News

POST TAGGED AS

ယာဉ်ကြော

ရန်ကုန်လမ်းဆုံအချို့ ဘယ်ကွေ့ကြော နှစ်ခုထားမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများ လျော့ကျရန် လမ်းဆုံအချို့ကို ဒီဇိုင်းအသစ်ရေးဆွဲလျက်ရှိပြီး လိုအပ်သည့် လမ်းဆုံများတွင် ဘယ်ကွေ့ကြောနှစ်ခု ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

"လမ်းဆုံတွေကို Review  ပြန်လုပ်ပြီး ဒီဇိုင်းအသစ်ဆွဲနေတယ်။ အခုလုပ်တာ ပြည်သူတွေရဲ့တုံ့ပြန်မှုကို သိချင်လို့ အရင်စမ်းသပ်ခဲ့တာ။ တုံ့ပြန်မှုက ကောင်းပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။

လက်ရှိတွင် လမ်းဆုံခြောက်ခုကို ဘယ်ကွေ့ကြောထပ်မံထားရှိကာ စမ်းသပ်လုပ်ကိုင်လျက်ရှိပြီး တစ်ဆက်တည်းအနေနှင့် ရန်ကုန်မြို့ရှိ လိုအပ်သည့် လမ်းဆုံများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နိုဝင်ဘာလက မင်းဓမ္မလမ်းနှင့် ပြည်လမ်း၊ လေဆိပ်လမ်းနှင့်ပြည်လမ်း၊ ပါရမီလမ်းနှင့်ပြည်လမ်း၊ အင်းလျားလမ်းနှင့် ပြည်လမ်း၊ လှည်းတန်း၊ ပါရမီနှင့် ကမ္ဘာအေးဘုရားလမ်းဆုံတို့ကို ဘယ်ကွေ့နှစ်ကြောအဖြစ် စမ်းသပ်လျက်ရှိသည်။

"တစ်မြို့လုံးရဲ့ လမ်းဆုံတွေကို ပြန်လုပ်မှာဆိုတော့ ပြီးမယ့်အချိန်ကို ခန့်မှန်းလို့ မရသေးဘူး။ ယာဉ်ကြောအကျပ်ဆုံးနေရာတွေကို အဓိက ဖြေရှင်းသွားမယ်" ဟု ၎င်းက ဆိုသည်။

လမ်းဆုံများတွင် ဘယ်ကွေ့ကြော ထပ်မံထားရှိပေးခြင်းနှင့် မီးပွိုင့်မရှိသည့် လမ်းဆုံများကို မီးပွိုင့်တပ်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ယာဉ်ကြောရှင်းလင်းရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို လေ့လာကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တော်အတွင်း လမ်းဆုံ ၄၀၀ ကျော်ရှိပြီး ဒီဇင်ဘာလ ၁၂ ရက်က ပါရမီနှင့်ပြည်လမ်းဆုံ(AD လမ်းဆုံ)၊ ပါရမီနှင့် ကမ္ဘာအေးဘုရားလမ်းဆုံ (ချော်တွင်းကုန်း လမ်းဆုံ)တို့တွင် ဘယ်ကွေ့ကြော ထပ်တိုးသတ်မှတ်ခဲ့သည်။
J-06




FOLLOW US