News

POST TAGGED AS

ယာဉ်လိုင်း

မော်လမြိုင် ဘူတာကြီးတွင် ခရီးသည် ၃၅၀ ခန့်သောင်တင်
မော်လမြိုင်၊ ဇူလိုင် ၂၉

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ရထားလမ်း ပျက်စီးနေသည့်အတွက် မော်လမြိုင်- ရန်ကုန် ရထားကို လိုက်ပါစီးနင်းမည့် ခရီးသည် ၃၅၀ ခန့် မော်လမြိုင် ဘူတာကြီးတွင် သောင်တင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“မနေ့တုန်းက ကျွန်တော်ရောက်သွားတော့ ၂၀၀ လောက်ပဲ ရှိသေးတယ်၊ လိုအပ်တာတွေကိုတော့ ကျွန်တော်တို့ စီမံပေးပါတယ်၊ အဓိက ကျန်းမာရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ စားဖို့သောက်ဖို့အတွက်ကိုတော့ အဲဒီအရှေ့မှာပဲ တက္ကစီအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေ လှူဒါန်းတဲ့ စေတနာရှင်တွေရဲ့ အလှူတွေနဲ့ စားဖို့သောက်ဖို့က လတ်တလော ကာလတိုအတွက် အဆင်ပြေနေပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဘူတာတွင် သောင်တင်နေသော ခရီးသည်အများစုမှာ ရန်ကုန်၊ ပဲခူးတိုင်းတို့မှ ရွှေ့ပြောင်း အလုပ်သမား အများစု ပါဝင်ကြောင်း၊ ၎င်းတို့မှာ မွန်ပြည်နယ်တွင် လာရောက်လုပ်ကိုင်ကြပြီး မိုးတွင်း အလုပ်သိမ်းချိန် နေရပ်ပြန်ကြမည့် အလုပ်သမားများဖြစ်ကြောင်း၊ ရထားဘူတာသို့ အဝေးပြေးကားဝင်းမှ ခရီးသည်များလည်း လာရောက် တည်းခိုနေကြကြောင်း ၎င်းကရှင်းပြသည်။

“လက်ရှိက ကားတွေလည်း မထွက်တော့ ရထားဘူတာမှာ လာခိုလှုံတာလည်း ပါပါတယ်၊ ခရီးသွားတွေဆိုတော့ စောင်၊ ဖျာ၊ ခေါင်းအုံးတွေက မရှိတော့ လာလှူတဲ့လူတွေရှိပါတယ်၊ ရထားလမ်းက ရေကြီးလို့ တချို့နေရာ တံတားကျိုးနေတဲ့အတွက် ရေကျရင် ဒီလူတွေကိုလည်း ကားတွေနဲ့ ရန်ကုန်အထိ ပို့ပေးနိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဘူတာကြီးတွင် သောင်တင်နေသော ခရီးသည်များ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ အကူအညီပေးနေကြောင်း၊ မွန်ပြည်နယ်တွင် ရေများကျဆင်းပြီး ကားသွားလာ၍ရပါက မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက ကားများဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပျက်စီးသွားသည့် ရထားလမ်းပိုင်းများ ရေကျသည်နှင့် အမြန်ပြန်လည် ပြုပြင်နိုင်ရန် ကျောက်များနှင့် ဇလီဖားတုံး ၆၀၀ကို မော်လမြိုင်ဘက်ခြမ်းမှ သယ်ယူသွားပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

လတ်တလောတွင် မွန်ပြည်နယ် ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရထားလမ်း၊ ကားလမ်းများကို သွားလာရေး ခေတ္တ ပိတ်ထားသည့်အတွက် ခရီးသွားများအနေနှင့် မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ် တစ်ခုကိုသာ အသုံးပြု၍ရကြောင်း၊ မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းကိုလည်း ခေါက်ရေထပ်တိုးကာ ပြေးဆွဲပေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ ထုတ်ပြန်သည်။ 

R-21



FOLLOW US