News

POST TAGGED AS

ရခိုင်အမျိုးသားကောင်စီ

ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသားကောင်စီ ထိပ်ပိုင်းခေါင်းဆောင်ကို အမြန်ဆုံးလွှတ်ပေးရေး တောင်းဆို
စစ်တွေ၊ ဖေဖော်ဝါရီ ၂၈

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် သံသယရှိသဖြင့် ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာနတာဝန်ခံ ဦးနိုင်စိုးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ရခိုင်အမျိုးသားကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်က တောင်းဆိုထားသည်။ 

ဖေဖော်ဝါရီလ ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ အိမ်၊ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့နှင့် ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် ချိန်ကိုက်မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက ဦးနိုင်စိုးကို ဖမ်းဝရမ်းမပါရှိဘဲ စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပေါက်ကွဲမှုဖြစ်စဉ်တွင် ရခိုင်အမျိုးသား ကောင်စီအနေနှင့်ဖြစ်စေ၊ အဖွဲ့ဝင်များအနေနှင့်ဖြစ်စေ ပါဝင်ပတ်သက်မှု မရှိကြောင်း၊ ၎င်းကို ဖမ်းဆီးပြီး ကြီးလေးသော ပုဒ်မဖြင့် ချုပ်ရက်ရမန်ယူ ထိန်းသိမ်းခြင်းမှာ ဓားစာခံ တရားခံအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဦးနိုင်စိုးသည် ၂၀၀၉ ခုနှစ်က အကြမ်းဖက်ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း လေးနှစ်ခွဲဖြင့် ပြန်လည်လွတ်မြောက်လာပြီး ယခုအချိန်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက ဆိုကြသည်။

“အစိုးရရဲ့ လုပ်ဆောင်တာဟာ မတရားဘူးဆိုတာ သိသာနေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေတဲ့ သူတစ်ယောက်ကို အခုလိုမျိုးလုပ်တာဟာ မဟုတ်တော့ဘူး။ အစိုးရက တမင်တကာ ဖန်တီးပြီးတော့ လုပ်တာလို့မြင်တယ်”ဟု ဦးနိုင်စိုး၏ ညီဖြစ်သူ ရဲပိုင်စိုးက ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရခိုင်အမျိုးသားကောင်စီမှ ကိုယ်စားလှယ်တစ်ဦးအနေနှင့် ပါဝင်ဆောင်ရွက်နေသူကို မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းမှာ လက်ရှိအစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေကြောင်း ရခိုင်အမျိုးသားကောင်စီက ထုတ်ပြန်သည်။ 

ဦးနိုင်စိုးပါ လေးဦးတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်က မြို့နယ်တရားရုံးသို့ ရုံးထုတ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က) (ဈ) တို့ဖြင့် ဆက်လက်စစ်ဆေးရန် မတ်လ ၁၂ နေ့အထိ ချုပ်ရမန်ယူခဲ့ကြောင်း၊ စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းတွင် ၎င်းလေးဦးအပြင် သံသယရှိသည်ဟု ယူဆကာ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူ သုံးဦးထပ်တိုးလာကြောင်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။ 

R-22




FOLLOW US