News

POST TAGGED AS

ယူကရိန်း

ရန်ကုန်မြို့ တားမြစ်နယ်မြေပေါ် ပျံသန်းခဲ့သည့် Emirates လေကြောင်းလိုင်းမှ လေယာဉ်နှင့်ပတ်သက်၍ အစိုးရစစ်ဆေး
ရန်ကုန်၊ မေ ၂၁

ရန်ကုန်မြို့၏ တားမြစ်နယ်မြေများဖြစ်သည့် မြို့တွင်းမြို့နယ်များအပေါ်သို့ မေလ ၂၀ ရက်ညပိုင်းက ခပ်နိမ့်နိမ့်ပျံသန်းခဲ့သည့် Emirates လေကြောင်းလိုင်းမှ ဘိုရင်း 777EK 3HER လေယာဉ်၏ သတင်းပို့ချက်များကို စစ်ဆေးစုံစမ်းနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ဘာကြောင့် တားမြစ်နယ်မြေမှာ ပျံသန်းလဲဆိုတာကတော့ ရေဒါမှာပေါ်တဲ့ ဒေတာတွေကို ပြန်လည်သုံးသပ်နေတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ ပြောဖို့စောနေသေးတယ်။ လက်ရှိမှာတော့ နည်းပညာပိုင်းဆိုင်ရာအရ လေကြောင်းနဲ့ပတ်သက်တဲ့ သတင်းပို့ချက်တွေကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်”ဟု လေကြောင်း လမ်းညွှန်ထိန်းသိမ်းရေး စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ဆိုသည်။

ရန်ကုန်မြို့လယ် ကောင်းကင်မှ ဖြတ်သန်းသွားသော လေယာဉ်မှာ ဒူဘိုင်းအခြေစိုက် အာရပ် Emirates လေကြောင်းလိုင်းမှ ဘိုရင်း 777EK 3HER အမျိုးအစားဖြစ်ကာ ရန်ကုန်မှ ဖနွမ်းပင်ခရီးစဉ် လမ်းကြောင်းသို့ ပျံသန်းပြေးဆွဲသည့် လေယာဉ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မေလ ၂၀ ရက်ညပိုင်းက ရာသီဥတုအခြေအနေ ဆိုးရွားသဖြင့် မိုးတိမ်တောင်များဖြစ်နိုင်သောကြောင့် ယင်းအခြေအနေကို ရှောင်ရှားလိုသောကြောင့် လေကြောင်းလိုင်းများမှ လေယာဉ်များသည် လေကြောင်းထိန်းမျှော်စင်ကို အချက်ပြသတင်းပို့ကာ လမ်းကြောင်းပြောင်း မောင်းနှင်ရလေ့ရှိကြောင်း၊ တားမြစ်ဧရိယာများတွင် ဖြတ်သန်းမောင်းနှင်ခဲ့မိပါက သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ အကြောင်းကြား၍ ဖြစ်ရပ်များအပေါ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံ အဝေးထိန်းလေယာဉ် တည်ဆောက်ပျံသန်းသူများကလပ် (ရန်ကုန်) ဥက္ကဋ္ဌ ဦးဝင်းနိုင်ထံမှသိရသည်။

“ဒီဖြစ်ရပ်ကိုတော့ ရာသီဥတုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောလို့ရတယ်။ တားမြစ်နယ်မြေမှာ ဖြတ်သန်းပျံသန်းတဲ့အတွက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေတော့ လုပ်မှာပါ”ဟု လေကြောင်းကျွမ်းကျင်သူတစ်ဦးဖြစ်သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော လေကြောင်းစောင့်ကြည့်သည့် ရေဒါစက်များသည် နည်းပညာပိုင်းအရ ပျံသန်းသွားသည့်လေယာဉ်များမှ သတင်းပေးပို့မှသာ ဖမ်းယူနိုင်ကြောင်း၊ မြန်မာ့ပိုင်နက်အတွင်း ပျံသန်းသွားသည့် လေယာဉ်တိုင်းကို မြေပြင်မှတစ်ဆင့် တိုက်ရိုက်ဖမ်းယူစောင့်ကြည့်နိုင်သည့် အဆင့်မြင့်ရေဒါစက် ( Primary radar) စက်များကို ယခုနှစ်အတွင်း ပြောင်းလဲတပ်ဆင်ရန် စီစဉ်ထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးသန့်စင်မောင်က ပြောကြားထားသည်။  

J-14



FOLLOW US