POST TAGGED AS

ရခိုင်

28-Sep-2017

ရခိုင်
သံတမန်များ၏ ရခိုင်ခရီးစဉ် အကြောင်းရင်းနှစ်ချက်ကြောင့် ယာယီရွှေ့ဆိုင်း
ရန်ကုန်၊ စက်တင်ဘာ ၂၈

ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ခံခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသများသို့ သံတမန်များကို ယနေ့ပို့ဆောင်ရန် စီစဉ်ထားသော်လည်း အကြောင်းရင်း နှစ်ချက်ကြောင့် ခရီးစဉ်ကို ယာယီရွေ့ဆိုင်းလိုက်ရကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

“အကြောင်းက နှစ်ခုရှိပါတယ်။ တစ်ခုက ရာသီဥတု အခြေအနေကြောင့်။ နောက်တစ်ခုက သံတမန်အဖွဲ့မှာ နာယကရှိတယ်။ နာယကနဲ့ သူတို့တွေ ဆွေးနွေးပြီးတော့ မေတ္တာရပ်ခံချက်ကြောင့် တနင်္လာနေ့ကို ရွေ့လိုက်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ သံတမန် ၅၀ ကျော်သည် လေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၂၈ ရက် ယနေ့နံနက် ၆ နာရီတွင် သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ခရီးစဉ်ကို အောက်တိုဘာ ၂ ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၅ ရက်က အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘူးသီးတောင်မြို့နယ် ခမောင်းဆိပ်ကျေးရွာ အုပ်စု ရဲဖော်ကျကျေးရွာနှင့် ခမောင်းဆိပ်တောင်ရွာတွင် နေထိုင်သော ဟိန္ဒူဘာသာဝင် ၁၀၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၆ ရက်အထိ ဟိန္ဒူကျေးရွာနှစ်ရွာမှ ရွာသား ၄၅ ယောက်၏ ရုပ်အလောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက တူးဖော်ရရှိထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီတို့ တွေ့ဆုံရာတွင် အတိုင်ပင်ခံ၏ အစည်းအဝေး လမ်းညွှန်ချက်အရ သံတမန်များနှင့် မီဒီယာများကို မောင်တောသို့ ပို့ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။

J-09



FOLLOW US