News

POST TAGGED AS

ရခိုင်အမျိုးသားကောင်စီ

ရခိုင်ပြည်နယ်တွင် သတင်းရယူခွင့် ကန့်သတ်မှုနှင့်ပတ်သက်၍ အစိုးရကို ရိုက်တာသတင်းထောက် ဝေဖန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို အောက်ခြေအထိ သတင်းယူခွင့်မရပါက အစိုးရအနေနှင့် ပဋိပက္ခ ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ရိုက်တာသတင်းထောက် ကိုဝလုံး (ခ)ကိုသက်ဦးမောင်က ပြောကြားသည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ယောက်အမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည့် ရုံးချိန်းတွင် ၎င်းက ပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို သတင်းအမှန်ရေးသားဖော်ထုတ်ခွင့် မရတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ပဋိပက္ခဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ သတင်းအမှန်ကို အစိုးရကရရှိမှု အားနည်းနေတယ်။ လက်ရှိ မီဒီယာသမားတွေ မဖော်ထုတ်ရင် မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အခုအကျဉ်းထောင်ထဲမှာ အချိန်ဖြုန်းပြီး တရားရင်ဆိုင်နေရတယ်”ဟု ၎င်းကဆိုသည်။ 

ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ဆောင်းရိပ်မွန် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဌေးဌေးမြင့်နှင့် သတင်းထောက်ဖမ်းဆီးခဲ့စဉ်က ပါဝင်ခဲ့သည့် ရာအိမ်မှူး ဦးကျော်ရှိန်ကို စစ်ဆေးခဲ့ရာတွင် ကွဲလွဲမှုတွေ့ရှိခဲ့သည်ဟု သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“အရင်သက်သေနဲ့ ကွဲလွဲချက်တွေ တွေ့တယ်။ ဦးကျော်ရှိန်ကိုစစ်တော့ သတင်းထောက်တွေကို ဖမ်းတုန်းက အရပ်ဝတ်ရဲ ၁၀ ယောက်လောက်ပါတယ်။ ဖမ်းဆီးရေးအဖွဲ့က ဒုတပ်ကြပ်နိုင်လင်းကို စာရွက်စာတမ်းတွေ ပေးခဲ့တယ်။ ဘယ်အချိန် ဖမ်းမယ်ဆိုတာကို ဘယ်အချိန်မှာဖမ်းမယ်၊ ဘယ်အချိန်ထွက်မယ် သိထားတယ်။ ဒုတပ်ကြပ် နိုင်လင်းနဲ့ပတ်သက်ပြီး ထွက်တာဆိုလို့ ဒီသက်သေတစ်ယောက်ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။

ထိုအပြင် ရာအိမ်မှူး ဦးကျော်ရှိန်ကို စစ်ဆေးရာတွင် ဖမ်းဆီးခဲ့သည့်နေရာများကို လက်ဝါးပြင်တွင် ရေးသားထားခြင်းသည် ရှေ့သက်သေများ ထွက်ဆိုသူများနှင့် တူအောင်ထွက်ဆိုရန် ပြင်ဆင်လာသည်ဟု ယူဆကြောင်း ၎င်းက ပြောကြားသည်။

အင်းဒင်ရွာသား ၁၀ ဦး သတ်ခံရသည့်သတင်းက လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ တရားဥပဒေစိုးမိုးမှု မရှိသည့်ဖြစ်ရပ်ကို သက်သေယူမိသောကြောင့် ယခုကဲ့သို့ ထောင်ထဲရောက်ခဲ့ရသည်ဟု ရုံးချိန်းအပြီးတွင် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ပြောကြားသည်။

“အင်းဒင် သတင်းကို လိုက်ခဲ့တယ်။ ကျွန်တော်တို့ ထောင်ထဲရောက်မှ လက်ရှိအစိုးရက ဒီသတင်းကို ထုတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်မီဒီယာတွေကြောင့် တရားစိုးမိုးမှုမရှိတဲ့ဖြစ်ရပ်ကို ဖော်ထုတ်လိုက်တယ်လို့ ခုချိန်ထိ မပြောသေးဘူး။ ကျွန်တော်တို့ သတင်းသမားကို အလေးမထားတာလား၊ ဖိနှိပ်တာလား။ သူတို့ပြောတဲ့ မီဒီယာအခြေအနေ လူ့အခွင့်အရေး ချိုးဖောက်မှုကို သက်သေယူတာပါလို့ ပြောတယ်။ ကျွန်တော်တို့ သက်သေသွားယူတာ ကျွန်တော်တို့ ထောင်ထဲ ရောက်သွားတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ကျွန်တော်တို့ရခဲ့တဲ့ အချက်အလက် ရခဲ့တာ အဲဒါပဲ”ဟု ၎င်းကဆိုသည်။

လာမည့်ရုံးချိန်းကို မတ်လ ၇ ရက် သို့ ထပ်မံ ချိန်းဆိုလိုက်သည်။

ဖမ်းဆီးခံရသည့်ရိုက်တာ သတင်းထောက် သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင် အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက် ညနေ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူထားခြင်းဖြစ်သည်။  

J-18



FOLLOW US