News

POST TAGGED AS

ယာဉ်

21-Jan-2018

ရန်ကုန် ယာဉ်
ရန်ကုန်လေဆိပ်-ဆူးလေ အမြန်ယာဉ်လိုင်း ပထမဆုံးပြေးမည်
ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်လေဆိပ်-ဆူးလေ (မြို့တော်ခန်းမ) ပထမဆုံး အမြန်ယာဉ်လိုင်းကို YBS ယာဉ်လိုင်းတစ်ခုအနေနှင့် ဖေဖော်ဝါရီလတွင် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“အမြန်ယာဉ်လိုင်းပုံစံမျိုး ယာဉ်လိုင်းပြေးဆွဲဖို့ကို ခွင့်ပြုချက်ချပေးလိုက်ပါပြီ၊ YBS ဆိုပေမယ့် တခြားယာဉ်လိုင်းတွေအတွက်လည်း အခက်အခဲ အနှောင့်အယှက် မဖြစ်အောင် မှတ်တိုင်တိုင်း မရပ်ဘူး”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါအမြန်ယာဉ်လိုင်းသည် ကမ္ဘာအေးဘုရားလမ်းကြောင်းရှိ မှတ်တိုင် ၁၇ ခုကို ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲရန် လျာထားကြောင်း Omni Focus ကုမ္ပဏီ ပို့ဆောင်ရေးမန်နေဂျာ ဦးစန်းယုက ပြောကြားသည်။

“ခွင့်ပြုချက်ကျတယ်ဆိုပေမယ့် ကုမ္ပဏီကလျာထားတဲ့ မှတ်တိုင်တွေကို YRTA ကို တင်ပြထားတယ်။ အရေအတွက် ဘယ်လောက်ပဲ ခွင့်ပြုမယ်ဆိုတာ မသိရသေးဘူး။ ဖေဖော်ဝါရီလထဲမှာ စဆွဲနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

အမြန်ယာဉ်လိုင်းအဖြစ် ပြေးဆွဲရန် လက်ရှိတွင် ယာဉ်များကို စတစ်ကာများကပ်နေပြီး ဂိတ်ဝန်ထမ်းများ၊ ယာဉ်မောင်းများ ခန့်အပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Omni Focus ကုမ္ပဏီသည် YBS ယာဉ်လိုင်း၂၀၊ ၂၇၊ ၈၃၊ ၈၅၊ ၅၆ တို့ကို ပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ယာဉ်လိုင်း အသစ်တိုးချဲ့ပြေးဆွဲရန်လည်း ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06



FOLLOW US