲပြောင်းရမည် ဖြစ်သော်လည်း သင်ယူသူရှိမှသာ လွှဲပြောင်းနိုင်ပေမည်။

၅။ နိုင်ငံခြားအထောက်အပံ့ဖြင့် လုပ်ဆောင်သော မြေပုံ၊ နည်းပညာများကို ဝန်ကြီးဌာန အချင်းချင်းသာမက NGO ၊ သက်ဆိုင်အဖွဲ့အစည်း၊ တက္ကသိုလ်၊ ကျောင်း၊ လူတစ်ဦးချင်းကို မည်သည့်ဌာန၏ ခွင့်ပြုချက်မှ မလိုဘဲ လွယ်ကူစွာ ဖြန့်ဖြူးရောင်းချပေးရပေမည်။ ဂျပန်အထောက်အပံ့ စီမံကိန်းများတွင် လုပ်ဆောင်ခဲ့သော အရာများကို ဂျပန်ပြည်သူများ လွတ်လပ်စွာကြည့်နိုင်ရန် မြန်မာအစိုးရက ခွင့်ပြုရန်နှင့် မြန်မာပြည်သူများ၊ INGO၊ NGO များအား ဝယ်ယူကြည့်ရှုခွင့်လည်း ပါပါသည်။ မြေပုံ၊ နည်းပညာများကို ရောင်းချ၊ ဖြန့်ဖြူးရာတွင် သက်ဆိုင်ရာနိုင်ငံ၏ လျှို့ဝှက်ချက်များကို ပယ်ဖျက်ခွင့် ရှိပါသည်။ ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြေပုံကို လူတိုင်း (နိုင်ငံသား၊ နိုင်ငံခြားသားအပါအဝင်) ကို ရောင်းချသော်လည်း စစ်တပ်နေရာ၊ ဂျပန်နန်းတော် အစရှိသည့် လျှို့ဝှက်ချက်များကို ပယ်ဖျက်ထားပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားအထောက်အပံ့ဖြင့် ဒေါ်လာသန်းချီသုံးစွဲ မြေပုံများဆွဲထားသော်လည်း အစိုးရဌာနများ အသုံးမပြုခြင်း၊ အသုံးပြုခွင့် မပေးခြင်း၊ INGO၊ NGO၊ တက္ကသိုလ်၊ ကျောင်း၊ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချခြင်း မရှိသည့်အတွက် နောက်ဆုံးတွင် ကြွက်၊ ပိုးဟပ်၊ ခြစာအဖြစ်သို့ ရောက်ရှိသည်က များပေသည်။ ထို့အပြင် ယင်းအတွက် ကုန်ကျငွေ ဒေါ်လာသန်းပေါင်းများစွာ မှာလည်း အသုံးမတည့်ပေ။

စကားမစပ်၊ ဘိန်းပပျောက်ရေး အစားထိုးသီးနှံစီမံကိန်း၊ ကိုးကန့်နယ်မြေတွင် လမ်းဖောက်ရန်အတွက် မြေပုံကို ရှာဖွေသော်လည်း မြန်မာ အစိုးရထံမှ မရခဲ့ပေ။ မရှိလို့ မရတာလား၊ လျှို့ဝှက်ချက်မို့ မပေးတာလား၊ တစ်နည်းအားဖြင့် ရှိခဲ့သော်လည်း ကြွက်၊ ပိုးဟပ်၊ ခြစားသွားသဖြင့် မရှိတာလားကို သက်ဆိုင်ရာ တာဝန်ရှိသူသာ သိပေမည်။ နောက်ဆုံးတွင် ဂျပန်ကုမ္ပဏီသည် ယင်းမြေပုံကို ဂျပန်စစ်တပ်ထံမှ ရရှိခဲ့ပါသည်။ ထိုနေရာသည် ဒုတိယကမ္ဘာစစ်အတွင်းက လူသိပ်မနေသောဒေသ ဖြစ်သဖြင့် ဂျပန်တွင် ယင်းမြေပုံရှိခြင်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏မြေပုံကို ဆွဲခဲ့သည်မှာ ထင်ရှားပေသည်။

၆။ ပညာရှင်များကို နေရာပေးပါ။ စီမံကိန်းအတော်များများတွင် ပညာရှင်၊ ကျွမ်းကျင်သူများ ပါဝင်မူ နည်းပါးပါသည်။ စီမံကိန်းတိုင်းတွင် ပါဝင်သည်မှာ ယင်းစီမံကိန်းငွေကြေးဖြင့် အရာရှိများ၏အကျိုးအမြတ် ရှာရန်ကိုသာ ဦးစားပေးပါသည်။ ဥပမာ-စီမံကိန်းအတွက် ဈေးကြီးကြီး ဖြင့် ကားငှားခြင်း၊ သင်္ဘောငှားခြင်းဖြင့် အကျိုးအမြတ်ထုတ်ရန်သာ စိတ်ဝင်စားပါသည်။ ၎င်းတို့ အကျိုးအမြတ်မရှိပါက စီမံကိန်းကို နှောင့်နှေးအောင် ပြုလုပ်ပါသည်။ နောက်ဆုံးတွင် အရာရှိများအတွက် အကျိုးအမြတ် ရှိသော်လည်း စီမံကိန်းနှောင့်နှေး၍ စီမံကိန်းပမာဏမှာ သေးငယ်သွားပါသည်။ စီမံကိန်းနှင့်ပတ်သက်၍ ဘယ်နေ့မှာ ဘာလုပ်မည်ကို ဂျပန်အစိုးရ နှင့် မြန်မာအစိုးရ နှစ်ဦးသဘောတူ သတ်မှတ်ထားသည့်အတွက် စီမံကိန်းက နှောင့်နှေးသွားသည့်အခါ စီမံကိန်းလုပ်ငန်းစဉ်ကို မကြာခဏ ပြန်ပြင် နေရပါသည်။ ဂျပန်လူမျိုးများက ပြောသည်မှာ မြန်မာနိုင်ငံတွင် အလုပ် လုပ်ရသည်မှာ ၁၀ ရာခိုင်နှုန်းနှင့် ညှိနှိုင်းရသည်က ၉၀ ရာခိုင်နှုန်းဟု ပြောပါသည်။ တကယ်တမ်း နစ်နာသည်မှာ အသေအချာစဉ်းစားကြည့်ပါက နိုင်ငံတော်သာ ဖြစ်ပါသည်။

ဒီမိုကရေစီခေတ်မှာ နိုင်ငံခြားအထောက်အပံ့ကို အကျိုးရှိစွာ၊ လိမ္မာပါးနပ်စွာနှင့် အသုံးချနိုင်ရန် မျှော်လင့်ပါသည်။

စိုးမြင့်
BSc.,Eco:Msc.,Eco (Tokyo International University, Japan)




FOLLOW US