News

POST TAGGED AS

ယာဉ်လိုင်း

18-Jul-2018

ယာဉ်လိုင်း YBS
YBS ၂၁ ယာဉ်လိုင်းမှ ယာဉ်စီးရေ ၃၀ ကျော် ဝင်ငွေနည်း၍ ကုမ္ပဏီပြောင်း
ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်မြို့တွင်း ယာဉ်စီးရေ ၈၃ စီးဖြင့် ပြေးဆွဲနေသောYBS ၂၁ ခရီးသည် တင်ယာဉ်လိုင်းမှ ယာဉ်စီးရေ ၃၀ ကျော်သည် ဝင်ငွေနည်းသဖြင့် Power Eleven ကုမ္ပဏီအုပ်ချုပ်မှုအောက်မှ ခေတ်သစ် ဘုရင့်နောင်ယာဉ်လိုင်း ကုမ္ပဏီအောက်သို့ ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

Power Eleven ကုမ္ပဏီလက်အောက်ရှိ ယာဉ်ပိုင်ရှင် ၂၀ ကျော်အနက် ၁၇ ဦးသည် ခေတ်သစ်ဘုရင့်နောင် ယာဉ်လိုင်းကုမ္ပဏီအောက်တွင် ပြောင်းလဲပြေးဆွဲရန် YRTA ကို တင်ပြထားပြီးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“စီမံခန့်ခွဲမှု ဘယ်လောက်ကောင်းတဲ့ ကုမ္ပဏီဖြစ်နေပါစေ အဓိက ဝင်ငွေကျတယ်။ ငွေစာရင်းရှင်းတမ်းက တစ်လတစ်လကို ကိုယ်မသိတဲ့စာရင်းတွေ တင်ပြမှုတွေ ပါလာတယ်။ ဒါကြောင့် ကုမ္ပဏီပြောင်းမှာ ဖြစ်တယ်”ဟု လက်ရှိ Power Eleven ကုမ္ပဏီအောက်ရှိ ယာဉ်ပိုင်ရှင် ဦးကိုကိုမောင်က ဆိုသည်။

လစဉ်စာရင်းရှင်းတမ်းတွင် ပြင်ပ စက်ပစ္စည်းဝယ်ယူစရိတ်၊ ယာဉ်လုပ်သား ရက်မှန်ကြေး၊ ယာဉ်မောင်းကြေး၊ အလှူစရိတ်၊ ယာဉ်ပြင်ဆင်စရိတ် စသည်တို့ပါဝင်ပြီး တစ်လကုန်ကျစရိတ်မှာ သိန်းရာချီစာရင်းရှိနေကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်ပိုင်ရှင်တစ်ဦးသည် ယာဉ်စတင်ပြေးဆွဲစဉ်က လအနည်းငယ်သာ ဝင်ငွေ ၈ သိန်းနီးပါးရရှိခဲ့သော်လည်း ယခုအခါ တစ်လလျှင် ကျပ်တစ်သိန်းခုနစ်သောင်းခန့်သာ ရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ကုမ္ပဏီပြောင်းဖို့က တင်ပြထားပြီးသား။ ပြောင်းခြင်း၊ မပြောင်းခြင်းကတော့ YRTA နဲ့ပဲ ဆိုင်မယ်။ ယာဉ်ပိုင်ရှင်တွေက စီးပွားရေးအရ ဝင်ငွေနည်းတယ်ထင်လို့ တစ်ဖက်က ပိုကောင်းမယ်ထင်လို့ ပြောင်းတယ်လို့ သိရတယ်”ဟု Power Eleven ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးတရုတ်လေးက ဆိုသည်။

YBS ၂၁ ယာဉ်လိုင်းကို Power Eleven ကုမ္ပဏီက ယာဉ်စီးရေး ၈၃ စီးနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီက ယာဉ်စီးရေ ၁၅၀ စီးခန့်ဖြင့် နံပါတ်တူ၊ လိုင်းတူ ပြေးဆွဲနေခြင်းဖြစ်သည်။

J-06



FOLLOW US