News

POST TAGGED AS

ယာဉ်

ဇွန်လတွင်ပြေးဆွဲမည့် ကျောင်းကြို/ပို့ယာဉ်အားလုံး ဘယ်မောင်းအဖြစ် သတ်မှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ရန်ကုန်တိုင်းအတွင်း ကျောင်း ကြို/ပို့ယာဉ်အားလုံး ဘယ်မောင်းဖြစ်ရမည်ဟု အစိုးရက သတ်မှတ်လိုက်ပြီး ဇွန်လမှစ၍ အချက် ၁၂ ချက် ကိုက်ညီမှသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ 

၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် ကျောင်း ကြို/ပို့ ယာဉ်အဖြစ် ပြေးဆွဲမည့် ယာဉ်များသည် လူ ၁၀ ယောက်နှင့်အထက် ဘယ်မောင်းယာဉ်များသာ ဖြစ်ရမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

“ကျောင်း ကြို/ပို့ယာဉ်အဖြစ် ပြေးမယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေ ယာဉ်အန္တရာယ် လုံခြုံစိတ်ချစေဖို့ ဒီစည်းကမ်းချက်ကို သတ်မှတ်ခဲ့တာပါ။ သတ်မှတ်ချက်ကို လိုက်နာမယ့်ယာဉ်ပဲ ပြေးဆွဲခွင့်ရမှာပါ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ကျောင်းကားစနစ်တွင် ပါဝင်ပြေးဆွဲလိုသည့် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များအနေနှင့် ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus, Mini Bus,  Bus ယာဉ်များဖြစ်ရမည်ဖြစ်ကြောင်း YRTA အဖွဲ့ထံမှ ဆက်လက်သိရသည်။

အများပိုင် ကျောင်းကားစနစ်ဖြင့် ပြေးဆွဲရသည့် ရည်ရွယ်ချက်မှာ ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန်၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရန်ဖြစ်ပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်း ကြို/ပို့ ပြုလုပ်နေခြင်းကိုပါ လျော့ကျမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ဘယ်လိုအချက်တွေရှိမှ ပြေးဆွဲခွင့်ရှိမယ် ဆိုတာကို အစကတည်းက ပြောနေတာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၁၂ ချက်နဲ့ မကိုက်ညီရင်တော့ ခွင့်မပြုဘူး”ဟု ၎င်းကဆိုသည်။

ကျောင်းကား ကြို/ပို့လုပ်ငန်းကို တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် Royal Golden Hand အများပိုင်ကုမ္ပဏီက လူ ၂၈ ဦးဆံ့ ကျောင်းကား ၂၀၀ ဖြင့် ဇွန်လ ၁ ရက်မှစ၍ ကနဦး အ.ထ.က (၁)ဒဂုံ၊ ကမာရွတ် အ.ထ.က (၁) နှင့် TTC ကျောင်းတို့ကို ဦးစားပေး ပြေးဆွဲမည်ဖြစ်ပြီး ယင်းနောက် ကျောင်းပေါင်း ၂၂ ကျောင်းကို ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကျောင်းကြို/ပို့ယာဉ်အဖြစ် လက်ရှိ ပြေးဆွဲနေသည့် ယာဉ်များမှာ ဂျပန်နိုင်ငံထုတ် ညာမောင်းကား အများဆုံးဖြစ်ပြီး လက်ရှိ သတ်မှတ်လိုက်သည့် ဘယ်မောင်းယာဉ်များမှာ ကိုရီးယား၊ တရုတ်နိုင်ငံထုတ် ယာဉ်များဖြစ်သဖြင့် ယာဉ်အသစ် ထပ်မံ ဝယ်ယူမှသာ ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း ပုဂ္ဂလိကကျောင်း ကြို/ပို့ ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

“လိုက်ထရပ်တွေ လဲလိုက်တော့ဆိုလို့ ကားပြောင်းထားတာ တချို့ဆို အကြွေးတောင် မကျေသေးဘူး။ အခု ထပ်ပြီး ဘယ်မောင်းဆိုတော့ ကားတစ်စီးက သိန်း ၁၀၀ အထက်မှာ ရှိတာလေ။ သူတို့ အစိုးရကားတွေကို ဝယ်ခိုင်းနေတာလား။ ဘယ်လိုသဘောလဲ။ ကျန်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပါ။ အခုက ငွေလိုက် မမီတော့ဘူး”ဟု အ.ထ.က (၁) ဒဂုံ ကျောင်းပို့နေသည့် ယာဉ်ပိုင်ရှင်တစ်ဦးကဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများအတွက် လုံခြုံမှုပေးနိုင်သည့် ကျောင်းကားဖြစ်ပါက ကြို/ပို့ ယာဉ်အဖြစ် ပြေးဆွဲခွင့် ပြုစေလိုပြီး စည်းကမ်းချက်နှင့် ညီသော်လည်း ညာမောင်းယာဉ်များကို အချိန် အတိုင်းအတာ တစ်ခုအထိ ပြေးဆွဲခွင့်ပြုစေလိုကြောင်း ကျောင်းကားယာဉ်ပိုင်ရှင်များက ပြောကြားသည်။

ကျောင်းကားစနစ်ဖြင့် ကျောင်း ကြို/ပို့လုပ်ခြင်းနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က တစ်စုံတစ်ရာ ညွှန်ကြားချက် မထုတ်ပြန်သေးကြောင်း အ.ထ.က (၁) ဒဂုံကျောင်းအုပ် ဦးချစ်ထွန်းက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ကျောင်းပေါင်း ၂၂ ကျောင်းတွင် ယာဉ်စီးရေ ၁၉၀၀ စီးခန့်ဖြင့် ကျောင်းကြို/ပို့ ပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်း၌ အစိုးရက ဖွင့်ထားသည့် စာသင်ကျောင်းများမှာ အထက်တန်း ၂၃၄ ကျောင်း၊ အလယ်တန်း ၂၈၉ ကျောင်း၊ မူလတန်း ၂၂၁၇ ကျောင်းရှိသည်။

J-06



FOLLOW US