News

POST TAGGED AS

ရခိုင်

22-Sep-2017

ရခိုင် ဘင်္ဂါလီ
ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီသမိုင်း
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ယခင်လကုန်ပိုင်း သီတင်းပတ်အတွင်း ဘင်္ဂါလီလူမျိုး အစွန်းရောက် အကြမ်းဖက်သမားတို့က နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံ ရခိုင်၊ သက်၊ မြို၊ ဒိုင်းနက်နှင့် ဟိန္ဒူလူမျိုးများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ သို့အတွက် ထိုဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး အတိတ်သမိုင်းကြောင်းက မည်သို့ရှိခဲ့သည်၊ ၎င်းတို့အနေနှင့် ကျွန်ုပ်တို့နိုင်ငံ အတွင်းသို့ မည်မျှအထိ ကျူးကျော်ဝင်ရောက်ခဲ့ကြသည်၊ ကျွန်ုပ်တို့ အစိုးရအဆက်ဆက်နှင့် ဒေသခံ ရခိုင်လူမျိုးနှင့် အခြားလူမျိုးတို့ကလည်း ထိုကိစ္စများအပေါ် မည်ရွေ့မည်မျှ ခံစားဖြေရှင်းခဲ့ကြရသည်ကို သိချိန်တန်လာပြီ ဖြစ်သည်။ သို့အတွက် ကျွန်ုပ်အနေနှင့် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀၀ ကျော် ကတည်းက ယနေ့အထိ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို ပညာရှင်များ ပြုစုထားသမျှကို ကိုးကားလေ့လာကြည့်ပြီး တစုတစည်းတည်း နှစ်အလိုက် အစီအစဉ်တကျ ရေးသားထားသမျှကို ပြန်လည်တင်ပြသွားမည် ဖြစ်သည်။

၁၄ ရာစုအစပိုင်း ရခိုင်ပြည် လေးမြို့ခေတ်အလွန် မင်းစောမွန် ဘုရင်လက်ထက် အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့သည်။ မြောက်ဦးခေတ်တွင် ရခိုင့်တပ်မတော်၌ အာရပ်၊ ပေါ်တူဂီများ အမှုတော် လာထမ်းခဲ့သည်ဟု ဆိုသည်။ ၎င်းတို့မှာ ယခု သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင်တွင် နေထိုင်ကြကာ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားခဲ့သည်။ ယင်းအစ္စလာမ် ဘာသာဝင် ကမန်လူမျိုးတို့သည် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်း မရှိဘဲ ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သောကြောင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော ကမန်လူမျိုး ရှိသည်ကိုပင် သတိမပြုမိခဲ့ကြဟု သမိုင်းကြောင်းများက ဆိုသည်။ သို့သော်လည်း ၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အင်္ဂလိပ်-မြန်မာ ပထမ စစ်ရှုံးချိန်တွင် ရခိုင်ဒေသကို အင်္ဂလိပ်မင်းတို့လက်တွင်း ပေးအပ်ခဲ့ရသည့် နောက်ပိုင်းတွင် အင်္ဂလိပ်တို့ အနေဖြင့် ရခိုင်ဒေသရှိ ကြီးမားကျယ်ပြန့်သော လယ်ယာလုပ်ငန်းများအား လုပ်ကိုင်ရန် အိန္ဒိယနိုင်ငံ စစ်တကောင်းနယ်ဘက်မှ ဘင်္ဂါလီ အမြောက်အမြားကို စတင်ခေါ်ယူတင်သွင်းကာ လုပ်ကိုင်ခဲ့သည်။ ထူးခြားသောအချက်မှာ အင်္ဂလိပ်တို့ အနေနှင့် ရခိုင်ဒေသကို ဘင်္ဂလားဒေသနှင့် ပေါင်းစပ်အုပ်ချုပ်လိုက်ခြင်းက ထိုပြဿနာ၏ အစပင် ဖြစ်သည်။ သမိုင်းအထောက်အထား စာရင်းဇယားများအရဆိုလျှင်  ၁၈၂၅ ခုနှစ်တွင် ရခိုင်ပြည်၌ ဘင်္ဂါလီဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင်၂၁၇,၈၀၀ ရှိခဲ့လေသည်။ ထိုတိုးပွားလာသည့်အထဲတွင် အစ္စလာမ် ဘာသာဝင်များမှာလည်း သိသိသာသာ တိုးပွားခဲ့သည်။ ထိုစဉ်ကတည်းက ဗြိတိသျှအစိုးရက မွတ်ဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေ စုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းပေးခဲ့ဖူးသည်။ ကော်မရှင်က မွတ်ဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း အစီရင်ခံသည့်အတိုင်းပင် ဂျပန်ခေတ်ကာလအရောက် ၁၉၄၂ ဧပြီလ ၃ ရက်နေ့တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ခဲ့သည်။ ထိုအရေးအခင်းတွင် မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်အချို့မှာ ပြည်တွင်းသို့ ဝင်ခိုလှုံခဲ့ရပြီး အချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ ထွက်ပြေးခဲ့ကြရသည်။ စာရင်းဇယား အထောက်အထားများအရဆိုလျှင် ရခိုင်လူမျိုး ၃၀,၀၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ရခိုင်များ ပိုင်ဆိုင်သော လယ်ယာမြေ အမြောက်အမြားကို ၎င်းတို့က သိမ်းယူခဲ့ကြသည်။ ထိုအရေးအခင်းကို BIA က အနောက်ပိုင်းတိုင်းစစ်ရုံး ဖွင့်ထိန်းသိမ်းခဲ့ရပြီး ဒေသခံ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြိုနှင့် ဟိန္ဒူလူမျိုးများမှာ ထိုစဉ်ကတည်းက စိုးရိမ်စိတ်များဖြင့် ကျီးလန့်စာစားနေခဲ့ရသည်။ ပြည်မမှ နိုင်ငံရေးသမားများကလည်း ၎င်းတို့အရေးကို လျစ်လျူရှုထားခဲ့ကြသည်ဟု ထင်မြင်စိတ်ဓာတ်ခံ ရှိခဲ့ကြသည် ဆိုသည်။

ထိုစဉ်က ရခိုင်ဒေသတွင် ဗိုလ်ဥတ္တမကဲ့သို့ မျိုးချစ်ရဟန်းများက လွတ်လပ်ရေးအတွက် သာမက ထိုဒေသအရေးကိုပါ လှုံ့ဆော်ခဲ့ကြရသည်။ ရခိုင်ဒေသမှ မျိုးချစ်များနှင့် ပြည်မမှ ဗိုလ်ချုပ်အောင်ဆန်းတို့ ပူးပေါင်းကာ လွတ်လပ်ရေး ရရှိရေးအတွက် ကြိုးစားတော်လှန်ကြရင်း ထိုအရေးကို မေ့လျော့ခဲ့ကြသည်ဟု ဖတ်ရသည်။ မြန်မာနှင့် ရခိုင်လူမျိုးများမှာ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေခဲ့ကြသည့်နည်းတူ ၁၉၄၂ ခုနှစ် အရေးအခင်းတွင် ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေး အသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြပြီး အနောက်ပါကစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်းတို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ထပ်မံဖွဲ့စည်းကြပြန်သည်။ ထိုသို့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ပါကစ္စတန်နယ်သို့ ရခိုင်ပြည် ထည့်သွင်းရေး အစီအစဉ်ပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ကို ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း၏ လန်ဒန်ခရီးစဉ်တွင် ပါကစ္စတန်ခေါင်းဆောင် မိုဟာမက်အလီဂျင်နားအား ဗိုလ်ချုပ်က တင်ပြကန့်ကွက်ရာ မောင်တော၊ ဘူးသီးတောင် (မေယုနယ်ခြား ခရိုင်) ဒေသကို အရှေ့ဘင်္ဂလားနယ်ထဲ ထည့်သွင်းရေးကို လက်မခံဘဲ မြန်မာပိုင်နက်ထဲတွင်သာ ထားရေး သဘောတူခဲ့ကြကြောင်း သမိုင်းကြောင်းများတွင် တွေ့ရသည်။

မူဂျာဟိန်းတို့သည် အခြားတိုင်းရင်းသားများနည်းတူ အခွင့်အရေး ရလိုသဖြင့် မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တစ်ခုကို ၁၉၅၀ ခုနှစ် စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် စတင်အသက်သွင်းခဲ့ကာ တိုင်းရင်းသားလူမျိုးအဖြစ် စာရင်းသွင်းခွင့် ရရှိရေး စတင်ကြိုးပမ်းလာခဲ့ကြသည်။ သို့သော် ၁၉၅၁ ဇွန်လတွင် ကျင်းပခဲ့သော အလယ်သံကျော် မွတ်ဆလင် ညီလာခံကမူ ရိုဟင်ဂျာ မဟုတ်ဘဲ ဗမာ မွတ်ဆလင်ကဲ့သို့ ရခိုင်မွတ်ဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြပြန်သည်။ ရခိုင်တို့က ငါတို့ ရခိုင်တွင် အစ္စလာမ်ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာ လူမျိုးဘက်သို့ ဖောက်ထွက်ရန် ထွက်ပေါက်ရှာလာကြသည်။ 
ဤသို့ဖြင့် ရခိုင်လူမျိုးများနှင့် အလယ်သံကျော် အရေးအခင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပေါ်လာခဲ့ပြီး ထိုကာလတွင်လည်း ရခိုင်လူမျိုး အတော်များများ အသတ်ခံခဲ့ရသည်ဟု သိရသည်။ ယခင်က ဘာသာရေးအရ ဖွဲ့စည်းလှုပ်ရှားခဲ့သော ထိုမူဂျာဟိန်းကာဆိန်းတို့ အဖွဲ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၅ ခုနှစ်တွင် နောက်တစ်ဖန် စစ်ရေးအရ တိုက်ခိုက်လာခဲ့ကြပြန်သည်။ ထိုတိုက်ခိုက်လာမှုများကို မြန်မာ့တပ်မတော်က ဆင်ဖြူရှင် စစ်ဆင်ရေးဖြင့် အပြတ်နှိမ်နင်းခဲ့ရသည်။ ထိုစစ်ဆင်ရေးကို ဦးဆောင်သူမှာ ယခု NLD နာယက ဦးတင်ဦး (ထိုစဉ်က ဗိုလ်မှူးကြီး) ဟု သိရသည်။ ၁၉၅၅ ခုနှစ် ဦးနုအစိုးရ လက်ထက်တွင် ဘင်္ဂါလီများကို မဲရရေးအတွက် မြန်မာနိုင်ငံထဲ ဝင်ခွင့်ပေးပြီး ယာယီနိုင်ငံသားလက်မှတ်၊ မှတ်ပုံတင်တွေ ထုတ်ပေးခဲ့သည်ဟု ဆိုသည်။ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးစေခဲ့ရာ ဘင်္ဂါလီအမတ်များ ထိုစဉ်ကတည်းက လွှတ်တော်အတွင်း ရောက်ရှိခဲ့ဖူးသည်။ သို့ဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာ အမည်ခံ၊ ဘင်္ဂါလီ အရေအတွက်သည် ငါးသိန်းနီးပါးအထိ ရှိလာခဲ့တော့သည်။ ၁၉၆၀ ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာ သတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းတို့ ဖွဲ့စည်းကြသည်အထိ လှုပ်ရှားလာခဲ့ကြသည်။ ထိုသို့ နေထိုင်လာခဲ့ရင်း ရခိုင်ဒေသကို ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခဲ့ရာ မွတ်ဆလင်ဦးရေ ၅၁၅,၄၈၄ ထိ ရှိခဲ့သည်။

သို့ဖြင့် ဦးနေဝင်းလက်ထက် အရောက်တွင် များပြားလာသည့် ဘင်္ဂါလီတို့အား ၁၉၆၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အတွင်း မြတ်မွန်စစ်ဆင်ရေး၊ စံပယ်စစ်ဆင်ရေးများဖြင့် ဘင်္ဂါလီစာရင်း ကောက်ယူမှု၊ စိစစ်မှုများ ပြုလုပ်ခဲ့ရသည်။ ထို့အတွက် တစ်ဖက်နိုင်ငံမှ ထိုသို့ များပြားလာသော လူဦးရေများကို ထိန်းချုပ်ရန် ၁၉၇၈ ခုနှစ်အရောက်တွင် ရခိုင်ဒေသသို့ ဦးနေဝင်း လက်ထက်တွင် ‘နဂါးမင်း စစ်ဆင်ရေး’ ဆင်နွှဲပြီး မှတ်ပုံတင်များ စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ ထိုစဉ်က လူဦးရေ ၄၀,၀၀၀ ခန့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။ ထိုသို့ ပြန်လည်ထွက်ပြေးသွားသောသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၎င်းတို့နိုင်ငံသား မဟုတ်ဟု ဆိုသဖြင့် နှစ်နိုင်ငံ အချင်းများခဲ့ဖူးသည်။ ထိုစဉ်ကလည်း ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေခဲ့ရာ ၁၉၈၀ ခုနှစ်တွင် ‘ဟင်္သာစီမံချက်’ ဖြင့် ပြန်လက်ခံခဲ့ရပြန်သည်။

ထိုစဉ်က ထိုအရေးကိစ္စကို သိသည့် ဦးနေဝင်းအစိုးရ အနေနှင့် ၁၉၈၂ ခုနှစ်တွင် နိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ သတ်မှတ်ချက်များနှင့်ပြည့်စုံလျှင် နိုင်ငံသားနှင့် ဧည့်နိုင်ငံသားဖြစ်ခွင့်များ ရှိလာခဲ့သည်။ သို့သော် တိုင်းရင်းသား ဖြစ်ခွင့်တော့ မရှိခဲ့ပေ။ ထိုဥပဒေအရပင်လျှင် ထိုဒေသတွင် နှစ်စဉ်လူဦးရေ ၂၀၀၀ ခန့် ဧည့်နိုင်ငံသား ဖြစ်လာခဲ့ကြရသည်။ သို့သော် များပြားလှသည့် ထိုလူမျိုးများ အနေနှင့် ထိုအခွင့်အရေးကို နည်းသည်ဟုထင်ကာ အလိုကြီးခဲ့သည်။ ရိုဟင်ဂျာလူမျိုးအဖြစ် အမည်တပ်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသားအဖြစ်မှ ကျော်လွန်ကာ တိုင်းရင်းသားအဖြစ် လိုချင်ခဲ့ကြသည်။ ထိုသို့ လိုရင်းစွဲ ရှိခဲ့ကြသည့်အလျောက် ၁၃၊ ၅၊ ၈၈ ရက်နေ့အရောက်တွင် မောင်တောမြို့နယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီကုလား ၅၀,၀၀၀ ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းပြီး ဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ်ရန် ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက်တစ်နေ့ နံနက် ၃ နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင်အလိုကျ တိုက်ပွဲဝင်ကြ၊ မင်းတို့တိုင်းပြည် ငါတို့တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြသည်။

ဤသို့ဖြင့် ၁၉၉၂ ခုနှစ်အရောက်တွင် ၁၉၄၂ မတိုင်မီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅ ရွာမှာ ၄၆ ရွာသာ ကျန်ရှိခဲ့တော့သည်။ ကျန်ရွာများအား ဘင်္ဂါလီ မွတ်ဆလင်များက လူဦးရေ အသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြသည်။ သို့ဖြင့် အချို့နယ်စပ်မှ နေထိုင်သူများအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခိုလှုံသွားခဲ့ရသဖြင့် ထိုသူများကို ပြန်လက်ခံနိုင်ရေးအတွက် ၁၉၉၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နိုင်ငံသားစိစစ်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီမှု စာချွန်လွှာတစ်ရပ်ကို ချုပ်ဆိုခဲ့ကြဖူးသည်။  ရခိုင်ဒေသရှိ ဘင်္ဂါလီများ အနေနှင့် နိုင်ငံကို စစ်တပ်မှ တာဝန်ယူ အုပ်ချုပ်ခဲ့သည့်ကာလ နဝတ၊ နယက လက်ထက်တွင်မူ ကြီးမားသည့် တိုက်ခိုက်မှုမျိုးများ ဆောင်ရွက်ခြင်း မတွေ့ရှိခဲ့ရပေ။ ထိုကာလများအတွင်းတွင် အစိုးရအနေနှင့် မောင်တော၊ ဘူးသီးတောင်ဒေသ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (နစက) ကို တပ်မတော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြည့်ထားရှိခဲ့သည်။

သို့သော်လည်း နိုင်ငံတော်ကို တပ်မတော်က တာဝန်ယူခဲ့သည့် ကာလအတွင်း ငြိမ်သက်ပြီး ပြင်ဆင်စုစည်းခဲ့သမျှ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးခါစ ယခင်အစိုးရလက်ထက်အစ ၂၀၁၂ တွင်မူ တစ်စခန်းပြန်ထကာ သောင်းကျန်းခဲ့ကြပြန်သည်။ ထိုစဉ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး မီးလောင်ပျက်စီးမှု များပြားခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ များပြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကောက်ယူသည့် သန်းခေါင်စာရင်းအရ ရခိုင်ဒေသတွင် မွတ်ဆလင်ဦးရေမှာ ၁,၀၅၄,၇၉၀ ဦးထိ ရှိလာခဲ့ပြီး မောင်တောဒေသတွင် လယ်ယာမြေဧက ၈ သိန်းကျော်တွင် ၎င်းတို့ပိုင်ဧကမှာ ၇ သိန်းခွဲကျော် ရှိသည်အထိ ဖြစ်လာခဲ့သည်။ ထိုမှတစ်ဆင့် တက်ကာ ယခင်နှစ်အစိုးရသစ် တက်လာပြီးခါစ ၆ လအလွန်၌ ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့ပြီး ၎င်းတို့အရေးကို ကမ္ဘာသို့ ချပြပြီး သင့်တော်ကောင်းမွန်သည့် နည်းလမ်းများကို စတင်ရှာဖွေချိန်တွင် ၎င်းတို့အနေနှင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မောင်တောဒေသရှိ နယ်ခြားစောင့် တပ်ရင်းများနှင့် ကင်းစခန်းများကို စီးနင်းပြီး လက်နက်ခဲယမ်းများ အတော်များများ ယူဆောင်သွားခဲ့ကြသည်အထိ တစ်ဆင့်ချင်းတိုးကာ အစိုးရကိုပင် ပြန်လည်တိုက်ခိုက်လာခဲ့ကြသည်အထိ ဖြစ်ခဲ့သည်။ ထိုစဉ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသေးသည်။

ထိုဖြစ်စဉ်များအလွန် တစ်နှစ်အကြာ ယခင်သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ၎င်းတို့အနေနှင့် အကြမ်းဖက်တိုက်ခိုက် လူသတ်ဖျက်ဆီးခြင်း၊ နယ်မြေလုခြင်းများကို လက်ရဲဇက်ရဲဖြင့် ဆောင်ရွက်လာခဲ့ကြသည်ကိုလည်း အားလုံးသိကြပြီးဖြစ်ရာ ထိုဘင်္ဂါလီတို့၏ သမိုင်းကြောင်းကို သိရှိအောင် လေ့လာထားကြပြီး သတိကြီးစွာထား၍ စောင့်ကြည့်နေသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သန်းဖြိုးနိုင်



FOLLOW US